Tuesday, May 12, 2009

နာကြည်းမိတဲ့ ရှင်သန်ရာ

သူမတစ်ယောက် ဆေးရုံအဆောက်အဦး ရှေ့မှာ တွေတွေကလေးရပ်ရင်း ဆေးရုံရှေ့မှ စာတမ်းကလေးများကို တလုံးစီဖတ်ကြည့်လိုက်သည်။

“မိ…ခင်…နှင်.့..က…လေး… ဆေး…ရုံ… ကြီး … တောင် ဥ က္က လာ ပ မြို့နယ်” စာတမ်းအဆုံးမှာ ကန်စွန်းခူးထားသဖြင့် ညစ်တီးညစ်ပတ်ဖြစ်နေသော လက်ကလေးက သူမရဲ့ဗိုက် ပူပူဖောင်းဖောင်းကလေးပေါ်မှာ အလိုလို ပွတ်မိရက်သား ။ ခေါင်းကလေး ငုံ့ကာ သူမဗိုက်ကလေးကို ပြန်ကြည့်ရင်း သေချာပြန်စဉ်းစား ကြည့်တော့သူမဗိုက်ကလေး အဲဒီလိုတနေ့တခြားဖောင်းဖောင်းလာတာ ကို သူမကိုယ်တိုင် စမ်းကြည့်လို့ရနိုင်တာ အခုဆို ၆ လကျော်လောက်တောင် ရှိရော့မည်ထင်သည်။



ဒီရက်ပိုင်း အတွင်းက ကလေးက အညိမ်မနေဖြစ်နေတတ်တာမို့ သူမအနေခက်ရတဲ့ ရက်တွေလည်း များလို့နေပေမယ့် ဘာလို့များ သူမဒီဆေးရုံကြီးထဲကို မသွားဖြစ်သေးတာပါလိမ့်။

အတွေးတွေနဲ့အတူ သူမ အားတင်းကာ ဆေးရုံတွင်းသို့ဝင်ရန်ကြိုးစားလိုက်သော်လည်း ခြေလှမ်း ၅လှမ်း ၆လှမ်းမြောက်လောက်မှာပဲ အလိုလိုရပ်တန့်သွားပြန်သည်။ ဒီလိုနှင့် နေ့ရက်တွေ ကို ကုန်ဆုံးစေခဲ့တာ အခုဆို ၆ လထက်တော့ နည်းမည်မထင်။

“…………………………….”

သူမကိုယ် သူမ အားမလိုအားမရစွာ ဆဲဆိုလိုက်ပြန်ရင်း သူမနေထိုင်ရာ အိမ်ငယ်လေးသို့ တိတ်ဆိတ်စွာ ပြန်လာခဲ့လိုက်သည်။ ၀ါညစ်ညစ် မီးရောင်မှိန်မှိန် အောက်က လမ်းကလေးမှာ သူမတယောက်တည်း လေးပင်စွာလျှောက်လာရင်း သူမအား ထွေးဖက်ခဲ့ဘူးသော ရင်ခွင်ကျယ်ကျယ် တခုကို သတိရမိပြန်သည်။ အခုလို အားငယ်နေတတ်တဲ့ အချိန်မျိုးမှာ ပြန်မလာနိင်မှန်းသိပြီးသား သူတယောက်ကို သူမတမ်းတ နေဖြစ်တာ သူမ အလွန်များလား ။

………………………………………..

