
မနက် မိုးလင်းလင်းချင်း ဆောင်းပါးတစ်ပုဒ် ကို ဖတ်လိုက်တယ်ဆိုရင်ပဲ ဆေးရုံ ပိတ်ရက်တွေမှာ မိဘမဲ့ကျောင်းက ၅ နှစ်သားအရွယ် ကလေး ၂ ယောက်နဲ့အတူ တန်ဇနီးယားနိုင်ငံ(Tanzania) တောင်ပိုင်းက တောရွာလေးမှာရှိတဲ့ အီကွန်ဒါ (Ikonda) လို့ ခေါ်တဲ့ ဆေးရုံတ၀ိုက်က ရွာတွေဆီကို လမ်းလျှောက်ဖြစ်ခဲ့တဲ့ လုပ်အားပေး ဆရာဝန်ဘ၀ကို ကျွန်မ သတိရလိုက်မိပါတယ်။လမ်းလျှောက်ပြီးလို့ ဆေးရုံရှိတဲ့ တောင်ပေါ်ပြန်တက်ရင်း မောမောပန်းပန်းဖြစ်လာတဲ့အခါ သားတို့ ဘာသောက်မလဲလို့ မေးလိုက်တိုင်း “ဆိုဒါ သောက်မယ် ဆရာမ” ဆိုတဲ့ စကားသာ သူတို့ဆီက ကြားရမြဲပဲလေ။
Coca, fantasy, sprite စတဲ့ ဆိုဒါမျိုးစုံ ဆိုတာက မြန်မာကျပ်ငွေနဲ့ ၂၅၀ လောက်သာ တန်ဖိုး ရှိတာမို့ ရွာနေလူတန်းစား အတွက် မနက် နေ့လည် ညနေ အချိန်မရွေးသောက်တတ်တဲ့ အကျင့်ကလေး ဖြစ်နေတာ မဟုတ်လား။
ရွာအစွန်က ကုန်စုံဆိုင်ကလေးမှာ အသက် ၈၀ကျော် ဆိုင်ရှင် အဖွားအို ဆန်ဂါ(Sanga) နဲ့အတူ လေးယောက်သား ဆိုဒါထိုင်သောက်ဖြစ်တဲ့အခါ အရွယ်ငယ်ပေမယ့် ဆိုဒါ ၂ လုံးလောက်ကို တထိုင်တည်း သောက်နိုင်တဲ့ ကလေးတွေကို ကြည့်ရင်း ဒီရွာကို ရောက်ခါစ ရက်တွေမှာ ကျွန်မ အံ့သြခဲ့ရတာပဲလေ။ ခုတော့ ဒီလိုအမှတ်တရတွေကပဲ အဖွားအိုဆီကို စာတစ်စောင်ရေးရင်း ကျွန်မ အာဖရိကကို တမ်းတမ်းတတ လွမ်းမိပါရဲ့။
အဖွားဆန်ဂါရှင့်…
အဖွားနဲ့ သားတို့ ညီအကို နှစ်ယောက်ကို ကျွန်မ သတိတရနဲ့ စာရေးလိုက်ပါတယ်။
အီကွန်ဒါမှာ ခုဆို မိုးတွေရွာလို့ နေရောပေါ့နော်။ အဖွားရဲ့ဆိုင်ခန်းလေးရော အရင်လို မိုးယိုတုန်းပဲလားဟင်။ ကျွန်မလည်း မိုးမကျခင် ရွာက ထွက်ဖြစ်ခဲ့လိုက်တာ့ ဒီနှစ် အဖွားဆိုင်ကလေး အမိုး မိုးဖြစ်လား ဆိုတာတောင် လာမကြည့်နိုင်ခဲ့ဘူးလေ။
ကျွန်မ အာရှကို ပြန်ခဲ့ပေမယ့် သားတို့နဲ့ အတူ ရွာထဲကို လမ်းလျှောက် ထွက်ခဲ့တာတွေ၊ အဖွား ဆိုင်မှာ ဆိုဒါ အတူ ထိုင်သောက်ခဲ့တာတွေအမြဲသတိရနေတုန်းပဲ။
