Sunday, March 29, 2009

အရူးတယောက်ရဲ့ ည

ဒီလိုညတွေကမှ မရူးစေခဲ့င်

ဘယ်ဘ၀ကိုမှ ရင်ခုန်တော့ဘူး

ငယ်ငယ်ကလို

ဂွေလှိမ့်တမ်း ကစား ကြစို့်...



မွန်းသက်ပန် (ဆေး-၁)

ဆက်ဖတ်ရန်...

Tuesday, March 24, 2009

လုလင်ပျိုနှင့် ရတနာ

အမျိုးသားများအတွက် ရတနာဟာ အမျိုးသမီးများရဲ့ လက်ကိုင်အိတ်ထဲက ပစ္စည်းများလို ရှုပ်ထွေးနေစရာမလိုပေမယ့် သူတို့မှာလည်း လိုအပ်တဲ့ အသုံးအဆောင်တစ်ချို့ရှိနေပါတယ်။ အထူးတလည် တန်းဝင်နေစရာ မလိုပေမယ့် အမျိုးသားတစ်ယောက်ဟာ နေ့စဉ်သုံး အသုံးအဆောင် တချို့ကို စတိုင်လ်ကျကျ ဆောင်ထားနိုင်မယ်ဆိုရင် အဲဒီအမျိုးသားဟာ အထူးတလည် ခန့်ထည်နေမှာပါပဲ။

ဒီလိုပါပဲ အမျိုးသား တစ်ယောက်ရဲ့ ပုံမှန်ရူပကာထက် ပိုမိုခန့်ထည်နေမှုဟာ သူနဲ့ ပတ်သက်သူတစ်ယောက်ရဲ့ အရည်အချင်းနဲ့ သွယ်ဝိုက် စွာသက်ဆိုင်နေတယ်ဆိုတာ ဘယ်သူမှငြင်းနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် သင်ဟာ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သင့်မှာ အလွန်ချစ်စရာကောင်းတဲ့ အစ်ကိုတွေ၊ မောင်တွေ ရှိမယ်ဆိုရင်၊ ဒါမှမဟုတ် သင်သိပ်ချစ်တဲ့ ချစ်သူလေးရှိမယ်ဆိုရင်၊ ဒါမှမဟုတ် သိပ်ချောတဲ့ သားလေးတစ်ယောက်ရှိမယ်ဆိုရင် အမျိုးသားများ ဆောင်ထားသင့်တဲ့ ရတနာ ပစ္စည်းကလေးတွေကို သင့်လစ်လျူရှုမထားသင့်တာတော့ အမှန်ပါပဲ။

အဲဒီထဲက တစ်ချို့ကတော့…

၁။ Tie



သင့်ရဲ့ သက်ဆိုင်သူမှာ လည်စည်း အခု ၂၀ ထက်မက ရှိရင်တောင် သူ့မှာအလုံအလောက် ရှိနေတယ်လို့မဆိုနိုင်ပါဘူး။ သူတို့ရဲ့ အကျီပြောင်းလိုက်တာနဲ့ လည်စည်းလည်း လိုက်ဖက်ညီအောင် ပြောင်းလဲသွားရမှာမို့ အများအပြား ရှိနိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ။ သင့်ရဲ့ သက်ဆိုင်သူကို လည်စည်းမျိုးစုံ မထပ်အောင် ၀တ်ဆင်ပြီး လှစေချင်တယ် ဆိုရင်တော့ နံမည်ကြီးတံဆိပ်တွေထက် ခေတ်ပေါ်လည်စည်းမျိုးစုံက ပိုမိုသင့်တော်ပါလိမ့်မယ်။ တန်းဝင်တဲ့ လည်စည်းတွေကိုတော့ ထူးခြားလွန်းတဲ့ ဒီဇိုင်းရှိတဲ့အခါမှ ၀ယ်ယူသင့်ပါတယ်။ ဒီလိုပါပဲ အထူးတလည် ပွဲတက်ဖို့လိုလာတဲ့ အခါမှာလည်း ဒီဇိုင်းအရောင်တွေ စုံလွန်းတဲ့ ပေါ်ပင် လည်စည်းတွေထက် စာရင် အနက်ရောင် ဒါမှမဟုတ် မီးခိုးရောင်ပါဝင်တဲ့ ရိုးရှင်းတဲ့ တန်းဝင်လည်စည်းက အမျိုးသားတစ်ယောက်ကို ပိုမိုခန့်ထည်စေမှာဖြစ်ပါတယ်။

၂။ Cufflinks and/or tie clip

လည်စည်းနဲ့ တင့်တယ်နေမယ့် သင့်သက်ဆိုင်သူ အမျိုးသားအတွက် မရှိမဖြစ်တဲ့ ရတနာတွေမို့ သင့်ရဲ့ သက်ဆိုင်သူကို ဒါလေးတွေနဲ့ ဆင်ယင်ပေးခြင်းပေးမယ်ဆို သူ့ကို ပိုလို့ခန်ထည်စေနိုင်ပါတယ်။ သူ့ရဲ့ ကော်လာ အနားမှာ လက်ဖျံအနားမှာ စနစ်တကျရှိနေမယ့် အဲဒီ cufflinks လေးတွေကို သူနဲ့လိုက်ဖက်မဲ့ ပုံစံကို အရွယ်အစားအမျိုးအစားအလိုက် ရွေးချယ်နိုင်တာမို့ ပစ္စည်းရွေးချယ်မှုမှာ အခက်အခဲရှိနိုင်လိမ့်မယ် မထင်ပါဘူး။ လည်စည်းမှာ ထိုးလေ့ရှိတဲ့ ကလစ်အမျိုးအစားကတော့ ရှေးဆန်တဲ့ ပုံစံတစ်မျိုးမို့ သင့်ရဲ့သက်ဆိုင်သူဟာ ရိုးရိုးအေးအေးကလေးဖြစ်မယ်ဆို ပိုလို့ သင့်လျော်ပါလိမ့်မယ်။ ငွေရောင် ဒါမှမဟုတ် ရွှေအိုရောင် ကလစ်ကလေးဟာ လည်စည်းကလေးနဲ့ ယောက်ျားပီသ နေတဲ့ သူ့ရဲ့ ဟန်ပန်ကို ပိုလို့အားဖြည့်ပေးမှာဖြစ်ပါတယ်။

