Friday, July 17, 2009

ကျမနှင့် ဟိုဟိုဒီဒီ

လောကအလှ အင်တာနက်မဂ္ဂဇင်းမှာ အယ်ဒီတာမလုပ်ခင်ကာလဖြစ်တဲ့ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလ ၂၀၀၈ မှာ လောကအလှနဲ့ တွေ့ဆုံပြီး ဟိုဟိုဒီဒီပြောဖြစ်ခဲ့တာကို ပြန်တင်ထားချင်ပါတယ်။ အလုပ်ကိစ္စတွေနဲ့ ရှုပ်နေတဲ့အချိန်မို့ အသစ်မတင်နိုင်သေးတာကို စာဖတ်သူတွေ နားလည်ပေးနိုင်မယ်ထင်ပါတယ်ရှင်…


ဘယ်အချိန်ကစလို့ စာတွေ စရေးခဲ့တာပါလဲ။

ဆယ်တန်းအောင် ပြီးတော့ ဟိုရေးဒီခြစ် စလုပ်နေပါပြီ။ ဆေးကျောင်း ပထမနှစ် နှစ်ကုန်ပိုင်းလောက်မှာ နေလတ် (ဆရာဦးချစ်စံဝင်း သား ) နဲ့ သူငယ်ချင်းတွေ ကျောင်းကကဗျာစာအုပ်တွေမှာ ကဗျာတွေရေးတာကိုဖတ်ရင်း ညီမလည်းစရေးဖြစ်ခဲ့ပါတယ်။ အဲဒီနောက်တော့ သူငယ်ချင်းတွေနဲ့အတူ ကျောင်းပတ်ဝန်းကျင်က အပြောင်အပျက် ရယ်စရာလေးတွေကို ရေးဖြစ်ခဲ့ပြန်ပါတယ်။


နောက်ဆုံးနှစ်အပိုင်း(က)မှာ သူငယ်ချင်းတွေနဲ့အတူ နယ်လေ့လာရေးဆင်းနေတုန်း ရေးဖြစ်ခဲ့တဲ့ “သူငယ်ချင်း “ ဆိုတဲ့ ကဗျာကလေးကို၂၀၀၂ခုနှစ်ဒီိဇင်ဘာလထုတ် အပျိုစင်မဂ္ဂဇင်းမှာ ရွေးချယ်ခံရးပြီးတဲ့နောက်မှာ ညီမအတွက် စာတွေဆက်ရေးဖို့ အင်အားတွေရှိနေခဲ့ပါတယ်။


ဒီကလောင် နံမည်နဲ့တော့ မဟုတ်သေးဘူးပေါ့။ အဲဒီနောက်တော့ ကျောင်းစာတွေ နဲ့ ဝေးလို့ရနေတဲ့အချိန်တိုင်းမှာ ၀တ္ထုတို၊ ဆောင်းပါးစတာတွေကို ရေးပြီး မွန်းသက်ပန် (ဆေး-၁) ဆိုတဲ့ နံမည်နဲ့ စရဏ မဂ္ဂဇင်းကို ပို့ဖြစ်ခဲ့ပါတယ်။

မြန်မာစာပေကိုရေးနေတော့မြန်မာစာပေကိုဘယ်လို လေ့လာခဲ့တာပါလဲ။


တကယ်ဆိုရင် ညီမက မြန်မာစာ အတော်လေးကို ညံ့ရှာပါတယ်။ ညီမကိုယ်တိုင်က မြန်မာစာ ကိုမြတ်နိုးတာရယ် ဖေဖေနဲ့ မေမေ က ဆရာ ဆရာမတွေဖြစ်ပြီး ကျောင်းပိတ်ရက်တိုင်းမှာဖေဖေနားမှာ နေပြီး ဖေဖေ စာဖတ်တာကိုအချောင်နားထောင်ဖြစ်ခဲ့တာတွေနဲ့ညီမကို အမြဲ သွန်သင်ပေးနေတဲ့၊ ညီမစာရေးတဲ့ အချိန်တွေမှာလည်း အမြဲတမ်းအနားမှာ အားပေးနေတတ်တဲ့ ဖေဖေ့ရဲ့ ကျေးဇူးတွေပါပဲ။