အဖွားရေ.. ဒါနဲ့ အဖွားကို ပြောပြချင်တာလေးလည်း တစ်ခုရှိလို့ စာရေးလိုက်တာလေ။ အချိုဓာတ်ပါတဲ့ ဖျော်ရည်တွေဟာ နှလုံးရောဂါဖြစ်ပွားမှုကို ၂၀ % ထိ မြင့်တက်စေတယ်လို့ မတ်လ ၁၂ ရက်နေ့က ကျန်းမာရေး စာစောင်မှာ ကျွန်မ
ဖတ်လိုက်ရတယ် သိလား။ အဲဒီသုတေသနကို အသက် အရွယ် လူနေမှုစရိုက်အားလုံးကို တန်းညှိပြီး စကာတင်ထားတဲ့ နှလုံးရောဂါရှင်ပေါင်း သုံးထောင်ကျော်ကို လေ့လာခဲ့ကြတာ ၂၂ နှစ် တောင် ကြာသတဲ့ အဖွားရယ်။
အာဖရိကန် အမေရိကန်နဲ့ ကျွန်မတို့လို အာရှတိုက်သားတွေမှာ အချိုရည် သောက်သုံးမှုကြောင့် ဆီချိုရောဂါ ဖြစ်ပွားနိုင်တဲ့နှုန်း များတယ်လို့လည်း သုတေသနတချို့က ဆိုထားသေးတယ်လေ။
ကြည့်စမ်းပါဦးအဖွားရယ်.. ဘယ်လောက်များ အန္တရာယ်ကြီးသလဲဆိုရင် အချိုဓာတ်အသင့်အတင့်ပါတဲ့ ဆိုဒါ တစ်ဗူးကို နေ့တိုင်းသောက်တာနဲ့တင် နှလုံးရောဂါဖြစ်ပွားဖို့ အဆပေါင်း ၂၀ % မြင့်တက်လာနေတာတွေ့နေရတယ်။
ဆိုဒါဆိုတာကလည်း အဖွားရယ် အီကွန်ဒါတင်မဟုတ်ပါဘူး။ ကျွန်မတို့ အာရှမှာရော အမေရိကား အနောက်နိုင်ငံတွေမှာပါ သုံးစွဲနေကြတာမဟုတ်လား။ ဒါကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရော ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ စားသုံးမှု နှုန်းမြင့်တက်လာနေတဲ့ ဆိုဒါသောက်သုံးမှုကို ပြည်သူ့ကျန်းမာရေး ကဏ္ဍမှာ ထည့်သွင့်စဉ်းစားဖို့အရေးကြီးလာပြီလို့ သုတေသနလုပ်နေတဲ့ ဆရာကြီးတွေ က ပြောလာကြပြီလေ။
ရွာမှာဆိုလည်း ခုနောက်ပိုင်း ဆီးချိုရောဂါတွေများလာတယ် မဟုတ်လား။ ဆိုဒါသောက်လို့ ဆီးချိုဖြစ်နိုင်တဲ့ အန္တရာယ်ကိုတော့ ဆေးရုံက ကျန်းမာရေး ပညာပေး အစီအစဉ်ကတဆင့် အဖွားကြားဖူးပြီးဖြစ်မှာပါ။ ဆီချိုမတက်အောင်သုံးတဲ့ သကြားတွေကတော့ ဆိုးကျိုးသိသိသာသာ မပြသေးပေမယ့် အဖွားဆိုင်မှာ
တင်ရောင်းနေတတ်တဲ့ Diet soda တွေကတောင် ပေါင်ချိန်ပိုတတ်တာရယ် အခြားရောဂါတချို့ကို ဖြစ်နိုင်တာတွေအကြောင်း သုတေသနတွေမှာ တွေ့ရတာမို့ နောက်ထပ် စမ်းစစ်ဖို့ လိုအပ်နေသေးတယ်လို့လည်း သိရတယ် အဖွားရဲ့။
