Sunday, June 28, 2009

ကျမရဲ့ ဖေဖေ

ဇွန် လ ရဲ့ ဒီရက်ကလေးကိုရောက်တိုင်း ပို့စ်တခုတင်ချင်စိတ်ကို ဘယ်လိုမှတားမရတဲ့ ကျမမွန်းသက်ပန် တယောက် ဒီနေ့မနက်လည်း ပိုစ့်လေးတစ်ခုတော့ တင်ထားချင်ပါတယ်။

ညဦးပိုင်းက ဖေဖေ အွန်လိုင်းတက်လာမလား လို့ မျှော်နေခဲ့ပေမယ့် တက်မလာနိုင်ခဲ့လို့ မနက်ဖန် အစီအစဉ်တွေကို ကျမမသိနိုင်ပေမယ့် ဖေဖေ ကျမတို့ မောင်နှမတွေကို လွမ်းနေမယ်ဆိုတာ သေချာခဲ့ပါတယ်။

တကယ်တော့ ဖေဖေ ဘယ်နှစ်နှစ်ပြည့်ပြီလဲလို့ ကျမတို့ မောင်နှမတွေ မမေးဖြစ်ခဲ့တာ အတော်လေး ကြာခဲ့ပါပြီ။ ဖေဖေ့ရဲ့ မွေးနေ့မှာ ကျမတို့ မောင်နှမတွေ အားလုံးမတိုင်ပင်ရပါဘဲ စိတ်ထဲစွဲမှတ်ခဲ့လို့ ဖေဖေဟာ ခုထိ အဲဒီအသက်ကနေ မတက်ပဲ ကျမတို့ရင်ထဲမှာ အမြဲနုပျိုဆဲ ရှိနေခဲ့ပါတယ်။


ကျမဆင်ပေးတဲ့ ကျွဲကော်ကိုင်း မျက်မှန်ကိုမှ တပ်တတ်တဲ့ဖေဖေ။


ကျမ လိုက်ပို့ပေးတဲ့ ဆံပင်ညှပ်ဆိုင်ကိုမှ ကျမနဲ့အတူသွားပြီး ညှပ်ချင်တဲ့ဖေဖေ။


ကျမ ၀ယ်ပေးတဲ့ အကျီကိုမှ သူငယ်ချင်းတွေကြား ခပ်ကြွားကြွားလေး ၀တ်ချင်တဲ့ဖေဖေ။


ဘယ်လောက်ပဲ နေမကောင်းဖြစ်ဖြစ် ကျမဆေးရုံက ပြန်အလာကိုစောင့်ပြီး ကျမကို အရင်ပြောချင်တဲ့ဖေဖေ။


ဆယ်စုနှစ်များ စွာခြားတဲ့ကြားက ကျမရဲ့ ရင်ခုန်သံတွေကို နားထောင်ပေးတတ်တဲ့ဖေဖေ။


ဒီမွေးနေ့လေးမှာလည်း မိသားစုနဲ့ သူငယ်ချင်းတွေနဲ့ အတူ ပျော်နိုင်ပါစေလို့ ဆုတောင်းရင်း ကျမရဲ့ ချစ်ခြင်းတွေကို နီးခြင်းဝေးခြင်းတွေက ဘာသက်ရောက်မှုမှ မဖြစ်နိုင်ဘူးဆိုတာ ဖေဖေ သိစေချင်ပါရဲ့လေ။


မွန်းသက်ပန် (ဆေး-၁)

ဆက်ဖတ်ရန်...

Thursday, June 25, 2009

ပိတောက်ပွင့်တဲ့ ခရေကောက်ချိန်

မိုးနံ့သင်းသင်း လေအေးအေးက ဆံနွယ်တစ်ချို့ကို သူမမျက်နှာတခုလုံး ဖုံးအောင် ဖြတ်တိုက် သွားတာမို့ ရေးလက်စ ကဗျာကလေးကို ခဏရပ်ကာ ပတ်ဝန်းကျင်ကို ဘာရယ်မဟုတ် ကြည့်ဖြစ်လိုက်သည်။


“အို..”
လုံခြည်ခြေဖမိုးဖုံးနေသောကြောင့် လမ်းတလျှောက် လုံချည်နှင့် တံမျက်လှည်းလာသူ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ပုံစံက မျက်စေ့ စပါးမွေးစူးစရာ ။ ဒီထက်ပိုဆိုးသည်က လက်ထဲတွင် ပိတောက်ပန်းများ တစ်ပွေ့တစ်ပိုက်ဖြင့် သူမရှိရာ ခရေပင်တန်းမှ ဖြတ်လျှောက်စဉ် ခရေပန်းကောက်နေပုံက သူမအား အတိတ်တို့ဖြင့် နာကျင်စေအောင် ဆွနေခြင်းဖြစ်သည်။


..............................................................................................


