သူမ ထမင်းချိုင့်ကလေးဆွဲကာ တောင်ကုန်းကလေးပေါ်ကနေ အဲဒီ မြေနီလမ်းလေးကို ငေးကြည့်နေမိသည်။ ဆောင်းအကုန် မိုးအကူးမို့ ဖုန်မှုန့်နီနီတွေကို သိုသိုသိပ်သိပ်ဖြစ်စေတဲ့ မိုးဖွဲဖွဲရဲ့အောက်မှာ မြေနီလမ်းက ဖုန်ထူထူက အခါတိုင်းလို သူမဂျင်းဘောင်းဘီ ကိုသိပ်မကပ်ချင်တော့။
လမ်းတလျှောက်က ဘယ်ရီသီးဆန်ဆန် အပင်တွေမှာသာ မြေတစ်လှည့် ရွှံ့တစ်လှည့်နှင့်မို့ ကျောင်းသွားကျောင်းပြန် ကလေးများအဖို့ ခါတိုင်းလို ဖုန်ခါပြီး စားရုံနှင့်မပြီးဘဲ သူတို့ဆံပင်ခပ်ရှုပ်ရှုပ်ကလေးတွေနှင့်ပါ သုတ်ဖို့အလုပ်ရှုပ် ကြတော့မည်။
နေ့စဉ်သွားနေကျမို့ လေးဆယ့်ငါးမိနစ်ဆိုသည့် အချိန်တွေက သူမကို မမောပန်းစေတော့ပေမယ့် တစ်ခါတစ်လေတော့လည်း ငြီးငွေ့တာအမှန် ။
မူလတန်းကျောင်းသားကလေးများ ကျောင်းသွားကျောင်းပြန်နှင့် ဆုံလျှင် သူမအဖို့ စကားပြောဖော်ရပေမယ့် တစ်ခါတစ်လေတော့လည်း တယောက်တည်း အထီးကျန်ဆန်ဆန်။
သူမရှေ့မှ အလယ်တန်းကျောင်းဝတ်စုံဖြစ်သည့် အနီရောင် ၀တ်စုံနှင့် ကလေးငယ် တယောက် သူမဆီသို့ ပြေးလာတာမြင်တော့ သူမခြေလှမ်းတို့ကို အရှိန်လျှော့ပြီး သူရောက်လာမည့် အချိန်နှင့်မှန်းကာ သူမကိုယ်ကလေးကို ကိုင်းထားပေးလိုက်သည်။ ပထမရက်တွေထဲက ထိုသို့ ကလေးများ သူမဆီသို့ ပြေးလာလျှင် ဘာလုပ်ရမှန်းမသိအောင် ဖြစ်ခဲ့ရသလို သူမခေါင်းကို သူတို့လက်နှင့် ထိသည့်အခါ လူကြီးခေါင်းကို ကိုင်ရမလား ရယ်လို့ သူမခံပြင်းဒေါသလေး ဖြစ်ခဲ့ပေမယ့် ခုတော့ သူတို့ ဓလေ့ဘာသာဖြင့် အရိုအသေပေးမှုကို သူမလက်ခံယဉ်ပါးခဲ့ရပြီလေ။
“Shikamo .. ”
သူ့လက် ကလေးနှစ်ဘက်ကို ဆန့်ကာ သူမဦးခေါင်းဆီသို့ ဦးတည်ပြီး နှုတ်ကလည်း ရိုသေစွာ နှုတ်ဆက်စကားဆို လာတော့ ခေါင်းကလေးကို အသာငုံ့ပေးရင်:
“Marahaba …၊ hu jumbo”
"Si Jumbo"
နှုတ်ဆက်စကားများကို ဆိုရင်း ထိုကလေးက သူမလက်မှ ထမင်းချိုင့် ကလေးဆီသို့ လက်ကမ်းကာ ကျွန်တော် ကူပေးမယ်လေဟု ဆိုလာတော့ သူမထမင်းချိုင့် ခပ်စုတ်စုတ်ကလေးအား သူ့လက်ထဲသို့ ထည့်ပေးဖြစ်ခဲ့ သည်။
“ဆရာမ ဆေးခန်းကို သွားမလို့လား ”
“ဟုတ်တယ် ကလေး ။ မင်းက ဆရာမကို သိလို့လား ”
“ဟင့်အင်း …ဒါပေမယ့် ကျွန်တော့်အမေကပြောတယ်။ ခုဒီရွာမှာ ဆရာဝန်မလေး တစ်ယောက်ရှိပြီတဲ့ ”
“သြော် ”
သူမတို့ တောင်ကုန်းကလေးတစ်ခုကို ဖြတ်လာပြန်စဉ်အတွင်း လမ်းသွား လမ်းလာများကို နှုတ်ဆက်ကာ ဖြတ်လာကြတော့ ထိုကလေးက သူမ မသိ နားမလည်သေးသော ဓလေ့သုံးစကားများကို တက်ကြွစွာ ရှင်းပြနေတတ် သေးသည်။