ကဗျာတွေလည်းရေးတာတွေ့ရတယ်။ ဘယ်လိုကဗျာမျိုးတွေ နှစ်သက်ပါသလဲ။


ရင်ထဲမှာ နင့်နင့်သည်းသည်း ခံစားရတဲ့ ကဗျာအားလုံးကို နှစ်သက်ပါတယ် မမ။ ဘ၀မှာ ကိုယ်တိုင် အရေးချင်ဆုံးအကြောင်း အရာကိုညီမငယ်ငယ် တုန်းကဒိုင်ယာရီမှာအမှတ်တရ ရေးမှတ်ခဲ့ဖူး ပါတယ်။ အဲဒီကဗျာအမျိုးအစားကတော့´ကြေကွဲမှုမပါတဲ့ အလွမ်းကဗျာ´ ပါ။

စာရေးသူ တစ်ယောက်အနေနဲ့ စာရေးသူ တစ်ယောက်ရဲ့ ခံယူချက်ကို ပြောပြပေးပါလား။


စာရေးသူဆိုတာ စာမရေးရရင် မနေနိုင်တဲ့သူ လို့ စာရေးဆရာကြီး တစ်ယောက်ပြောခဲ့ဖူးတဲ့စကားကိုညီမလည်း အပြည့်အ၀ ယုံကြည် ပါတယ်။စာရေးတဲ့ ဆရာဝန်တစ်ယောက် အနေနဲ့ကတော့ ကိုယ်သိထားတဲ့ အကြောင်းအရာတွေထဲကမှစာဖတ်သူတွေ အမှတ်တမဲ့ ပဲဖြစ်ဖြစ် ဖတ်မိတယ် ဆိုရင်တောင် သူတို့ရဲ့ ကျန်းမာရေးအတွက် အထောက် အကူဖြစ်နိုင်တာလေးတွေ၊ စာဖတ်သူ ကိုယ်တိုင် မကြုံတွေ့ရပေမယ့် ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတတ် တာတွေ ကို ဝေမျှပေးချင်တာပါပဲ။ ရေးဖြစ်ခဲ့တဲ့ ကျန်းမာရေး ဆိုင်ရာ ဆောင်းပါးတိုင်း၊ အယူအဆတိုင်းမှာ မှားယွင်းတဲ့အတွေးအခေါ် ၊ အဆိပ်အတောက်မပါအောင် တတ်နိုင်သမျှ ကြိုးစားပါတယ်။ အဲဒါတွေနဲ့ပတ်သတ်ပြီးတော့ငယ်ငယ်ကကိုယ့်မှာပြည့်စုံမှသူများကိုပြန်ပြီး ဝေမျှနိုင်မယ်ဆိုတဲ့ အတွေးမျိုးရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ဆေးပညာ ဟာ ဘယ်တော့မှ ဆုံးခန်းတိုင်တဲ့ ပညာ မျိုးမဟုတ်တာ ကြောင့်အဲဒီ အတွေးတွေ အစားညီမကိုယ်တိုင်မပြည့်စုံဘူးဆိုတာ သိပေမယ့်လည်းကိုယ် ကိုယ်တိုင် ပြင်းပြင်းပြပြ ယုံကြည်ပြီး ယုံကြည်နိင်လောက်တဲ့ အထောက်အထားတွေ ရှိတဲ့ အကြောင်းအရာတွေကို ရေးချဖို့ ကြိုးစားဖြစ်ခဲ့တာပါ။

ဆရာဝန် ဆိုတာနဲ့ စာရေးဆရာမ ဆိုတာနဲ့ မတူညီတဲ့ အလုပ် နှစ်ခု တစ်ဘ၀တည်းမှာရှိနေတဲ့ခါရင်ဆိုင်ကြုံတွေ့ရတာလေးတွေ မျှဝေပါဦး။