၃ ။ Money clip

အမျိုးသားတစ်ယောက်မှာ ငွေသားတွေကို သပ်သပ်ရပ်ရပ် ညှပ်ထားဖို့ကလစ်ကလေးတခု ရှိနေမယ်ဆိုရင် သူ့အိတ်ထောင်ထဲမှာထည့်ထားတဲ့ လက်ကိုင်ပိုက်ဆံကြောင့် ပွယောင်းယောင်းဖြစ်နေမှုကို အဲဒီကလစ်ကလေးက ဖြေရှင်းပေးပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ သူ့ကို ပိုလို့ ဆွဲဆောင်အား ကောင်းစေတယ်ဆိုတာတော့ သင်သိမှာပါလေ။ တကယ်လို့ သူက ပိုက်ဆံအိတ်ကိုပဲ ပိုနှစ်သက်မယ်ဆိုရင်တော့ အနက်ရောင် သားရေ ကလစ် ကလေးကို သုံးနိင်ပါတယ်။ အစွန်းခံသံမဏိနဲ့လုပ်ထားတဲ့ ငွေစ ညှပ်ကလစ်နဲ့ အသားရောင် သားရေကလစ် နှစ်မျိုးစလုံးက သူ့ကိုခန့်ထည်စေမှာ အမှန်ပါပဲ ။

၎။ Belt

သင့်အနေနဲ့ ဂရုပြုစရာ အချက်ကတော့ သူ့ခါးပတ်နဲ့ ဖိနပ်တို့က လိုက်ဖက်ညီတဲ့ အရောင်ဖြစ်နေဖို့ပါပဲ။ စတိုင်ကျတဲ့ ခါးပတ်တစ်ခုက အမျိုးသားတစ်ယောက်အတွက် မရှိမဖြစ်လိုတဲ့အရာ ဆိုတာ ပျိုမေတို့ သိထားမယ်ဆိုရင် ပျိုမေတို့ရဲ့ သက်ဆိုင်သူကို ဘယ်လို ဆင်ယင်သင့်တယ်ဆိုတာ သိနိုင်မယ်ထင်ပါတယ်။ စတိုးဆိုင်တစ်ခုမှာ သူ့အတွက် ပထမဆုံးခါးပတ်ကို ၀ယ်မယ်ဆိုရင်တော့ ငွေရောင်ခါးပတ်ကွင်းနဲ့ အနက်ရောင် သားရေခါးပတ် ဟာ သင့်ရဲ့ သက်ဆိုင်သူအတွက် အကောင်းဆုံးခါးပတ် တစ်ခုဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် သင့်ရဲ့သက်ဆိုင်သူကို တစ်ခုမက ၀ယ်ပေးချင်တယ်ဆိုရင်တော့ နောက်တစ်ခုအနေနဲ့ အညိုရောင် သားရေကြမ်း ခါးပတ်က ဆန်းသစ်တဲ့ အသွင်အပြင်ကိုပေးဖို့ ထောက်ပံ့ပေးပါလိမ့်မယ်။


၅။ Bag

ပျိုမေ နဲ့အတူ ဈေးဝယ်ထွက်စဉ်က ပျိုမေတို့ရဲ့ လက်ကိုင်အိတ်ကြီးကြီးကို ဆွဲပေးရင်း အနားကလိုက်တတ်တဲ့ သင့်ရဲ့ သက်ဆိုင်သူမှာ အဲဒီလက်ကိုင်အိတ်ကြောင့် အနေခက်ခဲ့တာမျိုးရှိခဲ့တယ် ဆိုတာ သင်သာ သူ့ကိုအရိပ်တကြည့်ကြည့်နဲ့ အလိုက်တသိ ရှိနေမယ်ဆိုရင် သတိထားမိပါလိမ့်မယ်။ ဒါကြောင့် သူ့အတွက် လက်ကိုင်အိတ်တစ်ခုကို သင်ရွေးချယ်ပေးတဲ့အခါ သူနဲ့လိုက်ဖက်ဖို့ သင် စဉ်းစားရပါလိမ့်မယ်။ အရေးကြီးတဲ့ စာရွက်စာတမ်း၊ ငွေသား၊ သော့နဲ့ လက်ကိုင်ဖုန်း သယ်ဆောင်ဖို့ အညိုရောင် ဒါမှအဟုတ် အနက်ရောင် လက်ကိုင်သေတ္တာဟာ အသုံးဝင်ရုံသာမက သင့်ရဲ့သက်ဆိုင်သူကို အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ပေါ်လွင်စေမှာဖြစ်ပါတယ်။

၆။ Business card case

အရေးပါတဲ့ အချက်အလက်ကလေးတွေပေးနိုင်တဲ့ Business card တစ်ခုရှိနေခြင်းဟာလည်း အမျိုးသားတစ်ယောက်အတွက် အဓိကကျတဲ့ ရတနာတစ်ပါး ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီကဒ်ကလေးတွေကို သင့်လျော်တဲ့နေရာမှာ ထည့်ထားတတ်ဖို့လည်း အရေးကြီးပြန်ပါတယ်။ business card တစ်ခုရဲ့ စွမ်းအင်ဟာ သူကိုထည့်ထားရာ နေရာဖြစ်တဲ့ အိတ်ထောင်ထဲ ဒါမှမဟုတ် ခန့်ထည်တဲ့ ဗူးကလေးထဲ ဆိုတာကိုလိုက်ပြီး အဲဒီအမျိုးသားရဲ့ ဂုဏ်ကို အကျိုးသက်ရောက်စေပါတယ်။ သပ်ရပ်သေချာစွာ ထည့်ထားတဲ့ business card ကလေးဟာ သင့်ရဲ့သက်ဆိုင်သူကို အများက ထူးကဲစွာ သတိရရှိစေနိုင်မယ့် အချက်တစ်ချက်ဖြစ်ပါတယ်။

၇။ Pen

ပျိုမေရဲ့ သက်ဆိုင်သူဟာ တွေ့ဆုံပွဲတစ်ခုမှာ ရောက်နေပြီး အရေးကြီးတဲ့ အကြောင်းအရာတစ်ခုနဲ့ လက်မှတ်ထိုးဖို့ အကြောင်းရှိလာတဲ့အခါ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဆီမှာ ဘောပင်တစ်ချောင်း ငှားရတာထက်စာရင် သူ့အိတ်ထောင်ထဲက ဘောပင်ကလေးကို စတိုင်ကျကျ ထုတ်ပြီးရေးနေတာကို သင်မြင်ချင်မယ်ဆိုတာ ငြင်းလို့ရမယ်မထင်ပါဘူး။ လက်မှတ်ကလေးထိုးရုံ၊ လမ်းညွှန်ရေးရုံ၊ အရေးကြီးတဲ့ဖုန်းနံပါတ်ကလေး မှတ်ရုံလိုတယ်ဆိုပေမယ့် အဲဒီ ရတနာတစ်ပါးဖြစ်တဲ့ ဘောပင်ကလေးတစ်ချောင်းကပဲ သင့်ရဲ့သက်ဆိုင်သူကို လူတကာကြားမှာ ခန့်ထည်စေမှာမို့ သူနဲ့ လိုက်ဖက်မဲ့ ဘောပင်လေးတစ်ချောင်းကို သူနဲ့အတူရှိနေစေဖို့ ပျိုမေ့မှာ တာဝန်ရှိပြန်တာပဲ မဟုတ်လား ။