နောက်တနေ့ နိုးထပြန်တော့လည်း အားငယ်စိတ်တွေနဲ့ တစ်စုံတစ်ယောက်ကို တမ်းတနေမှုတွေက ခန်းဆက်ဝတ္ထုရှည်တပုဒ်လို သူမစိတ်အစဉ်ကို ရစ်နှောင်နေဆဲ။ ဆီးစပ်နှင့် ခါးနားဆီမှ ခပ်ဆတ်ဆတ်ကလေး နာကျင်မှုတွေက သူမကိုပိုလို့တောင် အားငယ်စေသလိုလို။ မွေးရပ်မြေတနေရာမှ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိသည့် သမီးကို မျှော်နေရော့မည့် အမေ့ကို တမ်းတချင်သလို ပြန်မလာခရီး ကို စတင်ခဲ့သည့် ခင်ပွန်းဖြစ်သူကိုလည်း သူမလွမ်းလို့နေသည်။ ဒါပေမယ့်လည်း သူမကလွဲလို့ ဘယ်သူမှမရှိတဲ့ အိမ်ကလေးမို့ သူမဖာသာ ထကာ မနက်စာ ပြင်ဆင်ရင်း တနေ့တာ ရပ်တည်ဖို့ သူမကြိုးစား ရဦးမည်လေ။ ကန်းစွန်းခူးနေကျ ကန်နားရောက်ပြန်တော့ ခါးနာနေတာမို့ ရေထဲကိုမဆင်းနိုင့်သဖြင့် မနီခူးထားသော ကန်စွန်းခက်များကို စည်းပေးရင်း ဈေးသို့ထွက်လာခဲ့သည်။ မနီဆိုတာက သူမအရမ်းရင်းနှီးတာ မဟုတ်ပေမယ့် ဒီရက်ပိုင်းတွေမှာ သူမအတော်ကလေးကို မလှုပ်နိုင် မကိုင်နိုင် ဖြစ်နေတာတာကြောင့် အနီးအနား အလုပ်တူသမားချင်း ကူညီသည့် ကန်စွန်းရွက်သည်ကလေးတစ်ယောက်။

ကန်စွန်းရွက်ကလေး ဆယ်စည်းတောင် ကုန်အောင်မရောင်းနိုင်တော့လောက်အောင် သူမဗိုက်ထဲမှ နေမထိထိုင်မသာ ဖြစ်မိတာကြောင့် နေမွန်းမတည့်ခင် သူမအိမ်ပြန်ဖို့ဆုံးဖြတ်ရင်း ခပ်လှမ်းလှမ်းမှ မနီကို နှုတ်ဆက်ပြီး သူမဟင်းရွက်တောင်းကို သိမ်းကာ အိမ်ပြန်လာခဲ့သည်။

“အား… နာလိုက်တာ ”

လမ်းထိပ်သို့ မရောက်ခင်ကလေးမှာပဲ သူမဗိုက်က အလွန်နာကာ မိန်းမကိုယ်မှ အရည်တချို့စီးကျ လာပြန်တာကြောင့် အနီးအနားမှ ဆိုက်ကားငှားကာ ဆေးရုံဆီသို့ သူမလာခဲ့လိုက်သည်။

ဆေးရုံအ၀င်အ၀ကို ရောက်တယ်ဆိုရင်ပဲ သူမတကိုယ်လုံးချွေးတွေရွှဲလို့ ။ ဗိုက်ထဲက အောင့်တာထက် ရင်ဆိုင်ရမည့် အဖြစ်အပျက်တွေကို သူမဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သူမအလွန်ကို စဉ်းစားရကြပ်ရပြန်သည်။ ဘယ်လိုစဉ်းစား စဉ်းစား ဒီကိုးလ ဆယ်လလုံးလုံးအဖြေမထွက်နိင်ခဲ့တဲ့ သူမအဖို့ ဒီလိုမိနစ်ပိုင်းအတွင်းမှာ ဖြေရှင်းချက်တခုမှမရနိုင်ပေမယ့် သူမအတွေးတွေ က တကယ်ကို ကယောက်ကယက် နိုင်နေဆဲလေ။

မီးဖွားဆောင်ထဲမှာ သူမကို စမ်းသပ်နေသော ဆရာဝန်မကလေးမှာ သူမအကြောင်းကို စုံလင်စွာ မေးမြန်းပြန်တော့ သူမမှာအခက်တွေ့ရပြန်သည်။ အိမ်သား မပါပဲ ဆေးရုံသို့ အရေးပေါ်အကြောင်းဖြင့် တယောက်တည်းရောက်လာသောသူမ ကိုယ်ဝန်ဆောင် စောင့်လျှောက်မှုကို တခါတလေတောင်မှ မခံယူခဲ့ဖူးသောသူမ၊ ပထမဆုံးကိုယ်ဝန်ဆောင်သယ် သူမ …….