ဒါကြောင့်မို့ အဖွားရယ် ဖြစ်နိုင်မယ်ဆိုရင်တော့.. အဖွားနဲ့ Alfred တို့ ညီအကိုအပါအ၀င် ရွာကလူတွေ အတော်များများရော အမြဲတစိုက်မက်မက် သောက်နေကြတဲ့ ဆိုဒါအစား ရေသောက်တာက အသင့်တော်ဆုံး ဖြစ်မှာလို့ ကျွန်မကတော့ တိုက်တွန်းချင်တာပါပဲ။
ရေဆိုလို့ ကြိုသောက်ဖို့တော့ အဖွားမမေ့နဲ့ဦးနော် အီကွန်ဒါမှာ တိုက်ဖွိုက်ရောဂါက အမြဲတမ်းဖြစ်နေတတ်တာ မဟုတ်လား။ ရွာကလက်ဘက်ရည်က အမြဲ အချိုကဲတတ်တာဆိုတော့ ကော်ဖီနဲ့ လက်ဘက်ရည်ကိုလည်း အချိုပေါ့ပေါ့ သောက်ပေါ့ အဖွားရယ်။ အဖွားက သစ်သီးဖျော်ရည် ကြိုက်တတ်တော့ ကျွန်မကို သစ်သီးဖျော်ရည် သောက်ရင်
ရမလားလို့ မေးချင်ဦးမှာ မဟုတ်လား။
တကယ်တော့ အဖွားရယ် သစ်သီးဖျော်ရည်တွေဟာ လတ်ဆတ်တယ်ဆိုပေမယ့် အချိုဓာတ်များတာမို့
ကျွန်မကတော့ အားမပေးချင်ဘူးရယ်။ အဖွား သောက်ချင်သပဆိုရင်တော့ အချိုခပ်ပေါ့ပေါ့လေး ဖျော်သောက်တဲ့အခါ ဆိုဒါတစ်ခွက်ထက်တော့ အများကြီးခံသာမှာပါပဲလေ။
Alfred တို့ ညီအကိုကိုလည်း ကျွန်မစာထဲက အကြောင်းတွေ ပြောပြပေးစေချင်တယ်။ Danny လေးကတော့ ကျန်းမာရေးဆေးခန်းက ပေးတဲ့ ဆေးတွေ ပုံမှန်သောက်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။
ဒီစာကိုဖတ်ရင်းနဲ့ အာရှတိုက် တစ်နေရာက လာတဲ့ ကျွန်မက ဘာလို့များ အာဖရိကကို ချစ်မြတ်နိုးစိတ်နဲ့ နှောင်တွယ် နေရတာလဲလို့ အဖွားတွေးနေဦးမှာလား။ ကျွန်မကိုယ်ထဲမှာလည်း အာဖရိကန်သွေးတွေ စီးဆင်းမနေပါဘူး အဖွားရယ်။
ဒါပေမယ့် ချစ်တတ်ပြီး လူသားချင်းစာနာတဲ့ စိတ်အစဉ်က သံယောဇာဉ်တစ်ခုနဲ့အတူ ကျွန်မ နှလုံးသားမှာ စိုးမိုးနေဆဲပါ။
အဖွားကျန်းမာပါစေ။
သတိရလျှက်
မွန်းသက်ပန် (ဆေး ၁)
မောက္ခ ပညာရေးမဂဇင်း
မတ်လ ၃၁ ရက် ၂၀၁၂ ခုနှစ်
မှီငြမ်း
de Koning L, Malik VS, Kellogg MD et al. Sweetened beverage
consumption, incident coronary heart disease and biomarkers of risk in
men. Circulation 2012..
