ကျမသူ့ကို ပြန်တွေ့ဖြစ်ခဲ့တာ အာဖရိကအရှေ့ပိုင်းနိုင်ငံတခုရဲ့ ဆောင်းညတစ်ညမှာထင်ပါရဲ့။
မတွေ့တာကြာပြီဖြစ်တဲ့သူမဟာ အရင်ထက်ကို ချောင်ကျသွားတယ်လို့တောင် ကျမထင်မိလိုက်ပါသေးတယ်။ အနွေးအကျီထူထူ၊ အာဖရိကားနိုင်ငံသူတွေ လိုချည်ထည်ခေါင်းပေါင်း ပေါင်းထားပြီး အရင်လိုအပြုံးမျိုးနဲ့ အရင်လိုတက်ကြွနေပေမယ့် သူ့ရဲ့ ညိုညက်ညက် အသားတွေက အရင်ထက် ပိုလို့တောင်ညိုနေပါသေးတယ်။
နှစ်ပေါင်းများစွာကတည်းက ကျမသိခဲ့တဲ့သူဟာ ဆန့်ကျင်ဘက်ပတ်ဝန်းကျင်တွေမှာ လိုက်လျောညီထွေ ကျင်လည်ခဲ့သူမို့ အခုလည်း ဘာသာရေး ယောထွေးယှက်ငင်မှုတွေ များလှတဲ့ အာဖရိကတိုက် အရှေ့ပိုင်းနိုင်ငံတစ်ခုရဲ့ အဖွဲ့အစည်းတစ်ခုမှာ လုပ်အားပေးဆရာဝန်အဖြစ်ရောက်နေတဲ့ သူမအကြောင်းကို စပ်စုကြည့်ပြန်တော့ ။ အရာအားလုံးနဲ့ ကင်းရှင်းပြီး လွတ်လွတ်လပ်လပ် ဆေးကုတဲ့အလုပ်ကိုသာ သူနှစ်သက်တာမို့ ဘာသာရေး၊ နိုင်ငံရေးတွေနဲ့ သူဘယ်တော့မှ ပတ်သက်မှာမဟုတ်တဲ့အကြောင်း ခပ်ပြတ်ပြတ် သူဖြေခဲ့ပြန်ပါတယ်။ လက်ရှိလုပ်နေတဲ့ သူမအလုပ်နဲ့ အိမ်ကိုလွမ်းတဲ့စိတ်တွေ ပြေအောင် မအားတဲ့အချိန်တွေထဲကမှ ဘလော့တစ်ခုလုပ်ချင်လာတယ်ဆိုပြန်တော့ ကျမ ကူညီချင်ပေမယ့် အရင်လူတစ်ချို့လည်း စပြီးပျက်ခဲ့တဲ့ ဘလော့ဂ် ကလေးတွေရှိခဲ့တာမို့ကျမသူ့ကို သေချာအောင် မေးခဲ့မိတာ ကျမမလွန်ဘူးလို့ ထင်တာပဲလေ။
အတိတ်က အလွမ်းဇာတ်လမ်းတစ်ခုရဲ့နောက်မှာ အလွမ်းဇာတ်သိမ်းတွေကိုသာခုံမင်ခဲ့တဲ့ သူ့ကို ဘ၀ဖော်တွေ့ပြီလားလို့ မေးမိတဲ့အခါ မချောမွေ့နိုင်သေးတဲ့ သူ့ဘ၀မှာ အချိန်ပိုမရှိနိုင်သေးပါဘူးလို့ အရည်လဲ့လဲ့မျက်ဝန်းတွေနဲ့ သူ့အသံခပ်တိမ်တိမ်ကို ကျမကြားယောင်နေတုန်းပါဘဲ။
အဲဒီမျက်ဝန်းတစ်စုံဟာ အတိတ်ကိုတမ်းတမိလို့ စိုနေတာလား။ မသိစိတ်မှာ အရိပ်တခုခုများခိုကပ်နေပြီး လျှို့ဝှက်တဲ့သဘောနဲ့ အရည်လဲ့ နေတာလားဆိုတာ ကျမ မသိနိုင်ပေမယ့် သူ့အနာဂါတ်မှာ အမြဲအထီးကျန်မနေဖို့ ကျမဆုတောင်းမိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် တဇွတ်ထိုးလုပ်ချင်သူအတွက် ဘလော့လေးတစ်ခုလုပ်ပေးဖို့တော့ ကျမသဘောတူခဲ့ပါတယ်။
သူမရဲ့ ဘ၀တစ်မျက်နှာစာ ပေါ့လေ…
ကျမမှတ်မိသလောက်ကတော့ ... အဲဒီညက အာဖရိကအရှေ့ပိုင်းနိုင်ငံရဲ့ ဆောင်းညတစ်ညမှာ သူ့ကို ပြန်ဆုံဖြစ်ခဲ့တာထင်ပါရဲ့။

1 comments:
ဖတ်တော့ ဖတ်သွားခဲ့ပါတယ်ဆရာမရယ်
Post a Comment