အရာအားလုံးက သူမအား အန္တရယ် ရှိသော အခြေအနေသို့ပေးပို့နေသည်ဟု ဆရာဝန်မလေးက ဂရုဏာ ဒေါသောနှင့်ရှင်းပြခြေသည်။

ထို့နောက်သူမအား အနီးရှိ အခန်းကျယ်ထဲမှ ကုတင်တခုတွင် နေရာချထားပေးကာ ရှောင်သင့် ဆောင်သင့်သည့် အပြုအမူများကို မှာကြားကြပြန်သည်။ မွေးဖွားဆောင်တွင် လူပေါင်း ၆ယောက်ခန့် သူ့တို့ဝေဒနာ နှင့်သူတို့ လူးလိမ့်လို့နေသည်။ အကယ်၍ အရေးပေါ်ခွဲစိတ်မှု လိုလာပါလျှင် သူမအား သွေးဖောက်ကာ မခွဲစိတ်ခင် လိုအပ်မည့် ဆေးစစ်ချက်များ ပြုလုပ်မည်ဟု သူနာပြုဆရာမကလေးမှ ရှင်းပြကာ သူမထံမှ သဘောတူချက်ရယူသည်။ မိခင်လောင်းများ၏ မမွေးဖွားခင် နာကျင်မှုကြောင့် ညည်းညူသံ၊ လူနာတင်သည့် လှည်းဘီးတွန်းသံ၊ သူနာပြုဆရာမများ ၏ စကားပြောသံများနှင့် မီးဖွားဆောင်တခုလုံး လှုပ်လှုပ်ရွရွှဖြစ်ပျက်နေကြတာကိုက ဒီဆေးရုံရှိ မီးဖွားဆောင်ရဲ့ ပုံမှန်ညနေခင်း ဖြစ်စဉ်လားပင်မသိ။

အလုပ်သင်ဆရာဝန်ကလေးဟု ထင်ရသော ဆရာဝန်ကလေးမှ သွေးလာဖောက်သောအခါ သူမရင်မှာ ဗလောင်ဆူနေအောင် လှုပ်ရှားလို့နေသည်။ ပြီးခဲ့သည့် ခုနှစ်လလောက်က ဖြစ်သည့် နွေလည်နေ့တွေထဲမှ ကိုရဲ၏ နောက်ဆုံးရက်များကို သတိရကာ သူမတကယ်ကိုခြောက်ခြားလို့နေသည်။ အိမ်ထောင်သက် ၃ နှစ် ဆိုပေမယ့် ထိုကာလများအတွင်း သာယာပျော်ရွှင်နိုင်ခဲ့သော သူမတို့ အိမ်ထောင်ရေးကို ဘယ်လိုကံကြမ္မာအညှိုးနဲ့ နှိပ်စက်တယ်မသိ။ မများလှသော အချိန်ကာလတစ်ခု၏နောက်မှာ သူမတို့၏ ဘ၀များက ကစင့်ကလျားနိုင်စွာ ကမ္ဘာတဘက်စီသို့ ဝေးခဲ့ကြရတော့ ကျန်ရစ်ခဲ့သူဖြစ်သော သူမဘ၀မှာ ခိုကိုးရာမဲ့လွန်းလှသည်။

တကယ်တော့ နယ်မြို့လေးတခုတွင် ကြီးပြင်းခဲ့သော သူမ၊ အတန်းပညာကို ရေးတတ်ဖတ်တတ်ရုံသာ သင်ယူခဲ့သောသူမ၊ ဘာဘဲဖြစ်ဖြစ် အချစ်ဦးဖြစ်သူ ကိုရဲနှင့် ဘ၀ကိုလက်တွဲရမည်ဆိုတော့ သူမလောက်ကံကောင်းတဲ့သူ မရှိနိုင်ဘူးဟု သူမယုံကြည်နေခဲ့တာအမှန်။ သူမ နှင့် အိမ်ထောင်ကျပြီးကတည်းက အလုပ်နှင့်အိမ်ကလွဲလို့ ဘယ်ကိုမှမသွားတတ်တဲ့ ကိုရဲတစ်ယောက် ဒီလိုရောဂါမျိုးကူးစက်ခံရလိမ့်မယ်လို့ သူမအိပ်မက်တောင် မမက်ခဲ့မိရိုးအမှန်။ အိမ်ထောင်ဦးစီးဖြစ်သော ကိုရဲတစ်ယောက် ရောဂါရှိလာတော့ လည်း ဘယ်ကဘယ်လို ကူးတယ်ရယ်လို့ သူမမေးရဲခဲ့တာ၊ မမေးရက်ခဲ့တာ သူမ အလွန်တော့ဟုတ်မယ်မထင် ။