Monday, April 02, 2012
အာဖရိကသို့ နှောင်မိသောနွယ်
Posted by မွန်းသက်ပန် (ဆေး-၁) at 8:44 AM 0 comments Links to this post
Sunday, October 09, 2011
အားတင်းကြစို့ ညီမလေးရယ်

သူမတို့ သားအမိ အိမ်ကို လာလည်မယ်ဆိုတုန်းက မထူးဆန်းခဲ့ပေမယ့် သူမကိုတွေ့တော့ စိတ်မကောင်းလည်းဖြစ် တထူးတဆန်းနဲ့ ခဏတော့ စိုက်ကြည့်နေခဲ့မိတာ အမှန်။ အရင်ဆို ဘယ်လောက်ပဲ ဒုက္ခတွေဝေနေပါစေ တက်တက်ကြွကြွ နဲ့ အမြဲပြုံးနေတတ်တဲ့ ညီမ ၀မ်းကွဲတော်သူက ခုတော့ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပါရောလား။
တကယ်တော့လည်း စိတ်ကျရောဂါ စွဲကပ်တာ ခံရတာကို ခံစားရတာဟာ လွယ်ကူတဲ့ အခြေအနေတခု မဟုတ်ပါဘူး။ စိတ်ကျတယ်ဆိုတဲ့ အခြေအနေမှာ အလွန်အမင်း စိတ်ဆင်းရဲတာနဲ့ စိတ်ပျက်တာတွေ ပါဝင်ပြီး အသက်အရွယ်မရွေး ဖြစ်နိုင်တဲ့ အခြေအနေ တစ်ခုပါပဲ။ တချို့သူတွေမှာ စိတ်ကျဆင်းတာဟာ သူတို့ဘ၀မှာ တစ်ခါ နှစ်ခါသာ ကြုံရပေမယ့် တချို့သူတွေမှာတော့ ထပ်ခါထပ်ခါ ဖြစ်တတ်တာကို တွေ့ရတတ်တယ် မဟုတ်လား။ စိတ်ကျရောဂါ ဟာ ဆေးဝါးနဲ့ စိတ်အခြေအနေကို တိုးတက် ကောင်းမွန်စေတယ် ဆိုပေမယ့် လုံးဝပျောက်ကင်းဖို့ဆိုတာ အချိန် အတော်လေး ယူရတဲ့ ကိစ္စပါ။ အဲဒါအပြင် စိတ်ကျရောဂါကုထုံးဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုးတွေ ရဲ့ ရန်ကလည်း ရှိသေးတာမို့ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်တယ် ဆိုတဲ့ ဆောင်ပုဒ်ကို ကျမပြန်သတိရမိပြန်တယ်။
စိတ်ကျခြင်းနဲ့ အဓိကပက်သက်နေတဲ့ အချက်ကတော့ စိတ်ဖိစီးမှုလို့ ဆိုနိုင်ပါတယ်။ စိတ်ဖိစီးမှုကို အမြဲတစေ ခံစားရတဲ့သူတွေမှာ စိတ်ကျဖို့ရာ အခွင့်အလမ်း ပိုများပါတယ်။ စိတ်ဖိစီးမှုဟာ စိတ်ကျခြင်းကိုခံစားရတဲ့ အချိန်ကာလကို ကြာမြင့်စေပြီးတော့ စိတ်ကျခြင်းကို ဆိုးရွားစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေခြင်းဟာ စိတ်ကျခြင်းကို ကာကွယ်နိုင်ဖို့ နဲ့ လက်ရှိခံစားနေရတဲ့ စိတ်ကျခြင်းကို အချိန်တိုစေဖို့ ထိရောက်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။
စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေဟာ မထူးဆန်းလှပေမယ့် လူတယောက်ဟာ စိတ်ဖိစီးနိုင်တဲ့ အကြောင်းအရာတွေဖြစ်တဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စတဲ့အဆင်မပြေတာတွေ၊ အကျပ်အတည်းရိုက်မှု တွေနဲ့အတူ မောပန်းနေမယ်၊ အားအင်ကုန်ခမ်းမယ်၊ စိတ်တိုလွယ်မယ်၊ အာရုံစူးစိုက်လို့လည်းမရဘူး၊ အိပ်မပျော်တာ ဒါမှမဟုတ် အရမ်းကို အိပ်ချင်နေတာ၊ ခေါင်းကိုက်တတ်တာ၊ အကြောင်း ပြချက် မခိုင်လုံပဲအမြဲ စိုးရိမ်ပူပန်နေတတ်တာ၊ ဆီးဝမ်း သွေးလေမမှန်တော့တာ၊ ဖျားနာလွယ်တာ စတာတွေပါ ပူးတွဲနေမယ်ဆိုရင် စိတ်ဖိစီးမှုလို့ပြောဖို့ အခွင့်အရေး အများကြီး ရှိနေပါပြီ။
စိတ်ဖိစီးတာကို လျော့ကျစေဖို့ နည်းလမ်းအများကြီးရှိတဲ့ အထဲကမှ လူအများနဲ့ သင့်တော်တယ် ထင်တဲ့အချက်ကလေးတွေ ကတော့
၁။ လေ့ကျင့်ခန်း
လေ့ကျင့်ခန်းမှန်မှန် လုပ်ပေးပါ။ လေ့ကျင့်ခန်း လုပ်တဲ့အချိန်မှာ ခန္ဓာကိုယ်ထဲက endorphins ထွက်လာပြီး အဲဒီဟောမုန်းတွေရဲ့ အကျိုးအာနိသင်က သင့်စိတ်ကို ချမ်းမြေ့စေပါလိမ့်မယ်။
၂။ တိုးတိုးဖော်လေးရှိစေချင်တယ်
နွေးထွေးတဲ့ ထွေးဖက်မှုနဲ့အတူ မေတ္တာယှက်တဲ့ အပြုအမူတိုင်း ဟာ ဦးဏှောက်မှ အောက်စီတိုစင် oxytoxin ကို ထွက်စေပြီး သွေးပေါင်ကို ထိန်းပေးတဲ့အပြင် စိတ်ဖိစီးမှုကိုလည်း ကျစေတာကို တွေ့ရပါတယ်။
စိတ်ထိခိုက်စရာ ပေါ်လာတဲ့အခါ တယောက်တည်း မနေဘဲ မိတ်ဆွေ ၊ ဆွေမျိုးသားချင်းတွေ၊ သူငယ်ချင်းတွေနဲ့စကားပြောပေးပါ။ သူတို့က ကျွမ်းကျင်သူတွေလို မစွမ်းဆောင် ပေးနိုင်ပေမယ့် ။ အတူ လိုက်ပါ ခံစားပေးခြင်း အားဖြင့် စိတ်ဖိစီးမှုတွေကို သက်သာစေ ပါလိမ့်မယ်။
၃။ ပျော်ပျော်ပါးပါးပေါ့
တစ်မိနစ်လောက် ရယ်မောနိုင်တာဟာ ၁၅ မိနစ်လောက် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်း လုပ်တာ ဒါမှမဟုတ် ဆယ်မိနစ်လောက် စက်ဘီးစီးကျင့်တာနဲ့ တူပါတယ်။ ရယ်မောခြင်းကြောင့် သွေးပေါင် ကောင်းစေပြီး စိတ်ဖိစီးမှုကို လျော့စေတဲ့အပြင် ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။ ဘာလို့လဲဆိုတော့ ရယ်မောစရာ အနည်းငယ်ကလေးကတောင် စိတ်ဖိစီးတဲ့အခါ ထွက်လာတတ်တဲ့ ဟော်မုန်းတွေဖြစ်တဲ့ dopac, cortisol and epinephrine လျော့ကျစေလို့ပါ။ ဒါကြောင့် စိတ်ဖိစီးမှုတွေ များနေတဲ့ အချိန်တွေမှာ ပျော်ရွှင်စရာ ရုပ်ရှင်ကားကလေးတွေကြည့်တာ ဒါမှ မဟုတ် ရယ်စရာပြောတတ်တဲ့ သူငယ်ချင်းနဲ့ စကားပြောပြီး လွတ်လွတ်လပ်လပ် ရယ်မော ပစ်လိုက်တာဟာ စိတ်ဖိစီးမှုကို လျော့ကျစေမှာ အမှန်ပါပဲ။