ညီမက စာရေးဆရာမ မဟုတ်ပါဘူး ။ စာရေးသူပါ။ ဆရာဝန်တစ်ယောက် အနေနဲ့ ဆေးရုံဆေးခန်းမှာကြူံတွေ့ရတဲ့ ကျန်းမာရေး ပြသနာရဲ့ အဖြေတွေကို စာရေးသူတစ်ယောက် အဖြစ်စာဖတ်သူကို သိစေချင်တဲ့ စိတ်ပြင်းပြလာတဲ့အခါချရေးစရာအကြောင်းအရာလေးတွေ အတန်အသင့် ရနိုင်တာဟာဆရာဝန် စာရေးသူတစ်ယောက် ခံစားလို့ရနိုင်တဲ့ ပီတိလေးတခုပါ။
စာရေးချင်တဲ့သူဆိုတော့လည်း ဈာန်ဝင်လာရင် လာသလို ရေးတတ်ပြန်တာဆိုတော့ ငယ်ငယ်ကဆို စာမေးပွဲနီးတာတောင် စာရေးနေတတ်တာမို့ဆရာတွေ ခေါ်တွေ့တဲ့အထဲမှာ ပါတတ်ခဲ့သလို၊ ဆရာဝန်ဖြစ်လာတဲ့အခါမှာလည်း ညဂျုတီမှာ တစ်ညလုံး မအိပ်ဘဲ စာထိုင်ရေးဖြစ်ခဲ့တဲ့အခါ ဘာရယ်မဟုတ် တစ်ရေးနိုး အပေါ့အပါးသွားရင်း ဆရာမကိုမြင်လို့ complaint လာတတ်တဲ့ လူနာရှင်တွေနဲ့ အမြဲလိုလို စည်ကားနေတဲ့ ညတချို့ရှိခဲ့ဖူးပါတယ်။ ဆရာဝန်နဲ့ စာရေးသူ ဆိုတဲ့ ၂ခုကြားမှာ ရင်ဆိုင်ရတာ နောက်တစ်ခု ကတော့ အချိန်ပါ မမ ။ ဆရာဝန်အနေနဲ့လူနာတွေနဲ့အတူရှိနေချင်တဲ့ အချိန်ရယ်၊အေးအေးဆေးဆေး ကျောင်းစာဖတ်နေချင်တဲ့ အချိန်ရယ်၊စာရေးသူတယောက်အနေနဲ့ အေးအေးဆေးဆေး စာရေးဖြစ်နေတဲ့အချိန်ရယ်၊ မိသားစုနဲ့ အတူရှိချင်တဲ့အချိန်တွေကြားမှာ အဆင်ပြေပြေနေနိုင်ဖို့ စီမံခန့်ခွဲနေပေမယ့် တခါတလေတော့လည်း အကြပ်ရိုက်တာလေးတွေ ရှိတတ်ပါတယ်။

ခု လောလောဆယ် ဘာတွေ လုပ်နေပါသလဲ။ ကျောင်းတက်နေတယ်လို့ သိရလို့။


ဟုတ်ကဲ့ရှင့်…။ အခုလောလောဆယ်တော့ ဒီပလိုမာ သင်တန်းတစ်ခုဖြစ်တဲ့ Diploma in Tropical Medicine and Hygiene ကို တက်နေပါတယ်။ အဲဒီအချိန်မှာပဲ အပူပိုင်းဒေသဆိုင်ရာ ဆေးပညာ အထူးကုသင်တန်း (Master of Clinical Tropical Medicine) အတွက် စာတမ်းပြုစုဖို့ ပြင်ဆင်နေပါတယ်။ အခု Diploma တက်နေတဲ့ Mahidol University, Bangkok မှာပါပဲ။