ပထမဆုံးအကြိမ်အဖြစ် ကိုရဲတွင် ရောဂါကူးစက်ခံရပြီးဖြစ်ကြောင်း သိလိုက်သော်လည်း အခြေအနေက အတော်လေးဆိုးဝါးတာကြောင့် ဝေဒနာခံစားနေရသည့်ကြားက သူမအား မွေးရပ်မြေသို့ အရောက်ပြန်ရန် တဖွဖွ ပြောနေခဲ့သော ကိုရဲအား သူမတွင် ကိုရဲနှင့် ပတ်သတ်သောရင်သွေးလေး လွယ်ထားရပြီဖြစ်ကြောင်း ဖွင့်မပြောရက်ခဲ့တာလည်း ကိုရဲကိုချစ်လို့သာ လို့ သူမဇောတကတက်ချင်ပါသေးသည်။

သွားရမည့်လမ်းကို နောက်ဆံမတင်းပဲ သွားစေချင်တာ သူမစေတနာ သက်သက်တခုထဲသာ ဖြစ်ခဲ့မည်ပါသည်။ ဒါပေမယ့် ကိုရဲ သဘောအတိုင်း သူမမွေးရပ်မြေသို့ လင်သားမပါ၊ ရင်သွေးလေးလွယ်ကာပြန်ရန် မရဲခဲ့သော သူမတယောက် ဘယ်လိုအသိတစ်ဦးတစ်ယောက်မှ မှမရှိနိုင်တဲ့ ပျံကျရပ်ကွက်လေးတစ်ခုမှ တစ်လ တန်သည်နေလိုက် နောက်တနေရာသို့ နှစ်လကြာတွင်ပြောင်းလိုက်ဖြင့် သူမဘ၀ကို သူမဖြစ်သလို ကြောင်းခဲ့တာ သူမ တကယ်ကို မိုက်မဲလို့နေလေရော့သလား ။ အရာအားလုံးကိုတွေးပြန်တော့လည်း သူ့နေရာနှင့် သူအချိန် မှန်လို့နေသယောင်ယောင်ရယ်။

လွမ်းမောစရာအတိတ်တွေသာ သူမပတ်ဝန်းကျင်မှာလွှမ်းမိုးစေရုံမက တခါထက်တခါ နာလာသော သူမဆီးစပ်ကလည်းသူမ အား အနေခက်လှသော လက်ရှိအခြေအနေကို သတိရစေပြန်ပါသည်။

ညနေလူနာတွေ့ချိန် ဧည့်သည်တွေအလျိုလျို ရောက်လာပြန်တော့ သူမမျက်ရည်တွေက ဆေးရုံမှ ပေးထားသော ခပ်မွဲမွဲ ခေါင်းအုံးပေါ်မှာအပြည့် ။ မျှော်စရာမလိုပေမယ့် တခါတခါ ကိုယ့်ဘ၀ကို အများတကာတွေကြား အခုလို အထီးကျန်ဆန်ဆန် ချထားခံရတဲ့အခါ သူမမှာ ခံနိုင်အား မရှိနိုင်တာ အမှန်ရယ်ပါ။