ထိုကလေးငယ်နှင့်အတူ စကားတပြောပြော လှမ်းလာနေရင်းက သူမ ကုတ်အင်္ကျီ ဘေးအိတ်ဆီမှ သကြားလုံးကလေးများဆီသို့ သူမလက်က အလိုလိုရောက်သွားမိသည်။ ကလေးချစ်တတ်ပြီး ထိုအသားညိုညိုမဲမဲ ကလေးများကို တမြတ်တနိုးရှိတတ်သော သူမက သူမ ဗိုက်ဆာလျှင် အဆာပြေစားနေကျ သကြားလုံးများကို အခါအားလျှော်စွာ ပေးတတ်မြဲဖြစ် သည်။
“ကလေးမ နေကောင်းလား ”
“ဟုတ်ကဲ့ကောင်းပါတယ်…အဘ ”
သူမတို့ရှေ့မှ လာသော အသားညိုညစ်ညစ် နှင့် ဦးလေးကြီးတစ်ယောက်မှ
နှုတ်ဆက်လာတော့ သူမတို့ ပြန်နှုတ်ဆက်စဉ်တွင်ပင် …။
“ငါ့ကို ပိုက်ဆံ ၅၀၀ လောက်ပေးပါလားဟာ။ ငါ ကိုကာကိုလာ သောက်ချင်လို့ပါ။ ”
ဘုရားရေ… သူမတောင် ဒီရွာရောက်တည်းက တစ်ခါမှမသောက်ဖြစ်ခဲ့သည့် ဆိုဒါလို့ သူတို့အရပ်ခေါ်သည့် ကိုကာကိုလာ၊ ဖန်တက်စီ စသည့် အချိုရည် ပေါင်းစုံကို ဒီအဘက သောက်ချင်သည့် ဆန္ဒဖြင့် အားမနာပ သူမအား တောင်းဆိုလာချေသည်။
“……………..”
“ဟင် …ကလေးမက ဇွန်းဂူ ( သူတို့ဘာသာ အခေါ်အရ အနောက်နိုင်ငံသား များကိုခေါ်ခြင်းဖြစ်သည်။ သူမလို အသားအ၀ါရောင် ရှိသူကိုတော့သူတို့ က တရုတ် လူမျိုးများဟုသာ ယေဘူယျ သိတတ်ပေမယ့် များသောအားဖြင့် ဇွန်းဂူဟုသာ သုံးစွဲလေ့ရှိကြသည်) ဖြစ်ပြီး ဒါလေးတောင်မရှိဘူးလား "
“ဟုတ်ကဲ့အဘ ..ကျွန်မက အဘထက် အသားနည်းနည်းဖြူပေမယ့် အဘကို အလကား ပေးဖို့တော့ ပိုက်ဆံမရှိဘူးရှင်… စိတ်မရှိပါနဲ့ ”
သူမ အချိုသာဆုံးလေသံနှင့် ငြင်းဆန်ကာ ထိုအဖိုးအိုနားမှ ခပ်သွက်သွက် ထွက်လာခဲ့လိုက်သည်။ ဒီအရပ်ဒီသေဆီသို့ လာတတ်သည့် အလှူရှင်များ၏ သွန်သင်ကျင့်ယူခဲ့မှုကြောင့် အသားဖြူဖြူ လူတစ်ယောက်ကို မြင်လျှင် တစ်ခုမဟုတ် တစ်ခုတောင်းဆိုတတ်ခြင်းကိုက သူမခံပြင်းဆုံး ခံစားချက် တွေထဲက တစ်ခုဖြစ်သည်။ သူမ မမွေးခင် နှစ်ပေါင်းများကတည်းက ဖြစ်တည်ခဲ့သည့် ဖြစ်ရပ်တွေမို့ မပြင်နိုင်ပေမယ့် အချိန် ဘယ်လောက် ကြာကြာ ကျင့်သား မရနိုင်သေးတာတော့အမှန် ။
သူမခြေလှမ်းတို့ကို အရှိန်မြှင့်ကာ ဆေးခန်းဆီရာဆီသို့အမြန် လှမ်းခဲ့ လိုက်တော့ ထိုကလေးကလည်း ထမင်းချိုင့် ကလေးကို ဆွဲကာ အပြေးကလေး သူမနောက်က လိုက်လာခဲ့သည်။ နှစ်ဦးသားတိတ်တဆိတ် တောင်ကုန်းလေး သုံးခုကို ဖြတ်လာခဲ့ပြီးမှ သတိတရဖြင့် ကလေးငယ် အားကြည့်လိုက်မိတော့ စောစောကလို တက်ကြွမှုတို့ ပျောက်ကွယ်လျက် ရှက်ရွံ့သည့် ဟန်တို့ဖြင့် သူမနောက်မှ လိုက်လာသည်ကို မြင်ရသည်။
“စိတ်မရှိပါနဲ့ကလေးရယ် ဆရာမ က တစ်ခါတစ်လေ စိတ်တိုတတ်လို့ပါ။ ”
“ဟုတ်ကဲ့ ”