အနာဂတ်အစီအစဉ်လေးတွေ ဖြစ်နိုင်မယ်ဆိုရင် ပြောပြပေးပါဦး။

အနာဂတ်အစီအစဉ်တွေတော့ ရှိပါတယ် မမ ။ ဆေးကုတဲ့ ဆရာဝန် တစ်ယောက်အနေနဲ့ ဆိုရင်တော့ မဖွံ့ဖြိုးသေးတဲ့ နေရာတစ်ခုမှာ အလုပ်လုပ်ချင်ပါသေးတယ်။ ဘန်ကောက်မှာ Trop Med လာတက်ဖြစ်တဲ့ အကြောင်းကလည်းအဲဒါပါတာပေါ့။ဘယ်တော့ဖြစ်ဖြစ် မပျောက်ပျက်နိုင်တဲ့ဆန္ဒတစ်ခုကတော့ အပူပိုင်းဒေသတစ်ခု ဖြစ်တဲ့ မြန်မာပြည် ကိုပြန်ဖို့ပါပဲ။ မြန်မာပြည်မှာရှိတဲ့ ညီမစိတ်ကူးနဲ့ အကောင်အထည် စဖော်ခဲ့တဲ့ ၊ ညီမသံယောဇဉ်သိပ်ရှိတဲ့ ကုသိုလ်ဖြစ် ဆေးခန်းကလေးတွေ ဆီကိုရယ် အဲဒီ ဆေးခန်းလေးတွေက လူနာတွေဆီကိုရယ် အနှေးနဲ့အမြန် ဆိုသလိုပြန်ဖြစ်မှာပါ ။ စာရေးတဲ့ဆရာဝန်တစ်ယောက်အနေနဲ့ဆိုရင်တော့ညီမရဲ့စာရေးနှုန်းက အတော်လေးနှေးနေမယ်ဆိုရင်တောင် အဲဒီနှုန်းကလေးနဲ့ မြန်မာလူမျိုးတွေ အတွက် ၊ ကျန်းမာရေး နဲ့ဆိုင်တဲ့ဆောင်းပါးတွေ ၊ ဘ၀အခြေခံ ၀တ္ထုတိုလေး တွေရေးဖို့ပါပဲ။ညီမရဲ့ ရည်ရွက်ချက်တွေထဲက တစ်ခုကလည်းပြည်တွင်းမှာ ရှိတဲ့အွန်လိုင်းမတက်ဘဲ စာအုပ်ကိုပဲဖတ်ချင်ကြတဲ့ မြန်မာလူမျိုးတွေအတွက် ပုံမှန်စာပေလေးတွေ ရေးသွားချင်တာမို့ အချိန် ကြန့်ကြာတာတွေ ရှိနေမယ်ဆိုရင်တောင် ပြည်တွင်းမဂဇင်းတွေမှာပါ ပုံမှန် ဖော်ပြနိုင်ဖို့ ကြိုးစားသွားမှာပါ။
English version အနေနဲ့ကတော့ ညီမတို့စာသင်နှစ်ရဲ့ ဘလောဂ့်တခုဖြစ်တဲ့ Diploma in Tropical Medicine and Hygiene 2008 မှာရေးဖို့ကို စီစဉ်နေပါတယ်။

အလုပ်တစ်ခု လုပ်တယ်ဆိုရင် အကောင်း ၊ အဆိုးကတော့ ဒွန်တွဲနေတာပါပဲ။ အဆိုးကြုံရတာတွေရော ရှိပါသလား။


ဟုတ်ကဲ့ မမ။ ဘယ်အလုပ်မဆို အကောင်းနဲ့ အဆိုး တွဲနေတာမို့ တခါတလေတော့လည်း ကြုံရတတ်ပါတယ်။ ညီမဘ၀မှာ ဆရာဝန်တစ်ယောက် အနေနဲ့ရောစာရေးသူတယောက်အနေနဲ့ပါ အတော်လေးကိုကျေနပ်စရာတွေရှိခဲ့ပေမယ့်တခါတလေ စိတ်မကောင်း ဖြစ်စရာလေးတွေတော့ အနည်းငယ် ရှိတတ်ပါတယ်။ တတ်နိုင်သလောက်ကြိုးစားပေမယ့် ညီမ ကိုယ်တိုင် လုပ်ပေးနိုင်တဲ့ အတိုင်းအတာကျော်တဲ့အခါမျိုးမှာ ကိုယ်တိုင်ခံစားရတဲ့ စိတ်ဖိစီးမှုက ညီမ အတွက် အတော်လေးကိုဆိုးရွားပါတယ်။

စိတ်ဖိစီးမှုတွေကို ဘယ်လိုပြေပျောက်အောင် လုပ်ပါသလဲ။

စိတ်ဖိစီးတဲ့အချိန်မှာညီမကို နားလည်ပေးနိုင်တဲ့ သူတယောက်ယောက်နဲ့ ရင်တွင်းစကားတချို့ ပြောတတ်ပါတယ်။ ဖေဖေနဲ့ ညီမရဲ့ မိသားစုက တော့ ညီမကို နားအလည်နိုင်ဆုံးသူတွေပါပဲ ။

အားလပ်ချိန်မှာ ဘာတွေလုပ်ပါသလဲ။

အားလပ်ချိန်မှာအင်တာနက်မှာဟိုကြည့်ဒီကြည့်လုပ်တတ်ပါတယ်။ပြီးရင်တော့ http://www.moonthetpan.com လို့ခေါ်တဲ့ ညီမ ဘလော့ဂ်မှာ စာရေးတတ်ပါတယ်။ စာဖတ်တာ၊စာရေးတာ၊ ဇာထိုးပန်းထိုးတာတွေ လုပ်တတ်ပြီးအဲဒါတွေကိုမှ ပျင်းလာတယ်ဆိုရင်တော့ တစ်အိမ်လုံးမှာ လှည့်ပတ်ပြီး လူတိုင်း ကို လိုက်စ နေတတ်ပါတယ်။ (အခုတော့လည်း အိမ်ကို လွမ်းနေရတာပေါ့ မမရယ်…)