သူမအခြေအနေက ဘယ်လိုမှန်းမသိတာမို့ ဆေးရုံတက်ကတည်း က ဘာမှမစားခိုင်းပဲ အချိုရည်ပုလင်းများကိုသာ တခုပြီးတခု ပြောင်းပြီးချိတ်ပေးထားသဖြင့် ၀မ်းဗိုက်က ဆာလှသည်မဟုတ်ပေမယ့် နှလုံးသား တစ်ထောင့်က ဆာလောင်လှသည့် မေတ္တာတချို့ကို သူမငတ်မွတ်စွာမျှော်နေမိသည်။ မိမိအခြေအနေ မိမိ အကြောင်းနှင့် မိမိမို့ ဒီလပိုင်းအတွင်း ငှားနေခဲ့သော အိမ်ကလေးပတ်ဝန်းကျင်ကို အဆက်အဆံမလုပ်ခဲ့ဖြစ်သော သူမကို မည်သူမှတသီးတသန့် လာမကြည့်တာလည်း တကယ်တော့ အဆန်းတကျယ်မဟုတ်လှ။

ကံကိုသာ ပုံချရင်း အိပ်ရာထက်မှာ ဟိုဘက်ဒီဘက် လှည့်ကာ အချိန်တွေကို ကုန်ဆုံးစေမိသည်။

တာဝန်ကျဆရာဝန်မကလေးက မကြာခဏလာစမ်းသပ်ကာ သူမ၏အခြေအနေ တိုးတက်မှုမှာ စိတ်ကျေနပ်စရာမကောင်းလှကြောင်း၊ နောက် နာနာရီအနည်းကြာလျှင်မှ တိုးတက်မှုမရှိလျှင် ခွဲစိတ်မွေးရမည့်အကြောင်းနှင့် အိမ်သားများ ကို ရှင်းပြစေလိုကာ ခွဲစိတ်ရန်အတွက် ကုန်ကြစရိတ်များ ရှာဖွေထားရန်ပြောတော့ သူမမှာ ဖြေစရာအဖြေရယ်လို့မရှိ။

ဆယ်လတိုင်တိုင် တစ်နေ့ဒီအဖြစ်မျိုးကို ကြုံတွေ့ရမည်ကို သိပါလျှက်နှင့် ငွေတိုငွေဆကလေးဆိုလို့ အပိုအလျှံမစုဆောင်းဖြစ်နိုင်ခဲ့သည့် သူမအဖို့ အခုအခြေအနေရောက်မှတော့ ခေါင်းငုံ့ခံယူနေရုံကလွဲလို့ တခြားနည်းလည်းမရှိလှ။ တကယ်တမ်း ပိုက်ဆံစုဆောင်းဖို့ သူမ ကြိုးစားခဲ့သော်လည်း ကန်စွန်းရွက် ခူးရောင်းလို့ရသည့် ငွေက သူမတနေ့တာ စားဖို့ကိုတောင် မနည်းဖြစ်ကာ အိမ်ငှားခကို လကျော်မှ ပေးခဲ့ရသော လပေါင်းမနည်းတာ လည်း သူမကိုယ်သူမပဲအသိဆုံး။

စိတ်ကူးမရသည့်အဆုံး သူမမှေးကတည်း အိပ်ပျော်သွားသည်ထင်သည်။ ရုတ်ရုတ်သဲသဲ အသံများကြောင့် သူမနိုးထလာတော့ မွေးခန်းအပြင်မှ တာဝန်ကျ သူနာပြုဆရာမ၏ တပျစ်ပျစ်တောက်တောက် တီးတိုးပြောနေသံကို ခါးသီးစွာ ကြားရပြန်သည်။ ခဏနေတော့ တာဝန်ကျဆရာမကြီးက သူမအား သူမတွင် ခုခံအား ကျဆင်းမှုရောဂါပိုး ကူးစက်ခံနေရသည်ဖြစ်ကြောင်းနှင့် ကလေးအား ခွဲစိတ်၍မွေးဖွားရန်လိုကြောင်း အကျယ်တ၀င့်ရှင်းပြကာ သူမ၏ခွဲစိတ်ကုသမှုခံယူမှုကို သဘောတူခွင့်ပြုရန် သက်ဆိုင်သူတစ်ဦးတယောက်က လက်မှတ်ထိုးပေးဖို့လိုကြောင်းပြောကြားလာသည်။

အရာအား လုံး မတတ်သာသည့်အဆုံး တာဝန်ရှိဆရာဝန်မကြီးအား စေ့စေ့စုံစုံရှင်းပြပြီး သူမအား ကူညီရန် သူမငိုယိုကာ တောင်းဆိုမိသေးသည်။ ဂရုဏာ တ၀က် ဆူပူမှုတ၀က်ဖြင့် ပြောလာသော ဆရာမကြီး၏ စကား သံများ အဆုံးမှာ သူမ ပတ်ဝန်းကျင်တခုလုံးက တိတ်ဆိတ်လွန်းလို့နေသည်။

……………………………………………………………..