၎။ သင်နှင့်အစားအသောက်
စိတ်ဖိစီးမှုကို ခံစားနေရချိန်မှာ ပေါ့ပေါ့ပါးပါး အစာလေးတွေကို စားသုံးတာ ပိုသင့်လျော်ပါ လိမ့်မယ်။ ဒါပေမယ့် စိတ်ဖိစီးနေတဲ့အချိန်မှာ ဒီအစာလေးများ စားလိုက်ရင် ပိုများ “၀” လာမလားဆိုတဲ့ စိတ်က စိုးစိတ်တွေကို ပိုစေတဲ့အပြင် ပိုဆာလောင်စေပါတယ်။ ဒါကြောင့် ရေဓတ်နဲ့ အမျှင်ဓတ်မျာများပါတဲ့ သစ်သီးတွေကို များများစားပေးတာဟာ ၀မ်းပြည့်စေတဲ့အပြင် ကိုယ်အလေးချိန် တက်မှာလည်း မကြောက်ရ ကိုယ့်ကိုကိုယ်လည်း အပြစ်တင်စရာ မလိုတော့ဘူးပေါ့။
caffine ဟာ စိတ်ဖိစီးမှု ပိုမိုဖြစ်ပွား စေတတ်တာမို့ caffine စားသုံးမှုကို လျှော့ချပေးပါ။ ချောကလက်မှာ caffine ဓတ်ပါတယ် ဆိုပေမယ့် နဲနဲနဲ့ ချင့်ချိန်စားမယ်ဆိုရင်တော့ အကျိုးထူးတွေ ခံစားရမှာပါ။ Dark chocolate မှာ antioxidant အတော်များများ ပါဝင်တာမို့ နှလုံးရောဂါ နဲ့ သွေးတိုးရောဂါကို အတန်အသင့်ကာကွယ်ပေးပြီး စိတ်ဖိစီးမှုကိုလည်း လျော့ပါးစေပါတယ်။
ကြက်သွန်ဖြူထဲမှာပါတဲ့ organosulfur allicin ဟာ ခန္ဓာကိုယ်က hydrogen sulfide တွေကို ထွက်စေပြီး သွေးကျောတွေကို ကျယ်စေကာ သွေးလျှောက်နှုန်းကို ကောင်းစေတာမို့ နှလုံး ကို အားကောင်းစေပြီး စိတ်ဖိစီးမှုကို ကျစေပါတယ်။
စိတ်ကျရောဂါနဲ့ နှလုံးသွေးကြော ရောဂါတွေကို (Omega 3 fatty acid) ဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်မှုနည်းတဲ့ အစားအစာ စားသုံးသူတွေမှာ တွေ့ရပါတယ်။ ဒါကြောင့် Omega 3 fatty acid ကို စားသုံးနိုင်ပါတယ်။
၅။နားနားနေနေပေါ့
စိတ်ကို အနားရစေမယ့် အလုပ်ကလေးတွေဖြစ်တဲ့ ရေနွေးနွေးကလေးနဲ့ ရေချိုးတာ၊ ဂိမ်းဆော့တာ ၊ နှစ်သက်တဲ့ ပေါ့ပေါ့ပါးပါး စာအုပ်ကလေးတွေ ဖတ်တာတွေဟာ လက်ရှိခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကို အတိုင်းအတာ တခု၊ အချိန်တခုအထိ မေ့ထား စေပါလိမ့်မယ်။
ပန်းပျိုးတဲ့ လက်တွေဟာ စိတ်တည်ငြိမ်ဖို့ အခွင့်အရေးပိုများတာကို တွေ့ရပါတယ်။ ဒါကြောင့် သစ်ပင်ပန်းပင် စိုက်ပျိုးပြီး စိတ်ဖိစီးမှုလျှော့ချတာဟာလည်း ကောင်းတဲ့ လုပ်ရပ် တစ်ခုဖြစ်ပါလိမ့်မယ်။
၆။ နှိပ်နယ်ပေးတဲ့အခါ
နည်းစနစ်ကျနတဲ့ နှိပ်နယ်မှုကို ခံယူခြင်းဟာလည်း စိတ်ဖိစီးမှု ကို လျော့ကျစေပါလိမ့်မယ်။ လက်ညိုးနဲ့ လက်မကြားက hoku လို့ခေါ်တဲ့ နေရာကို နှိပ်နယ်ပေးခြင်းဟာလည်း စိတ်ဖိစီးတာကို ၃၉ % ခန့် လျော့ကျစေတယ်လို့ ဆိုပါတယ်။