၈။ Watch

သင့်တင့်လျှောက်ပတ်တဲ့ လက်ပတ်နာရီတစ်လုံးဟာ အမျိုးသားများအတွက် မရှိမဖြစ်လိုအပ်တဲ့ ရတနာတပါးပါပဲ။ ဒါကြောင့် သူတို့ရူပကာကို ပိုမိုခန့်ထည်စေမယ့် ၊ လူကြီး လူကောင်းတစ်ယောက်ရဲ့ ဂုဏ်သရေကို ပိုမိုတိုးပွားစေမယ့် အချိန်မှန်ကန်တိကျတဲ့ နာရီတစ်လုံး သူ့ရဲ့ လက်မှာဝတ်ဆင်ထားမယ်ဆို သူ့ကို ပိုမိုလို့ခန့်ထည်စေပါလိမ့်မယ်။ အဲဒီလို ပြောင်မြာက်တဲ့ လက်ပတ်နာရီတစ်လုံးကို ဆင်ယင်ပေးဖို့ သင်ရဲ့ ငွေကြေးကို ဘယ်လောက်သုံးစွဲမယ်ဆိုတာ စဉ်းစားစရာ အချက်တစ်ခုဖြစ်လာပါလိမ့်မယ်။ Rolex အမှတ်တံဆိပ်ဟာ သူ့အတွက် အကောင်းဆုံးနာရီတစ်လုံးဖြစ်မယ်လို့ သင် သေချာပြောလို့ မရနိုင်ပါဘူး။ ပျိုမေတို့အနေနဲ့ သုံးစွဲသင့်တဲ့ ပမာဏကို တွက်ချက်ပြီးတဲ့အခါ Rolex နာရီကလေးပဲ သူ့အတွက် အကောင်းဆုံးဖြစ်ချင် ဖြစ်လာနိုင်သလို အခြားအခြားသော နာရီအချို့ဟာလည်း သူ့ကို သင့်တင့်လျှောက်ပတ်တဲ့ ခန့်ထည်မှုတွေနဲ့ သင့်အိပ်မက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အရည်အချင်း တစ်ချို့ရှိတယ်ဆိုတာကို သတိရမယ်ဆို သင့်အတွက် နာရီတစ်လုံးရွေးချယ်မှုက အဆင်ပြေချောမွေ့ပါလိမ့်မယ့်။



၉။ Umbrella

တကယ်လို့များ အမျိုးသားတစ်ယောက်အနေနဲ့ ထီးတစ်လက်ကို ခရီးဆောင် အဖြစ်သယ်ဆောင်ဖို့ တစ်စုံတစ်ဦးကပြောလာမယ် ဆိုရင် မြန်မာတို့ပတ်ဝန်းကျင်မှာ အနည်းငယ်ထူးဆန်းတယ်လို့ သင်ထင်မြင်ချင်မြင်ပါလိမ့်မယ်။ အမျိုးသမီးများလို ဒီဇိုင်းအစုံနဲ့ ထီးတစ်ချောင်း ဒါမှ မဟုတ် တန်ဖိုးကြီးလွန်းလှတဲ့ ထီးတစ်ချောင်း ရှိစရာမလိုပေမယ့် အနက်ရောင်ထီးတစ်ချောင်းကို ဆောင်ထားခြင်းအားဖြင့် သင့်ရဲ့ သက်ဆိုင်သူဟာ လူတကာထက် ပိုမိုစွဲဆောင်အားကောင်းနေမယ်ဆိုတာကို သင်တွေ့ရပါလိမ့်မယ်။

သူလုပ်နေတဲ့ ကုမ္ပဏီထုတ်ထီးတစ်ချောင်းကို ဆောင်ထားးတာဟာလည်း သူ့အတွက် ဂုဏ်ငယ်စေမှာ မဟုတ်စေပြန်ပါဘူး။ သူကိုင်ထားတတ်တဲ့ ထီးကလေးဟာ နှစ်ယောက်ဆောင်းလောက်အောင် လုံလောက်နေမယ်ဆိုရင်တော့ သင်နဲ့ အပြင်သွားတဲ့ရက်တွေမှာ နွေးထွေးမှုတစ်ခုကိုပါ သင်အပိုဆောင်းရနိုင်မှာဖြစ်ပါတယ်။


၁၀။ Scarf and black leather gloves

တစ်ချိန်တည်းမှာပဲ မာဖလာတစ်ခုဟာလည်း ဘယ်လိုမှ မေ့ထားလို့မရတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ တကယ်လို့ သူဟာ အေးချမ်းတဲ့ ဒေသတစ်ခုမှာ ရောက်နေမယ်ဆိုရင် သူ့အတွက် မာဖလာလှလှ ကလေးတစ်ခု ၀ယ်ပေးလိုက်ဖို့မမေ့ပါနဲ့လေ။ အနက်ရောင်၊ ခဲရင့်ရောင်၊ အသားရောင် သိုးမွေး မာဖလာတွေဟာ ဘယ်သူနဲ့ဖြစ်ဖြစ်လိုက်နိုင်တဲ့ အရာတွေမို့ အဲဒီအရောင်ကလေးတွေ ကိုအရင်စဥ်းစားသင့်ပါတယ်။ လက်အိတ်အနက်ကလည်း သင့်ရဲ့ သက်ဆိုင်သူကို ပိုလို့ အဆင့်မြင့်မြင်နဲ့ခန့်ငြားအောင် လုပ်ဆောင်ပေးမှာဖြစ်လို့ သားရေလက်အိတ် အနက်ကလေးကိုပါ တစ်ခါတည်း ဆင်ပေးမယ်ဆိုရင်တော့ ပြည့်စုံပြီပေါ့နော်။

၁၁။ Lighter

ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေတာကြောင့် သူဆေးလိပ် မသောက်တတ်ရင်တော့ အစ လုပ်ပြီး ၀ယ်မပေးတာကောင်းပါလိမ့်မယ်။ ဒါပေမယ့် မီးခြစ်ဆိုတဲ့ အရာက ဆေးလိပ်သောက်ရုံ သက်သက် တီထွင်ထားတာ မဟုတ်လို့ ပျိုမေတို့အနေနဲ့ အစွန်းတစ်ဘက်ကိုချည်းတော့ မတွေးလိုက်စေချင်ပါဘူး။ တကယ်လို့များ သူဟာ ဆေးလိပ်သောက်တတ်သူဖြစ်မယ်ဆိုရင်တော့ ငွေရောင် ဒါမှမဟုတ် အနက်ရောင် မီးခြစ်ကလေးကို သင်ကိုယ်တိုင် ၀ယ်ပေးပြီး သင့်ရဲ့ သဘောထားကြီးမှုနဲ့ အလိုက်သိမှုကို ပြဖို့ အခွင့်အရေးရှိတယ် ဆိုပါတော့။ တစ်ချိန်တည်း မှာပဲ ဒီလိုလုပ်ပေးတာဟာ သူဆေးလိပ်သောက်အောင် အားပေးအားမြှောက်လုပ်ပေးနေတာ မဟုတ်ဘဲ သူ့မှာရှိနေရင် ပိုမိုတင့်တယ်စေမယ့် ပစ္စည်းတစ်ခုဖြစ်တာကြောင့် သင်ဆောင်ထားစေချင်တာကို သူသိအောင် ရှင်းပြနိုင်မယ်ဆို သင့်ရဲ့ သက်ဆိုင်သူကလည်း အသိခက်မဲ့သူမဟုတ်တာမို့ သူနားလည်နိုင်ကောင်းပါရဲ့လေ။