အခန်ကမသင့်လှစွာ ချမ်းအေးလှသည့် ရန်ကုန်ဆောင်း၏ ညတညတွင် ခွဲစိတ်ကုသခန်းဝင်ရသည့် ဝေဒနာရှင်တစ်ယောက်၏ ခါးသီးလှသည့်အရသာကို အံကျိတ်ခံစားရင်း အရာအားလုံးကို လက်ခံနိုင်ရန် သူမကြိုးစားရပြန်သည်။ သူမကိုယ်တိုင်ပင် ဘယ်ကလာမှန်းမသိသော ရောဂါဇစ်မြစ်တခု၏ အကျိုးဆက်ကိုခံယူရင်း မျက်လုံးပေါင်းများစွာ အောက်မှာ သူမတည်ငြိမ်အောင် ကြိုးစားခြင်းသာ တခုတည်းသော ထွက်ပေါက်ဖြစ်ပေလိမ့်မည်ဟု သူမထင်သည်။ ဆေးရုံမှ ထောက်ပံ့မှုအချို့နှင် သူမ၏ရင်သွေးငယ်အား မွေးဖွားပြီးသောအခါ သူမ စိတ်တို့အနည်းငယ် ပျေလျော့ ခဲ့ပေမယ့် ဆူပူမှုများနောက်မှ ဂရုနာသက်သော သူနာပြုဆရာမများ၏ နွေးထွေးယုယမှုကို သူမ မျှော်လင့်မထားစွာ ခံယူရပြန်တော့ သူမရင်မှာ ခံနိုင်စွမ်းမရှိတော့တာအမှန်။

အထူးကြပ်မတ်ခန်းမှ သူနာပြုဆရာမလေး၏ ပြောကြားချက်အရ သူမရင်သွေးကလေးအား ကလေး အထူးဆောင်တွင် စောင့်ရှောက်ထားကြောင်း၊ ဆေးရုံမှ သတ်မှတ်ထားသော ကာကွယ်ဆေးများကို သူမရင်သွေးလေးရရှိနိုင်မည်ဖြစ်သော်လည်း သူမလို ရောဂါကူးစက်ခံထားရသည့် မိခင်မှ မွေးဖွားလာသော ကလေးငယ်များအတွက် မွေးစရက်များတွင် တိုက်ကျွေးရမည့် ဆေးတမျိုးကိုမူ သူမ၏ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု မလုပ်ခဲ့ခြင်း၊ တခြားသီးသန့်နေရာများတွင် ထိုဆေးကုသမှုခံယူမှုရရှိရန် ကြိုတင် မသွားဖြစ်ခဲ့ခြင်းတို့ကြောင့် သူမရင်သွေးငယ်မှာ ထိုဆေးကို မရနိုင်ကြောင်းရှင်းပြပြန်သည်။

ကုတင်ပေါ်မှာ အသာလဲလျောင်းရင်း သူမဘ၀ကို ပြန်သုံးသပ်နေမိသည်။ အချိန်အနည်းငယ်ကြာလာတိုင်း အနေရခက်စွာ တင်းလာတတ်သော သူမရင်သား အစုံက သူမ ရင်သွေးငယ်အား မိခင်မေတ္တာ တိုက်ကျွေးချင်ကြောင်း ပြသနေသော်လည်း မိမိရင်သွေးငယ်ကို နို့ချိုတိုက်ကျွေးခွင့်မရသည့် မိခင်တယောက်၏ စို့နင့်ခံစားမှုတွေနှင့် အနီးရှိ ပုဂံတခုထဲသို့ညှစ်ထုတ်ရင်း မွေးခင်စကလေးဆောင်တွင် အခြား မိခင်များဆီမှနို့ရည်များ သို့မဟုတ် ဖျော်စပ်ထားသော ဆေးရုံမှပေးသော နို့ရည်ကို သောက်သုံးရင်း အားငယ်နေရှာမည့် မိမိရင်သွေးငယ်ကလေးအား မြင်ယောင်နေမိပြန်သည်။