ယနေ့ခေတ် လူငယ်များအပေါ် အမြင်လေး သိပါရစေ။

ဒီနေ့ခေတ် တိုးတက်ချင်တဲ့လူငယ်အတော်များများဟာ အရာရာကို သင်ယူတဲ့နေရာမှာ interactive နည်းလမ်းကို သုံးစွဲမှုပိုများလာကို တွေ့ရပါတယ် ။ အရင်လို တစ်လမ်းသွားစနစ် မဟုတ်တော့ဘဲ နိုင်ငံတကာက လူငယ်တွေနဲ့တန်းတူ ကိုယ်တိုင်ဖတ်ရှု၊နားမလည်နိုင်တဲ့ အကြောင်းအရာတွေကို ကိုယ့်ထက် သိကျွမ်းတဲ့သူတွေဆီမှာ မေးခွန်းထုတ်နိုင်ခဲ့တဲ့အပြင် မိမိကိုယ်တိုင် တွေ့ကြုံ ရတဲ့အချက်တွေပေါ်မူတည်ပြီးယုံယုံကြည်ကြည် ဆုံးဖြတ်ချက်ချနိင် တဲ့ သူတွေ၊ အဲဒီဆုံးဖြတ်ချက်ကို လူအများရှေ့မှာ ချပြနိုင်တဲ့ လူငယ်တွေ အတော်များများ ရှိလာတာကို တွေ့ရပါတယ်။ ချစ်စရာကောင်းတာလေးတစ်ခုကတော့ မြန်မာတွေရဲ့ ဓလေ့ထုံးစံတစ်ခု ဖြစ်တဲ့ ဆရာသမားနဲ့ လူကြီးသူမကို လေးစား တတ်တဲ့ အမူအကျင့်ကလေး တွေကို သင်ကြားမှုဖြစ်စဉ်တိုင်းမှာ သူတို့ကိုယ်တိုင် တလေးတစား လက်ခံနေကြတာပါပဲ ။ interactive သင်ကြားမှုစနစ်ကို သုံးဖို့ ခွန်အားမပြည့်မှီသေးတဲ့ လူအချို့ ရှိပေမယ့် လည်း လူငယ်တွေကြားမှာပဲအချင်းချင်း အပြန်အလှန် သင်ကြားမှု တွေရှိနေပြီး အဲဒီလူငယ်အင်အားစုတွေဟာညီမတို့လို လူလတ်ပိုင်းတွေထက်ပိုမို ထက်မြက်တဲ့ မျိုးဆက်သစ် တစ်ခုဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ဒါပေမယ့် အားအားတိုင်း လက်ဘက်ရည်ဆိုင် ဒါမှမဟုတ် ချတ်တင်းထိုင်ပြီး အချိန်ဖြုန်းနေတတ်တဲ့ လူငယ်တွေကို တွေ့နေရပြန်တော့ အားမလိုအားမရဖြစ်မိတယ်။

စာဖတ်သူများကို ဘာများ အမှာစကားပြောချင်ပါသေးလဲ။


ညီမမှာ အားလပ်တဲ့ အချိန်တွေရတိုင်း စာတွေရေးနေဖြစ်ဦးမှာပါ။


ဟုတ်ကဲ့။ အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့ ညီမလေး မွန်းသက်ပန်ကို မမတို့ လောကအလှအဖွဲ့က ကျေးဇူးတင်ပါတယ်။


မွန်းသက်ပန်

လောကအလှ အွန်လိုင်းမဂ္ဂဇင်း

၂၀၀၈ ခုနှစ် စက်တင်ဘာလ ၇ ရက်

Print this post

9 comments:

မေဓာဝီ said...

အသစ်တင်တာတွေ့လို့ လာဖတ်တယ် ညီမရေ ..
ညီမရဲ့ အနာဂတ်အစီအစဉ်လေးတွေကို သာဓုခေါ်မိတယ်။
လက်တွေ့အကောင်အထည် ဖော်နိုင်ပါစေလို့ ဆုတောင်း လိုက်ပါတယ်။
အစစ အဆင်ပြေပါစေ ...

ဇော်ထွန်း said...

လာဖတ်သွားပါတယ်ဆရာမ
များများရေးနိုင်ပါစေ
ဇော်ထွန်း

Nge Naing said...