ကဲ… သင်ဟာ လုလင်ပျိုတစ်ယောက်ဖြစ်မယ်ဆိုရင် ဒါလေးတွေ သိပြီးချိန်မှာ သင့်အတွက် လိုအပ်ချက်တွေကို ကိုယ်တိုင်ဖြည့်ဆည်းနိုင်ဖို့ အထောက်အကူဖြစ်နိုင်သလို။ သင်ဟာ အမျိုးသမီးတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင်တော့ သင့်ရဲ့ သက်ဆိုင်သူအတွက် ရတနာ ရှာပုံတော်ဖွင့်ရအောင် သူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်ဖို့ ချိန်းကြရအောင်လား။



မွန်းသက်ပန် (ဆေး - ၁)

လောကအလှ အွန်လိုင်း မဂ္ဂဇင်း

၂၀၀၉ ခုနှစ် မတ်လ ၂၀ ရက်

ဆက်ဖတ်ရန်...

Thursday, March 12, 2009

သူမနှင့် ပန်းသီးကိုကို

ဆောင်းအကုန် လို့ ဆိုပေမယ့် ရန်ကုန် ရာသီဥတုက ခါတိုင်းနှစ်တွေထက် အေးစက်လို့နေသည်။ အအေးဒဏ် မခံနိုင်ပေမယ့် မနက်စောစောဆေးရုံ ward round ရမှာမို့ သူမ အိမ်မှစောစီးစွာ ထွက်လာခဲ့လိုက်သည်။

………………………………………..

ထင်တဲ့အတိုင်းပါပဲ ။ ဆေးရုံ အပေါက်ဝမှာ သူမ လာမည့်လမ်းကို မျှော်နေတတ်သည့် သနပ်ခါးပါးကွက်ကြားနှင့် အသက် လေးဆယ်ခန့် လူတစ်ဦးကို ခါတိုင်းနံနက်တွေလိုပင် တွေ့လိုက်ရသည်။





သူမ ဆေးကျောင်းတက်သည့် တောက်လျှောက် ၀ိုင်းဝိုင်းလည်သည်လို့ ပြောလို့ရလောက်အောင် သူမကိုကြိုက်တဲ့သူ မပေါပေမယ့် ညိုချောလို့ပြောနိုင်သည့် သူမမှာ အတန်အသင့် ရွေးချယ် ဖို့က ရှိပြီးသား။ အဲဒီအချိန်ပိုင်းတွေက စာကလွဲလို့ ဘာမှစိတ်မ၀င်စားတတ်တဲ့ သူမတစ်ယောက် အခုလို အထူးကု ဆရာဝန်လည်းဖြစ်၊ အသက်ကလေးကလည်း ၃၅ နှစ်အထက် မခို့တရို့လေးကျော်တက် လာသည့်အခါမှ ဘယ်ကဘယ်လိုဖြစ်သည်မသိ ။ သစ်ရွက်လှုပ်တိုင်း မရယ်ချင်ပေမယ့် သနပ်ခါး ပါးကွက်ကြားနှင့် ထိုပုဂ္ဂိုလ်ကို မြင်လေတိုင်း သူမ ရင်တွေခုန်တတ်တာတော့ အမှန်။ အခုလည်း အနည်းငယ်မြန်လာသည့် ရင်ခုန်သံ ကို လစ်လျူရှုကာ အိနြေ္ဒဆယ်ရင်း ဂျူတီကုတ်ကို လက်ကပိုက်ပြီး ဆေးရုံဆီသို့ လျှောက်လာခဲ့သည်။

ထိုသူက လက်ကလေးနောက်ပစ်ကာ သူမလာရာလမ်းဘက်ကို မျက်နှာမူလျှက် သူမကို ပြုံးပြဖို့ ကြိုးစားနေဆဲ။ ဒါကလည်း ထိုလူ နေ့  တိုင်း လုပ်နေကျ အပြုအမူတွေ ထဲက တစ်ခု ပဲမို့ သူမ အနည်းငယ်ပြုံးပြကာ ထိုသူ့ အနားက ဖြတ်သွားတဲ့အခိုက် အနောက်မှ လိုက်လာသော ခြေသံကြောင့် သူမလက်ဖျားများ အေးစက်လွန်းရပြန်သည်။

“ဆရာမ … ဆရာမ…”

အသံကြားရုံဖြင့် သူမနှလုံးခုန်ချက်တို့က သိသိသာသာ မြန်လာပြီးနောက် ထိုသူ့ဆီအား တစ်ချက် လှည့်ကြည့်မိ တော့ လက်ထဲမှ ပန်းသီတစ်လုံးကို ကိုင်ကာ သူမ အနောက်မှ အပြေးတပိုင်း နှင့်လိုက်လာနေသည်ကိုတွေ့လိုက်ရသည်။ သူမ တစ်ယောက် ဘယ်လို
ဖြစ်တယ်ရယ် မသိ ဆေးရုံရှိရာ သို့အမြန်ပြေးသွားလိုက်မိတော့ ထိုသူ က ဆက်မလိုက်တော့ပဲ ဆေးရုံသို့သွားရာ စင်္ကြန်လေးမှာ ကျန်ရစ်ခဲ့သည်။

တကယ်တော့ လည်း ထိုသူက သူမနှင့် တစိမ်းပြင်ပြင်ကြီး မဟုတ်လှ။ သူမ အလုပ်လုပ်ရာ ဆေးကုသဆောင် အမှတ် ၁၁- ၁၂ တွင်တက်နေသော ဆီးချိုဝေဒနာရှင် အဒေါ်ကြီး၏ သားဖြစ်ပုံရသည်။ သူမ ward round ချိန်မှာ အနီးအနားရှိ အခန်းထောင့်တွင် ကပ်ကာ သူမတို့ ဆွေးနွေးတာကို နားထောင်နေတတ်သလို တခြား ကုတင်များသို့ ပြောင်းရွှေ့ပြီး အလုပ်လုပ် လျှင်လည်း အနီးအနားကုတင်တခုမှ သူမကို တစေ့တစောင်း ကြည့်နေ တတ်သည့် ထိုသူက ဒီရက်ပိုင်း မနက်တိုင်းမှာ သူမ လာရာလမ်းမှာ စောင့်နေတတ်တာကို သတိထားမိပြန်သည် ။ ခါတိုင်း နံနက်တွေမှာ ပြုံးပြနှုတ်ဆက်ရုံသာ ပြုမူတတ်သော ထိုသူက ခုတော့ ဘာကြောင့်များ အနောက်က လိုက်လာရတာပါလိမ့်….။ သူမအတွေးမျှင်တန်းကိုဖြတ်ကာ လှေခါးကို ခပ်သုတ်သုတ် လှမ်းတက်လိုက်သည်။ သူမ ရပ်ပြီးစကား မပြောဖြစ်တာဟာ သူမအလုပ်ကို နောက်မကျစေချင်လို့ဟု မိမိဘာသာ အကြောင်းပြချက်ပေးနေပေမယ့် ရင်ခုန်နှုန်း ပုံမှန်မဖြစ်သေးတာကိုတော့ သူမ ဖြေရှင်းချက်ပေးလို့မရ ဖြစ်နေဆဲ…။

……………………………………..