ထိုကလေးငယ်၏ တုံးတိတိအဖြေနှင့် အတူ သူမတို့ပတ်ဝန်းကျင် ကလေး တိတ်ဆိတ် သွားပြန်သည်။
“ဆရာမ ကျွန်တော် ဒီတောင်ကုန်းပေါ်ကနေ သွားတော့မယ် ”
“အင်း..အင်း.. ကျေးဇူးတင်တယ်နော်။ သားက အခုဘယ်သွားမလို့လဲ။ မုန့်စားကျောင်း လွှတ်လို့အိမ်ပြန်တာလား”
သူမဒေါသတို့ဖြင့် မေ့လျော့ကာ ကလေးငယ်ကိုတောင် နှုတ်မဆက်ခဲ့ဖြစ်ခြင်း ကို အားတုံ့ အားနာဖြစ်ကာ သမကာ လျှံကာမေးလိုက်သည်။
“ဟုတ်ကဲ့ဆရာမ အခု မုန့်စားဆင်းချိန်။ ဒါပေမယ့် အိမ်မပြန်ဘူး… ကျွန်တော် ဟိုဘက်ရွာက စိုက်ခင်းမှာ ရေသွားလောင်းပေးမလို့။ စာမေးပွဲ နီးပြီလေ ဆရာမရဲ့။ ကျွန်တော့် ညီမလေးအတွက် ခဲတံ ၀ယ်ပေးရတော့မယ်။ ”
“သြော်… အေး… နောက်တော့ တွေ့တာပေါ့ကွယ် ”
“ဟုတ်ကဲ့…ဆရာမ ”
ပြေးပြေးပြောပြောနှင့် တောင်ကုန်းပေါ်သို့ ပြေးတက်သွားသော ကလေးငယ်၏ ကျောပြင်ကို ငေးကြည့်ရင်း အချိန်ကြာမြင့်စွာ ထည့်ထားမိသော ကုတ်အကျီ်ဘေးအိတ်ဆီမှ လက်တစ်ဘက်ကို ဖြေလျော့လိုက်သည်။
“မင်းကို မချစ်လို့ မပေးတာမဟုတ်ဘူး ..သားရယ်။ ဆရာမရဲ့ သကြားလုံးက မင်းဘ၀ရဲ့ ကြိုးစားချင်စိတ်တွေကို အပြီး ရိတ်သိမ်းပစ်မိမှာ စိုးလို့ပါ။ ”
သူမနှုတ်မှ ဖွဖွ ဆိုကာ တောင်ကွေ့လမ်း ကလေးအစွန်းဆီသို့ ချဉ်းကပ် လိုက်ပြီး သကြားလုံးများကို တောင်အောက် သစ်တောဘက်ဆီသို့ မျှောချပစ်လိုက်သည်။ ဒေသထွက် သကြားလုံးတချို့ကို ဆုပ်ကိုင်ထားသည့် သူမလက်တို့ကို ဖြေလျော့ခဲ့သော အဲဒီကာလများ၏ နောက်တွင်တော့ သူမဘ၀တွင် သကြားလုံးများဆောင်ထားတတ်သည့် အကျင့်တို့ ထာဝရ ပျောက်ကွယ်ခဲ့ရသည် မဟုတ်ပါလား။
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်

5 comments:
ဆရာမရယ်
လူကြီးတွေဆိုရင်တော့တမျိုးပေါ့
ကလေးတွေက သနားပါတယ် နားလည်အောင်ပြောရင်နားလည်ပါတယ် ကျတော်သာဆို ခဲ့တံ လေးတောင်ဝယ်ပေးမိမယ်ထင်တယ် ဒါပေမယ့် ဆရာမတွေးတာလည်း မှန်နိုင်ပါတယ်
ဇော်ထွန်း
မွန်းသက်ပန်ရေ
လာဖတ်သွားပါတယ်။ စာပြန်ရေးနေတာ တွေ့လို့ ၀မ်းသာပါတယ်။
ဆရာမ က “ဟနစံ” လား၊ ဟင်?
ဆရာမ ဘလော့ခ် ကို မကြာခဏ လာဖတ်ဖြစ်ပါတယ်။ ဟိုး တုံးကတော့ “ဟနစံ” ရဲ့၊ ဝေဒနာ မဟုတ်တဲ့ အထီး ကျန် ခြင်း၊ ငရဲကြီးတယ်ဆို တာဝယ်၊ စတာလေးတွေ ကို သဘော ကျ လွန်း လို့ ကျွန်တော် ကော်ပီ လုပ်ထားသေးတယ်။
မွန်းသက်ပန်က ဟနစံ ရဲ့  အဘွားပါ။
အလကားနောက်တာ။ ဟနစံနဲ့ မွန်းသက်ပန်နဲ့က အဖေမတူ အမေကွဲ ညီအစ်မပါ။ စာပေညီအစ်မတွေ..လောကအလှမှာ တူတူ။
ဟုတ်ကဲ့။
ကျေးဇူးတင်ပါ တယ်။
Post a Comment