ပျောက်နေရာကနေ ပြန်ပေါ်လာလို့ လိုက်လာတာ။ စာတွေ ဖတ်သွားပါတယ်နော့်။ စာရေးတဲ့နေရာမှာရော ဆရာဝန်တယောက်အနေနဲ့ပါ အောင်မြင်တဲ့ ဘ၀ကို ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးနေပါတယ်။ အချိန်ရရင်တော့ မကြာသေးခင်ကမှ ဖွင့်ထားတဲ့ ကျွန်မရဲ့ ကိုယ်ပိုင်ဘလော့ဂ်ကိုလည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။

DTS said...

အဇာနည်များကို အလေးပြုကြစို့။

DTS said...

အဇာနည်များကို အလေးပြုကြစို့။

Anonymous said...

မမွန်းသက်ပန်ရှင်
ညီမ အကူအညီတစ်ခုလောက်တောင်းချင်လို့ပါ။ အိမ်မှာ ညီမကြောင်လေးက ယားပြီး အမွေးတွေကျွတ်နေလို့ပါ။ ညီမက ဒီမှာ ဆေးခန်းသွားပြဖို့အဆင်မပြေလို့ပါ။ အစာကတော့ ကြောင်စာကျွေးပါတယ်။ အခုနောက်ပိုင်းတော့ ကြောင်စာကြောင့် ၀ဲဖြစ်တာလို့ထင်ပြီး ကြက်သားကိုပြုတ်ပြီးထမင်းနဲ့ကျွေးပါတယ်။ အပြင်လည်းဘယ်မှမသွားပါဘူး။ ဘာလိုလုပ်ရမလဲဆိုတာလေးပြောပြပေးပါနော်။ ရေလည်းချိုးပေးပါတယ်။ သန့်အောင်ထားတာပဲ။ ဒါပေမယ့် ဘာဖြစ်လို့လဲမသိဘူး။ မသက်သာဘူးဖြစ်နေတယ်

မွန်းသက်ပန် said...

ဆရာတင့်ဆွေကျေးဇူး။ ကိုဇော်ထွန်း ၊ မမေ ၊ မငယ်နိုင် ။ ကျေးဇူးတင်ပါတယ်ရှင်။
အမည်မသိတဲ့ညီမလေး .. အမ က တိရိစ္ဆာန်ဆေးကု ဆရာဝန် မဟုတ်လို့ ညီမလေး မေးတာကို မဖြေနိုင်တာ စိတ်မရှိပါနဲ့နော်။ အမ သူငယ်ချင်း တယောက်ကို တွေ့ရင်တော့ မေးပေးပါ့မယ်။

လေးစားလျှက်
မွန်းသက်ပန်

twinpoe said...

စိမ်းပြာမြေလာလည်ပါတယ်ဆရာမ။။ www.twintaung.com
အဆင်ပြေချမ်းမြေ့ပါစေ။

ဧရာဝတီသား said...

အစ်မရေ စာလာဖတ်သွားပြီ။

" ဘယ်တော့ဖြစ်ဖြစ် မပျောက်ပျက်နိုင်တဲ့ဆန္ဒတစ်ခုကတော့ အပူပိုင်းဒေသတစ်ခု ဖြစ်တဲ့ မြန်မာပြည် ကိုပြန်ဖို့ပါပဲ။ မြန်မာပြည်မှာရှိတဲ့ ညီမစိတ်ကူးနဲ့ အကောင်အထည် စဖော်ခဲ့တဲ့ ၊ ညီမသံယောဇဉ်သိပ်ရှိတဲ့ ကုသိုလ်ဖြစ် ဆေးခန်းကလေးတွေ ဆီကိုရယ် အဲဒီ ဆေးခန်းလေးတွေက လူနာတွေဆီကိုရယ် အနှေးနဲ့အမြန် ဆိုသလိုပြန်ဖြစ်မှာပါ ။ "

အစ်မရေ ရည်ရွယ်ချက်တွေကို သိရတဲ့အတွက် လေးစားအားကျမိပါတယ်။ ရည်ရွယ်ချက်တွေ အမြန်ဆုံး ပြည့်ဝပါစေ လို့လည်း ဆုတောင်းပေးလိုက်ပါတယ်။
လေးစားမှုဖြင့်

ဖေဖေက ကျမကို နေတစ်စင်းဖြစ်စေချင်ခဲ့ပေမယ့် ကျမကတော့ ဖေဖေ့ကြောင့်လင်းတဲ့ လတစ်စင်းပဲ ဖြစ်ချင်ခဲ့တယ်။

 

© 2007 IngridGrey By Arephyz