Ward ထဲမှာ ခါတိုင်းနေ့တွေထက်ပိုပြီး လူတွေ ယောက်ယက်ခတ် နေသည် ဟု သူမ ထင်လိုက်သေးသည်။ အလုပ်သင်ဆရာဝန် ကလေးများ ကလည်း ခါတိုင်း ထက်ပိုတောက်ပသည့် အ၀တ်အစားများနှင့် လှပလို့နေသည်။ အလုပ်သင်ဆရာဝန်ကလေး တွေကို ကြည့်ပြန်လျှင်လည်း ရှိုးအပြည့်နှင့်။ အချို့  က လှလှပပ ထုပ်ပိုးထားသော လက်ဆောင်ထုပ်ကလေးများကိုင်ကာ ward ထဲသို့ဝင်လာတာတွေလည်း ရှိသည်။

“ဘာတွေ ဖြစ်နေပါလိမ့်နော်…”

သူမခေါင်းကလေးကုတ်ကာ ခဏတာ စဉ်းစားလိုက်ပြီး သူမ လူနာများကြားမှာ အလုပ်ရှုပ်နေပြန်သည်။ လူနာသစ်တင်သည့် ရက်ဖြစ်တာမို့ အလုပ်တွေနှင့် ပိကာ နေ့လည် ၂ နာရီလောက်မှ ထမင်းစားဖို့သတိရလိုက်သည်။ ပုံမှန်ဆို နေ့လည် ထမင်းစားချိန်မှာ လက်ထောက် ဆရာဝန်ကလေးများ ၊ အလုပ်သင်ဆရာဝန်ကလေးများနှင့် ထမင်းစားလျက်ရှိသော သူမတယောက် အလုပ်သင်ဆရာဝန်အခန်းသို့ လှမ်းလာခဲ့လိုက်သည်။ ခါတိုင်း ရယ်သံဗရဗွနှင့် ဆူညံနေတတ်သော ထိုအခန်းကျဉ်းကလေးက အခုတော့ တိတ်ဆိတ်လို့နေပြီး အခန်းတွင်းမှာ တော့ အလုပ်သင်ဆရာဝန် အနည်းငယ်ကိုသာ တွေ့ရသည် ။ အခန်းထောင့်တစ်ခုမှာ အလုပ်သင်ဆရာဝန်မလေး တစ်ယောက်က ရှက်ပြုံးကလေး ပြုံးကာ ပါဆယ်ထုပ်တစ်ခုကို ဖောက်နေပြီး ဒီအလုပ်သင် ကာလတစ်ခုလုံး နောက်ပိုးပိုးနေသော ဇော်သန့်ဆိုသည့် တာဝန်ခံ ဆရာဝန်ကလေး ကမလှမ်းမကမ်းမှ သူမအား ခပ်ပြုံးပြုံးလေး ကြည့်လျက်။

ဒီဘက်ထောင့် ဆေးထည့်ထားရာ ဗီရို နားတွင် ညစ်တစ်တစ်နိုင်လှသော အလုပ်သင်ဆရာဝန်လေး က ခဲတံဖြင့် ပန်းချီကားငယ်လေးတခုကို သည်းကြီးမဲကြီး ဆွဲနေသည်။ ဖက်တီးမလေး မွန်မွန်ကတော့ အရာအားလုံးက သူနှင့်မဆိုင်သလို သဘောပိုက်ကာ ward round လိုက်ထားသော အကြောင်းအရာများကို စာအုပ်တွင် ပြန်မှတ်ရင်း နိုက်ဂျူတီသမားများအား မှာစရာများကို ရေးနေသည်။

“ဟဲ့ ကလေးတွေ… ကျန်တဲ့သူတွေ ဘယ်ရောက်သွားသလဲ …မမ ward round မှာလည်းမတွေ့ပါလား”

အလုပ်သင်ဆရာဝန်ကလေးများ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ

“သူတို့ အပြင်မှာ မုန့်ခဏသွားစားပါတယ် မမ ”

“အဲ.. မဟုတ်ဘူး ထွန်းဝင်းက ဈေးမှာ လက်ဆောင် သွားဝယ်တာ မမ …”

“ခဏနေပြန်လာမှာပါ .. မမ… ”

သူတို့ပြောသော မညီမညွတ် စကားလုံးတွေရဲ့ ဇစ်မြစ်ကို စပ်စုရင်း သူမအခန်းရှိရာ သို့ ခပ်တွေတွေကလေး ပြန်လာခဲ့သည်။ သူမကိုယ်သူမ ငယ်ရွယ်နုနယ်တုန်းလို့ ထင်မိပေမယ့် တစ်ခါတစ်ခါ ခေတ်နှင့် အဆက်အသွယ်ပြတ်သွားတတ်တာ သတိထားမိလာသည်။ မနေ့  က ဆေးခန်း မသွားခင် ရန်ကင်း စင်တာမှာ မေမေ့အတွက် မုန့်ဝယ်တုန်း ကတည်းက ရန်ကင်းစင်တာက အရင်ရက်များထက် ပိုမိုစည်ကားနေသည်ဟု သူမထင်မိပါလျက် မသိလိုက်မသိဘာသာ ပြုကာ သူမ အမြန်ပြန်ထွက်လာ ခဲ့သည် မဟုတ်လား။

Valentine’s Day ဆိုသည့် စကားလုံး အသုံးအနှုန်းက သူမပတ်ဝန်းကျင်မှာ ပျောက်ပျက်လို့  နေတာ အခုဆို လေး ငါးနှစ်လောက် တောင်ရှိတော့မည် ထင်သည်။ အထူးကု သင်တန်းတက်သည့်တလျှောက် နောက်… နိုင်ငံခြားမှာ ဒီပလိုမာဘွဲ့ အတွက် ကြိုးစားနေခဲ့သည့် နှစ်အနည်းငယ် အဲဒီအချိန်တွေ အားလုံးမှာ သူမအတွက် Valentine’s Day ဆိုတာကို သတိရဖို့ အဖြစ်က မကြုံခဲ့သလို အချိန်ကလည်းသိပ်မပေးလှ။

ငယ်ငယ်တုန်းကဆိုရင်တော့ ဒီလိုနေ့မျိုးမှာ သူမအိမ်ရှေ့က ခြံစည်းရိုး
မှာ နှင်းဆီပန်းအချို့ကို တွေ့ရတတ်သလို စာတိုက်ကတဆင့် လာတဲ့ ပိုစ့်ကဒ်တွေနှင့် သူမအတွက် အဆန်းအပြားဖြစ်စေတဲ့ နေတစ်နေ့ မဟုတ်လား။ တစ်ခါတစ်ရံဆို ချောကလက်တွေ ဒါမှမဟုတ် ပန်းသီးကလေးတွေ။

“ပန်းသီး….. ပန်းသီးးး..”