၇။ ပြင်ဆင်ချက်ကလေးများ
စိတ်ပူပန်ခြင်းဟာ ဘာကိုမှပြီးမြောက်စေမှာ မဟုတ်ပါဘူး။ ဒါကြောင့်စိတ်ပူပန် နေမဲ့အစား ရှေ့ကိုဘာဆက်လုပ်ရမယ်ဆိုတာ စဉ်းစားပါ၊ ကိုယ်စိုးရိမ်တဲ့ ကိစ္စအတွက် ကျွမ်းကျင် တတ်သိတဲ့သူတွေနဲ့ တိုင်ပင်ပါ ။ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေက စိတ်ဖိစီးမှုဒဏ်မှ ကျော်လွှားစေပါလိမ့်မယ်။
၈။ စကားများနဲ့ အားယူပါ။
မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးအခေါ်တွေကို ပြင်ပြီးတော့ ကြိုးစားကြည့်မယ်ဆိုတဲ့ စိတ်ထားနဲ့ တစ်နေ့တာ ကို ဖြတ်ကျော်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေသလို ကိုယ်မလုပ်နိုင်တဲ့ ကိစ္စတွေကို အားနာပါးနာနဲ့ လက်ခံနေမဲ့အစား မလုပ်နိုင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြခြင်းဟာလည်း စိတ်ဖိစီးမှုကို နည်းစေမှာပါ။
၉။ ငြိမ်းချမ်းရာတခုမှာ
ဘယ်လိုပဲ စိတ်ဖိစည်းမှုတွေကြုံရ ကြုံရ တရားအားထုတ်ခြင်းဟာ ရေရှည်မှာ ငြိမ်းချမ်းတဲ့ ဘ၀တခုဆီကို ဆောင်ယူပေးတတ်တာမို့ မိမိကိုးကွယ်တဲ့ ဘာသာအလိုက် ဘာသာရေး လုပ်ပေးနိုင်ပါတယ်။
၁၀။ ရှုပ်ရှုပ်ထွေးထွေးလေးတွေ
Eric Abrahamson နဲ့ David H. Freedman ရဲ့ တွေ့ရှိချက်အရတော့ အနည်းငယ်ရှုပ်ပွနေတဲ့ အခန်းဟာ စိတ်အစဉ်ကို ဆန်းသစ်စေပြီး စိတ်ဖိစီးမှုကို လျော့ကျစေတယ်လို့ဆိုပါတယ်။
၁၁။ ဖြေးဖြေးပေါ့။
စိတ်ဖိစီးတဲ့သူတွေမှာ စကားပြောတဲ့အခါ ခါတိုင်းထက်ပိုပြီး မြန်မြန်နဲ့လောလော ပြောတတ်တာကို တွေ့ရပါတယ်။ စကားဖြေးဖြေးပြောတာဟာ စိတ်ပူပန်မှု နည်းစေပြီး စိတ်ဖိစီးနေတဲ့ အခြေအနေကို သက်သာစေတာမို့ ကြိုးစားကြည့်နိုင်ပါတယ်။
၁၂။ အလှအပလေးများ
စိတ်ဖိစီးနေတဲ့အချိန်မှာ အလှအပရေးရာ နဲ့ စတိုင်ကျကျ ပြင်ဆင် ပေးခြင်းဟာ အတော်လေး အကျိုးရှိတဲ့ ကိစ္စပါ။ ဒါကြောင့် စိတ်ဖိစီးနေတဲ့အချိန်မှာ ဆံပင်ညှပ်တာ ဒါမှမဟုတ် ဆံပင်ပုံစံပြောင်းတာ၊ မိန်းကလေးဆိုရင်တော့ နှုတ်ခမ်းနီဆိုး၊ မျက်တောင်ကော့ ၊ လည်ဆွဲ နားကပ် ၀တ်တာ စတဲ့ အသေးအမွှားလေးတွေ က စိတ်ကို ကြည်လင်စေတာမို့ အိမ်နေရင်းတောင် ပြင်ပြင်ဆင်ဆင်လေး နေဖို့လိုပြီပေါ့…
…………………………………………………………………………………………………..