ယောကျာ်းဖောင်စီး မိန်းမမီးနေဆိုတဲ့စကားကို သူမငယ်စဉ်က ကြားဖူးပေမယ့် ခေတ်ကာလ အပြောင်းအလဲများကြားတွင် ယောကျာ်းများ ဖောင်မစီးဖြစ်ကြတော့ သော်လည်း မီးနေသည့်အလုပ်ကို လုပ်မြဲလုပ်နေကြသော အမျိုးသမီးများ ကြားမှ စိတ်ဖိစီးမှုများက သူမဆီသို့ အလှည့်ကျစီ စနစ်တကျ လာလို့နေသယောင်ယောင်။ ထို့အပြင် ခေတ်အလိုက် ခေတ်စား လာတတ်သော ရောဂါများထဲမှ ဆိုးဆိုးရွားရွား ရောဂါဆိုးတခုက သူမအားကပ်တွယ်လို့နေလိုက်ပြန်သေးသည်။ ပြီးခဲ့သည့် လပိုင်းတွေကတည်းကပင် အားလုံးကိုအရှုံးပေးကာ သူမအဆုံးသတ်လိုက်ချင်ပေမယ့် လူ့ဘ၀ကို မရောက်လာခင် ကတည်းကပင် ပြန်လည်ထွက်ခွာရမည့် ရင်သွေးလေးအကြောင်းစဉ်းစား မိပြန်ကာ သူမ လက်လျှော့ခဲ့ရသော ရက်တွေက သူမကို အခုတော့ လှောင်ပြောင်နေသလိုလို။

အခုတော့ သူမမှာ ရောဂါကူးစက်မှုခံရကြောင်း အတည်တလင်းရှိလှကာ သူမရင်သွေးကလေးမှာလည်း ရောဂါကင်းမည်ဟု ဆိုဖို့ရာ မသေချာနိုင်သေးဟု ဆရာမလေးက ပြောခဲ့သည်မဟုတ်ပါလား။

အခုအချိန်ထိ ဖြစ်လာပြီးမှလည်း သူမအရင်လများကလို ကြံစည်ပြန်ပါလျှင် သူမရင်သွေးလေးမှာ ဖတဆိုးဘ၀မှ မိဘမဲ့ဘ၀သို့ရောက်ရချေတော့မည်။

အရာအားလုံး အဖြေမရှိသည့် ပုစ္ဆာတွေလို သူမအတွေးစဉ်တွေမှာ ရှု့ပ်ယှက်ခက်ကာ သူမအား နုံးနယ်စေပြန်သည်။ သူမမှာ ပြောခွင့်ရှိမည်ဆိုပါလျှင် အခြားမိသားစုများအတွက် သူမစကားတခွန်းစ နှစ်ခွန်းစ ပြောချင်ပေမယ့် သူမတို့၏ ပြသနာကိုက ဘယ်ကနေ ဘယ်လို စခဲ့မှန်းမသိတာကြောင့် သူမခံစားနေရတာတွေသာ ရင်မှာနင့်လို့နေသည်။ ပြောစရာ စကားတခုခုရှိသည့် တိုင်အောင် အညတျထက်ကို နိမ့်နေတတ်သော သူမအခြေအနေက ဘာကိုတောင်းဆိုရန် အခွင့်အရေးရှိပါမည်လဲ။ အတွေးတွေ အဆုံးမသတ်ခင်မှာပင် သူမ မျက်ရည်တွေက ခေါင်းအုံးခပ်မွဲမွဲပေါ်မှာ ရွှဲလို့နေပြန်သည်။