သူမနှုတ်မှ တိုးတိုးလေး ရေရွှတ်ကာ ထိုပုဂ္ဂိုလ်နှင့် မနက်ကတွေ့ဖြစ်ခဲ့သော အဖြစ်အပျက်ကလေးကို သတိရလိုက်မိသည်။


အို…. ငါဘာလို့များ ထွက်ပြေးခဲ့မိပါလိမ့်။

မဟုတ်ဘူး… ပြေးသင့်တယ်လေ။ တော်ကြာ အဲဒီလူက ငါ့ကို ချစ်တယ်လို့ပြောလာရင် ဘယ်လိုလုပ်မလဲ။ သူ့အကြောင်းလဲ ငါကသေချာသိတာမဟုတ်…

အာ… ဒါကတော့ အစကဘယ်သိမလဲ။ ဒီလိုသာ ထွက်ပြေးနေရင် တစ်သက်လုံး အထီးကျန်ဖြစ်မယ်။ ပြောတာ က လူတိုင်းကို လိုက်ရောနေဖို့ မဟုတ်ဘူး လေ။ ကိုယ့်နှလုံးသား က ဘာပြောတာလဲ ပြန်နားထောင်ဦးမှပေါ့။ ခု သူ့ကိုတွေ့တိုင်း ရင်ခုန်နေတယ် မဟုတ်လား…

ကဲ … ဒါကတော့ ငါကြောက်လို့လည်း ဖြစ်နိုင်တာပဲလေ…

အပိုမပြောနဲ့ မိန်းမ... လူနာစောင့်တွေနဲ့အများကြီး စကားပြောဖူးတယ်။ နိုင်ငံခြားမှာတောင် တစ်နှစ်ကျော် နေဖူးတယ်၊ လာပြီးရည်းစား စကား ပြောတဲ့သူတွေကိုလည်း အေးအေးဆေးဆေး ပြန်ငြင်းခဲ့ဖူးတယ်။ ဘာကြောက်တာလဲ..

နေဦးဟ ၊ ခုဟာက လူနာစောင့်နဲ့ ဆရာဝန်ဟ၊ ငါ့မှာ စောင့်ထိန်းရမယ့် စည်းတွေ ရှိတယ်။ အဲလို အရှုပ်အရှင်း ဖြစ်ရင်မကောင်းဘူး။

ဟဲ့… ဟိုက တစ်သက်လုံးနင့်လူနာ ဖြစ်နေမှာမှမဟုတ်တာ၊ ဆေးရုံက ဆင်းသွားပြီး နင့်ဆီကို လာလည်လည်း ရတာပဲ။ သူ့မှာ အရည်အချင်းရှိရင် ပြောပါတယ်။ နောက် သူ့မှာပြောစရာဘာတွေ ရှိသလဲ နင်နားထောင်မှပေါ့။ အတွေးမခေါင်စမ်းပါနဲ့လေ။

အင်း.. ဟုတ်တယ် ဟုတ်တယ်။ အရင်ဆုံးဘာလဲဆိုတာ သိအောင် လုပ်ရမယ်။

သူမအတွေးနှင့် သူမ ငြင်းခုံရင်း အဆုံးသတ်မှာ သူမ လက်ပတ်နာရီကို ကြည့်မိတော့ လေးနာရီထိုးဖို့ ၁၅ မိနစ် သာသာလေးအလို။ သူမ စားပွဲ ကလေးတွင်ထိုင်ကာ လက်ကိုင်အိတ်ထဲမှာ နှုတ်ခမ်းနီခပ်ဖျော့ဖျော့ကလေး ကိုထုတ်ဆိုးရင် အလှပြင်နေလိုက်သည်။ ပေါင်ဒါပါးပါးကိုပါ မျက်နှာမှာ မှုန်းရင်း သူမသီချင်းဆိုနေဖြစ်သေးသည်။

သူမရဲ့ စိတ်တို့က နုနယ် တက်ကြွနေကာ ၊သူမရဲ့ Valentine’s အမှတ်တရတစ်ခု ဖြစ်ခဲ့သည့် သူမ ကားဖြူဖြူကလေး တံခါးနားမှာ ချထားခဲ့တဲ့ ရာဇာ ကိုယ်တိုင်စိုက်ထားခဲ့တဲ့ အသည်းပုံဘွန်ဇိုင်း ပင်ပုပုကလေး ကို လက်ခံရယူခဲ့တုန်းကလို ရင်တလှပ်လှပ်ခုန်လို့နေသည်။ ညနေပြန်ခါနီးမို့ အခန်းထဲမှာ ပစ္စည်းများကို ၀ိုင်းကူ သိမ်းပေးရန် သူနာပြုဆရာမလေး မမိုင် ၀င်လာတော့ သူမ အလှပြင်တာကို ခဏ ရပ်ထားလိုက်သည်။ အလိုက်သိတတ်သော မမိုင်က အခန်းပြင်သို့ အမြန်ပြန်ထွက် သွားပေမယ့် ပြုံးစိစိ မျက်နှာပေးကလေးနှင့်။

လေးနာရီ ။ သူမ အခန်းပြင်ထွက်ဖို့  ရာကို ၀န်လေးလို့နေသည် ။ မထွက်ချင်တာထက် မထွက်ရဲတာ ကပိုမည်ထင်သည်။ ထိုသူ့ကို တွေ့ရင် ဘယ်လိုရင်ဆိုင်ရပါ့။ လေးနာရီခွဲ ၊အင်း အိမ်ပြန်ချိန်တန်ပြီ ။ သူမ အခန်း အပြင်သို့ အသာလေးထွက်လာမိသည် ။ အသာလေးဆိုရ အောင် လည်း ထိုပုဂ္ဂိုလ်မမြင်အောင် သူမထွက်ပြေးချင်တာတော့မဟုတ်။

“အင်း …ခက်ပြီ …ခက်ပြီ ”
ဆေးရုံ စင်္ကြံလျှောက် လမ်းလျှောက် လာပေမယ့် ထိုသူ၏ အရိပ် အယောင် လေးတောင် မတွေ့ရတော့ သူမ ရင်မှာ ဟာလို့နေပြန်သည်။ သူမ ဆေးရုံရှေ့ စင်ဝင်အောက်ရောက်တော့ သူမကား နီနီကလေးကို လှမ်းကြည့်လိုက်သည်။