အခုလည်း ကျွန်မညီမလေးကို တတ်နိုင်သလောက် ကူညီဖေးမ ပေးဖို့ ကျွန်မ ကြိုးစားရဦးမှာပါ။ နောက်တစ်ပတ်ထဲ ပြောင်းလာမဲ့ သူတို့မိသားစုအတွက် အခန်းရှင်းပေးရင်း စာတိုပေစ လေးတွေကိုဖတ်မိရာက သူမရဲ့ ပုံရိပ်တွေပေါ်လာပြန်တယ်။ ရှင်သန်ရတဲ့ ဘ၀မှာ ချစ်မြတ်နိုးတဲ့ သူကို လက်လွှတ်ဆုံးရှုံးရလို့၊ အလုပ်အကိုင် မအောင်မြင်လို့ ၊ အမိမြေရဲ့အဝေး တစိမ်းတွေရဲ့အလည်မှာမို့၊ အမိမြေမှာ အဆင်မပြေလို့ စတာတွေ နဲ့ စိတ်ဖိစီးစရာတွေ ရှိတာပဲလေ။ တစ်ဘ၀လုံး အားမလျှော့ခဲ့သမျှ ဒီတစ်ခေါက် မှ အရှုံးပေးလိုက်တော့မှာလား ။ ဘာပဲဖြစ်ဖြစ် အဲဒီ အိပ်မက်ဆိုးကြီးထဲက ရုန်းထွက်နိုင်ဖို့ အားတင်းကြရအောင်လား ညီမလေးရယ်… ။
စာဖတ်ပရိတ်သတ်အား ချစ်ခင်လေးစားလျှက်
မွန်းသက်ပန် (ဆေး ၁)
မှီငြမ်းနှင့် ကောက်နှုတ်ချက်
၁။ Omega 3 fatty acid ရဲ့ ကောင်းကျိုးများနှင့် စိတ်ကျခြင်း၊ ရဲဝင့်ဦး (ဇီဝကမ္မဗေဒ)၊ သံလွင်အိပ်မက်အင်တာနက်မဂ္ဂဇင်း။ အတွဲ (၄) အမှတ် (၁) ၂၀၁၀ ဧပြီလ။
၂။ Stressful condition၊ မွန်းသက်ပန် (ဆေး ၁) ၊ Public health in Myanmar blog၊ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ။
၃။ Surprising ways to instantly lower stress ၊ Marlo Sollitto၊ ၂၀၁၁ ခုနှစ် စက်တင်ဘာလ
၎။ 8 Fun Green Ways to Manage Stress ၊ Laurel House ၂၀၀၉ ခုနှစ် ဇူလိုင်လ။
ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ်
အောက်တိုဘာ ၇ ရက် ၂၀၁၁
Posted by မွန်းသက်ပန် (ဆေး-၁) at 12:10 AM 2 comments Links to this post
Tuesday, October 04, 2011
အာဖရိကရောက် တတိယမြောက်ခြေရာ
အာဖရိက စံတော်ချိန် မနက် ၇နာရီ မိနစ် ၃၀ပါ။
(တတိယမြောက်ခြေရာကို မလှမ်းခင် ကျွန်မရဲ့ ဒီပို့စ်လေးကို ဗလာအတိုင်းပဲ ထားထားချင်ပါတယ်။ ကျွန်မရဲ့ ဒီနှစ်မွေးနေ့လေးကို ကျွန်မမွန်းသက်ပန်ရဲ့ စာဖတ်သူတွေနဲ့ အရင် ဖြည့်ချင်လို့ပါ။ )
လေးစားချစ်ခင်လျှက်
မွန်းသက်ပန် (ဆေး ၁)
Posted by မွန်းသက်ပန် (ဆေး-၁) at 11:11 AM 5 comments Links to this post
Wednesday, September 21, 2011
တွဲလက်မြဲချင်တယ် ကို

ချစ်ရက်ရှည် ကြာခဲ့ပြီးကာမှ
ဝေးကြဖို့ ကြောင်းဖန်လာပြီဆို
မေတ္တာရည် ပျယ် စ ပြု သူလို့
စွဲချက်တင် မဆိုချင်သလို
အမုန်းစကားလည်း မကြားလိုပါ ကို… ပြုံးရခက် ဘ၀ကခပ်မှိန်မှိန်မို့
နှုတ်ဆိတ်လို့ ကြေကွဲရင်း
တောင်ပြာတန်းစီက လွမ်းမြဲလွမ်းလှည့်မယ်
တကယ်ဆို …
တွဲလက်တွေမြဲချင်ခဲ့တယ် ကို…
မွန်းသက်ပန် (ဆေး ၁)
ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ်
စက်တင်ဘာ ၁၆ ၊ ၂၀၁၁ ခုနှစ်
Posted by မွန်းသက်ပန် (ဆေး-၁) at 1:00 AM 1 comments Links to this post