ဆောင်းတွင်း၏ ချမ်းစိမ့်စိမ့် လေပြေတခုကသူမနားမှ အသာဖြတ်တိုက်လို့သွားတော့ တချိန်က ခိုဝင်ခဲ့ဘူးသည့် သူမချစ်သော ကိုရဲ၏နွေးထွေးသော ရင်ခွင်ကို သတိရမိပြန်သည်။ ခင်ပွန်းသည်၏ သူမအပေါ် သစ္စာရှိမှုမရှိမှုကိုပင် မသိခဲ့နိုင်သော်လည်း သူမ၏ ရှင်သန်မှုတစ်စိတ် တစ်ဒေသအတွက် သူမကို ချစ်သော ခင်ပွန်းကောင်းတစ်ယောက် အနေဖြင့် သူမတစ်သက်တာလုံး ယုံကြည်ချင်မိပါသည်။

သူမ သက်ပျင်းရှည်တခု ကိုလေးပင်စွာချလိုက်ရင်း မျက်လုံးကို အသာမှိတ်ထားလိုက်သည်။ ဟိုးး… ဝေးဝေးမှ အနာဂါတ်လမ်းတို့က တောင်နံရံ လေးဘက်ကာထားသလို ပိတ်လှောင်ခံနေရပေမယ့် သူမ ရင်သွေးလေး အတွက်တော့ သူမတတ်နိုင်သလောက် ကြိုးစားရဦးမည် မဟုတ်ပါလား ။

မွန်းသက်ပန် (ဆေး-၁)

ဖွဲ့တည်ရာ မဂ္ဂဇင်း အတွဲ (၁) အမှတ် (၆)


ဆက်ဖတ်ရန်...

Friday, May 08, 2009

ThE dAy YoU wEnT aWaY

ဘာရယ်တော့မဟုတ်ပါဘူး ။ ဒီရက်ပိုင်းတွေမှာ ကျမ မွန်းသက်ပန်တစ်ယောက် တစ်ယောက်သော သူကို သတိရဖြစ်နေလို့ အခါတိုင်း ရေးနေကျ တွေ ကို ခဏရပ်ထားပြီး သီချင်းနားထောင်နေဖြစ်ခဲ့လို့ပါ။



video

http://www.youtube.com/watch?v=6TO7CVsfTU4&feature=related

မွန်းသက်ပန်(ဆေး ၁)

ဆက်ဖတ်ရန်...

Wednesday, May 06, 2009

အလင်း တံခါး

တိုးတိုးတိတ်တိတ်လေးပါ
မျက်ရည်တွေ ရင်ဘတ်ထဲ စီးဆင်းတဲ့အထိ

တစ်လောကလုံး မှားမှားယွင်းယွင်း မှန်ခဲ့ရတဲ့အချိန်။

သိုးသိုးသိပ်သိပ် ခံစားတတ်သူကိုမှ
မင်းသံသယ ရှိတုန်းဆို
အချိန်ဆိုတာကလွဲလို့ ပြဌာန်းစရာ မရှိပြန်ဘူး။



မျက်ဝန်းကလေး ဖွင့်စေချင်တယ်
အလင်းတံခါးပွင့်တဲ့ တစ်နေ့
အမှန်ကို မပြင်နိုင်ရင်တောင် မြင်နိုင်ရင် ကျေနပ်နိုင်ပါရဲ့။

တိုးတိုးတိတ်တိတ်ကလေးပါပဲ
အလင်းတံခါးပွင့်တယ်ဆိုတဲ့ တစ်နေ့
ဆွဲကူလို့ နှုတ်ပေးစမ်းပါ
ကျောပြင်မှာ စိုက်ဝင်နေခဲ့တဲ့ဓါးတွေ
နောင်တခါ အတွက်နေရာလေး ရှိအောင်ပေါ့...။ ။

မွန်းသက်ပန် (ဆေး-၁)

လောကအလှ အွန်လိုင်းမဂ္ဂဇင်း

မေ လ ၁ ရက် ၊ ၂၀၀၉ ခုနှစ်

ဆက်ဖတ်ရန်...

ဖေဖေက ကျမကို နေတစ်စင်းဖြစ်စေချင်ခဲ့ပေမယ့် ကျမကတော့ ဖေဖေ့ကြောင့်လင်းတဲ့ လတစ်စင်းပဲ ဖြစ်ချင်ခဲ့တယ်။

 

© 2007 IngridGrey By Arephyz