“အယ်… ”

ထိုပုဂ္ဂိုလ်က သူမကားရှေ့  မှာ အခန့်သားရပ်လို့ ။ လက်ကလေးနောက်ပစ်ထားသဖြင့် မမြင်နိုင်ပေမယ့် သူမ မမှားဘူး ဆိုလျှင် ထိုသူ့လက်ထဲမှာ ပန်းသီးတစ်လုံးရှိနေနိုင်သည်။ ၀ှက် ထားတဲ့ ပန်းသီးလေးလေ ။ မနက်ကတည်းက သူမအား ပေးရန် ကြံရွယ်ထားသော ပန်းသီးလှလှကလေး။ နယ်ကလာတဲ့ တောသားကြီး ပေမယ့် Valentine’s Day ဆိုတာတော့ စိတ်ဝင်စားပါလား ။ ဒီလိုဆိုတော့လည်း နည်းနည်းတော့ ကဗျာဆန်သား။ သူမကိုမြင်သည်နှင့် ထိုပုဂ္ဂိုလ်က ကိုယ်ဟန် အနည်းငယ် ပြင်လိုက်ပေမယ့် သူမကားရှေ့  မှာ ပိတ်ရပ်နေတာကိုတော့ မဖယ်။ ထိုသူက သူမကိုလှမ်းတွေ့နေတာမို့ မထူးတော့တာကြောင့် ကားဆီသို့ ဦးတည်သွားနေပေမယ့် သူမတကိုယ်လုံး တဆတ်ဆတ်တုန်လို့..။ ကိုယ်ကိုကိုယ် ပြန်ဝန်ခံရလျှင်လည်း ရှောင်ပြေးဖို့ သူမမှာ ဆန္ဒမရှိတာအမှန်…။

“ဆရာမ … ”

လေးလေးပင်ပင် ခေါ်လိုက်သော ခပ်သြသြ အသံတို့က တုန်ယင် နေကြောင်း သူမ သတိထားလိုက်မိပေမယ့် သူမကိုယ်တိုင်လည်း မနည်း အိနြေ္နဆယ်နေရတာမို့ မျက်လုံးကလေးပင့်ကာ တချက်ကြည့်လိုက်ရင်း အသာရပ်နေလိုက်သည်။

“ဆရာမကို စကားပြောခွင့်ရဖို့ ကျုပ် စောင့်နေတာကြာပြီ ဆရာမ။ကျုပ်မပြောရဲ လို့ မနက်တိုင်း မနက်တိုင်း ဆရာမဆေးရုံလာမယ့် အချိန်ကို စောင့်ရင်း နဲ့ပဲ ဒီနေ့ဒီအချိန်ထိ စကားမပြောဖြစ်တာပါ။ သူမတယောက် ဘာပြန်ပြောရမှန်းမသိတာမို့ လက်ထဲမှာ လက်ကိုင်ပုဝါ အဖြူကလေးကို သာ ကျစ်ကျစ်ပါအောင် ဆုပ်နယ်ရင်း ထိုသူ့ရှေ့တွင် ရပ်နေမိသည်။

“ဒီနေ့မှာ ဆရာမကို ဒီလိုတွေ့ပြီး မမေးရင် အရမ်းနောက်ကျသွားမှာ
စိုးလို့ပါ ”

အင်း…. နောက်တော့လည်း မကျပါဘူးလေ။ သူမ က လည်း သူ့ကို နံနက်တိုင်းမှာ တွေ့တိုင်း ရင်ခုန်နေတတ်တာပဲ မဟုတ်လား။ နောက်မကျပါဘူး။ သူမ ဘာသာသူမ တိတ်တိတ်စကားဆိုရင်း လက်ကိုင်ပုဝါကလေးသာ ကြေသထက်ကြေလို့လာသည်။ ထိုသူက ပြောရင် ကောင်းမကောင်း ဆယ့်ငါးမိနစ်ခန့် သူမရှေ့တွင် ရပ်ကာ ချည်တုံချတုံ စဉ်းစားနေရင်း က ဘာပဲဖြစ်ဖြစ် ပြောပစ်လိုက်မည်ဆိုသည့် နောက်ဆုံးဆုံးဖြတ်လိုက်သည့် ပုံစံနှင့် ..

“ဒီလိုပါ ဆရာမရယ် အဓိက ကတော့ ဒီပန်းသီးပါပဲ ”

ပြောပြောဆိုဆိုနှင့် နောက်ပစ်ထားသော လက်ထဲတွင် ကိုင်ထားသည့် ပန်းသီးလှလှကလေးတလုံးကို ပြရင်း…

"ဟိုတစ်နေ့က ဗိုလ်ချုပ်ဈေးက ပန်းသီးတွေ ၀ယ်လာတယ်လေ။ အဲဒါ အမ ( အမ ဆိုတာ ထိုသူတို့ နယ်ဘက်မှာ အမေကိုခေါ်ခြင်းဖြစ်သည်။) ကိုကျွေးချင်တာရယ် အဘ က အမမှာ ဆီးချိုရှိလို့ မတည့်ဘူးလို့ပြောသဗျ။ ကျူပ်တို့ရွာမှာဆို ပန်းသီးဆိုတာ က အထူးတလည် နေမကောင်းမှ စားကြတာမို့ တကူးတက ၀ယ်လာတာလေးကို အမကိုလည်း စားစေချင်တယ်လေ။ ဒါကြောင့် ဆရာမကို မေးချင်တာရယ်။ အမနဲ့ ဒီပန်းသီးနဲ့တည့်ရဲ့လားလို့ဗျ။ အစားအသောက် သောင်းကျန်း ပ လို့ ဆရာမပြောမှာလည်း ကျုပ်က ကြောက်တော့ နေ့တိုင်း ဆရာမကို လာစောင့် စဉ်းစားပြီး အချိန်တွေ ကုန်နေလိုက်တာဗျာ။ ဒီနေ့တော့ ကျုပ်ဆုံးဖြတ်လိုက်တယ်လေ ။ ဘာပဲဖြစ်ဖြစ် ဆရာမကို မေးကို မေးတော့ မယ်လို့ ။ မဟုတ်ရင်လည်း နောက်နေ့ဆို ပန်းသီးတွေက အတော်လေး ညှိုးကုန်ပြီဗျ ”

စကားကို အဆက်မပြတ်ပြောပြီး မောသွားဟန်ဖြင့် ထိုပုဂ္ဂိုလ် စကားကို ခဏရပ်လိုက်သည်။ စောစော က စကားပြောနေစဉ်အတွင်း ထိုသူ့စကားသံကြောင့် သူမခေါင်းတွေ မူးလာသည်ဟု ထင်ပေမယ့် အခုလို စကားစရပ်သွားသော်လည်း သူမခေါင်းတစ်ခုလုံး မူးမိုက်လို့နေတုန်းဆဲ။

“ဆရာမ ဆရာမ … နေမကောင်းဘူးလား ဗျ။ ကျန်းမာရေးလည်း ဂရုစိုက်ချေဦး။ ဆရာမလည်း တနေကုန် အလုပ်လုပ်ရတာလည်း ပင်ပန်းတော့မပေါ့။ အင်း… ကျုပ်သိချင်တာတော့ အဲဒါဗျာ အမနဲ့တည့်မတည့်ပဲ။ မတည့်ဘူးဆိုလည်း အတင်းမကျွေးပါဘူးလေ။ အမ ကတော့ အနည်းငယ်တော့ မြည်းချင်သပ လို့ပြောသဗျ”

ထိုသူ၏ မေးမြန်သံအဆုံးမှာ လှုပ်ရှားနေသောစိတ်အစဉ်က အမြန်ပြန် စုစည်းကာ သူမ ဟန်ကိုယ့်လိုက်သည်။

“ဟုတ်ကဲ့ ပန်းသီးကတော့ ပုံမှန်ဆို တည့်ပါတယ်လေ။ စားလို့ရပါတယ်။ အခြား အသီးတွေလို အရမ်းချိုနေတာမှ မဟုတ်တာ။ စားလို့ရပါတယ်ရှင် ”

“ကျေးဇူးတင်ပါတယ် ဆရာမလေးရယ်… အဘကလည်း အမကို မစားရသေးဘူးလို့ တားထားတာကြောင့် အမ ခမျာလည်း အနေရခက်နေတာဗျ။ ကျေးဇူးဗျာ။ ကျေးဇူး…”

“ရပါတယ်ရှင်…”

ကျေးဇူးတင်သော စကားကို ထပ်တလဲလဲဆိုရင်း ဆေးရုံထဲသို့ ပန်းသီး ကလေးကိုင်ကာ အမြန်ပြန်ပြေးဝင်သွားသော ပါးကွက်ကြားနှင့် ထိုသူ့ ကျောပြင်ကို ကြည့်ရင်း သူမမှာ ရယ်ရမလို ငိုပဲငိုရတော့မလိုလို။ အနီးအနားမှ ဖြတ်သွားသော လူများ၏ စပ်စပ် စုစု အကြည့်များကို မခံချင်တာကြောင့် ကားထဲသို့ဝင်ထိုင်လိုက်ပြီးနောက် ကားစက်နှိုးကာ ဆေးရုံတွင်းမှ အမြန်မောင်းထွက်ခဲ့သည်။ အဖြစ်အပျက်အားလုံးကို ပြန်စဉ်းစားမိရင်း သူမပြုံးမိပြန်သည်။

သြော်… ဘာလိုလိုနဲ့ သူမအသက် ၃၅ နှစ်ကျော်လာတာ နောက်နှစ်လဆို တစ်နှစ်ပြည့်တော့မှာပါလား။။။ ဘာရယ်မဟုတ် လုပ်နေကျအကျင့်အတိုင်း radio ခလုတ်ကို လက်က အလိုလို နှိပ်လိုက်မိတော့ FM radio ဆီမှ ဟဲလေး၏ သီချင်းသံစဉ် တချို့က သူမနားထဲသို့ ကန့်လန့်တိုက်ကာ နှိပ်စက်ကြပြန်သည် …

♠♪♫ ♫ ♪ ♠ ♪♫ ♫ ♪♠.. …. … … …. လောကမှာ တစ်ယောက်တည်းဆို ပျင်းဖို့ကောင်းတယ်။ မိန်းမဟာ လင်မရှိရင် လုံးဝ မတင့်တယ် …….. အသက်က ၃၀ ကျော်……… ဇီဇာကြောင်နေရင် ခက်ဦးမည်။ ………………. ……………..အပျိုကြီးတွေ… …”

Radio ခလုတ်ကို ခပ်မြန်မြန်ဆောင့်ပိတ်ကာ ဗိုလ်ချုပ်လမ်းကလေးအတိုင်း ကားနီကလေးကို ခပ် ရွေ့ရွေ့ မောင်းလာခဲ့လိုက်သည်။

“တိုက်ပဲ တိုက်ဆိုင်လွန်းတယ် တကယ်…”

သူမတစ်ကိုယ်တည်း ရေရွတ်ကာ ခပ်ကျဲကျဲ ရယ်လိုက်မိသည်။
ဟုတ်ပါတယ် သူမအရွယ်က ငိုရမလား ရယ်ရမလား လို့ ပြန်မေးစရာ မလိုအောင် ရယ်ရမည့် အရွယ်ပဲဟာ…

မွန်းသက်ပန် (ဆေး-၁)
လောကအလှ အွန်လိုင်းမဂ္ဂဇင်း
၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်

ဆက်ဖတ်ရန်...

Sunday, March 08, 2009

မြို့ပျက် ခရီးရှည်

နားခွင့်ပြုပါ

စာတမ်းပြုစုခြင်းတွေ ငါ့နေ့တာကို ၀ါးမြိုထားလို့

အားခွင့်ပြုပါ

အနာဂါတ်ခရီးစဉ်တွေ ငါ့အာရုံကို ရူးသွပ်စေလို့

ပြောခွင့်ပြုပါ

အဟောင်းဆိုတာမရှိရင် အသစ်တွေသာစိုးမိုးနေမယ်လို့


ခုတော့

နေ့…နေ့.. ည… ည

ငါ့ဘ၀မှာ မအားရတဲ့အထဲ

မင်းမို့ တမင်ဝင်နှောက်

ငါ့အိပ်မက်တွေ ကယောက်ကယက် ဖြစ်စေပြန်တယ်

အချစ်ဟောင်းရယ်…

အဲဒီမြို့ပျက်က ထွက်ချင်ပြီ…

မွန်းသက်ပန် (ဆေး-၁)

ဆက်ဖတ်ရန်...

Tuesday, March 03, 2009

လမ်းခွဲ

ငါ မြတ်နိုးတဲ့

ရိုးသားမှုတွကြောင့်

ဘ၀မှာ ဆုံးရှုံးမယ်ဆိုရင်

အဲဒီ ကြေကွဲမှုတွေကြားမှာ

ပွင့်လင်းမှုစ်ခုနဲ့

ငါစီးဆင်းမယ်

သူငယ်ချင်း …

မင်း မရဲရင် နေရစ်ခဲ့…

ရောင်စဉ်

…၀၀၀၀၀………..

…၀၀၀၀၀.……….

…၀၀၀၀၀………..

...၀၀၀၀၀…...….


ဆက်ဖတ်ရန်...

ဖေဖေက သူမကို နေတစ်စင်းဖြစ်စေချင်ခဲ့ပေမယ့် သူမကတော့ ဖေဖေ့ကြောင့်လင်းတဲ့ လတစ်စင်းပဲ ဖြစ်ချင်ခဲ့တယ်။

 

© 2007 IngridGrey By Arephyz