“ခရေကောက်ချိန်မှာ ပိတောက်တွေ မပွင့်စေချင်ဘူးကွယ်…”
ပင့်သက်တစ်ခုကို ခပ်ပြင်းပြင်းချဖြစ်ရင်း စာသားတစ်ချို့ကို တီးတိုး ရွတ်ဆိုမိပြန်သည်။ အတိတ်ကညနေတွေမှာသာ သူမမှာ ခရေကောက်တတ်တဲ့ အကျင့်ကလေးမရှိခဲ့ရင် ဒီအတိတ်ဆိုးက လွတ်ကောင်း လွတ်နိုင်လေမလား လို့ တွေးဆကြည့်ခဲ့ပေမယ့် ကံကြမ္မာ ဆိုတာကို သူမမှ မမြင်နိုင်ခဲ့ပဲလေ။
အတိတ်ရဲ့ညနေတွေတုန်းကတော့ ပန်းကြွေလေးတွေကိုမြင်တိုင်း စကတ်တိုတိုကလေးနှင့် အပြေးကလေး ပြေးကောက် တတ်တဲ့ ဆယ်ကျော်သက် အပျိုရိုင်း ကလေးတွေထဲက မှ တစ်ယောက်ဖြစ်ခဲ့ဖူးသည့် သူမ။ မြို့ငယ်ကလေးရဲ့ ဘုရားရင်ပြင်ရှိ ကျောက်ပြား ဖြူဖြူတွေပေါ်က ထုံးစက်လား ပန်းကြွေလေးများဆိုတာ အတိအကျ သိနိုင်ခဲ့သည်အထိ ခရေကိုနှစ်သက်သူ သူမ။
နောက်… မျက်ရည်တို့နှင့် စိုစွတ်ခဲ့ဖူးသော အကျည်းခပ်တန်တန် ညနေတစ်ခု။
ညဥ့်သန်းခေါင်မှာ မိုးကျီစယ်လို့ ပွင့်ခဲ့တဲ့ ပိတောက်တွေနဲ့လှနေတဲ့ နေတစ်နေ့ရဲ့ တိုက်ဆိုင်မှုများနှင့် ကံကြမ္မာ…
ပိတောက်ပွင့်ခဲ့တဲ့ မိုးဦးကျစ အချိန်က ခရေတို့ကို ကယောင်ခြောက်ခြား ကြွေစေသည့် လေပြင်းပြင်း …
တရား သည် မတရားသည် သူမ မသိ၊ တဦးတည်း စွဲချက်တင်ကာ အတည်ပြုခဲ့သည်က အဲဒါ ပန်းကြွေကောက်ချိန်… ………………………………………………………………………………..

“အမလေး… ”
မြေပေါ်တွင် ပြန့်ကျဲသွားသော ရွှေဝါရောင် ပိတောက်ပွင့် တို့က ခရေပင်တန်းတနေရာမှာ နေရာယူလိုက်သည့်အခါ သူမ အပြေးကလေး ကောက်မိသော အကြွေပန်း ကလေးတစ်ပွင့်ကိုလည်း လက်ကလေး မမှီ့တမှီမှာပဲ ဆိုးဆေးနီနီကလေးနှင့် ခြေအစုံက က ဖုံးအုပ်ပြီးသား။ လက်ကလေး အနင်းမခံရအောင် အသာရုတ်လိုက်တာမို့ သူမ ဟန်ချက်ပျက်သွားသလို ပိတောက်ပိုင်ရှင် ကလေးကလည်း လဲပြိုလုလု။

“ဒုက္ခပါပဲ သူများကို လက်ဆောင်ပေးမဲ့ ပိတောက်တွေ ခုတော့ ကြွေကုန်ပြီ ။ လူသွားလမ်း ရှိတယ်ဆိုတာလည်း သတိရဦး ကလေးမရယ် … ။ ”

ထိုမမ ကသူမအား အပြစ်တင်စကား ဆိုလာပြန်တော့ ဘာမှမပြောဖြစ်ပဲ စူပုပ်ပုပ်ကလေး လုပ်ကာ ပြားချပ်ချပ်ပန်းကလေးကို တလှည့် ဘုရား တန်ဆောင်းထဲက တိုင်ကပ်နာရီ ကိုတလှည့် ကြည့်လိုက်သည်။ သူမ ၇ နာရီ စာကျက်ဖို့ပြန်ရဦးမည်။ ဘာကြောင့်မှန်းမသိ ခရေပန်းတွေကိုမှ စာကြည့်စားပွဲတွင် ထားတတ်သော ကိုကိုကြီးအတွက် စနေနေ့ညနေတိုင်း ပန်းတစ်ကုံး ကိုယ်တိုင် ကောက်ပေးတတ်သော သူမ ထုံးစံကလေးကို လည်း ပျက်မှာစိုးမိသေးသည်။ လက်ထဲက ခရေ သီထားတဲ့ နှီးတံကလေး မှာ ပန်းတွေ လိုနေသေးသည်လေ။
နာရီဝက်လောက်အကြာ ပန်းကြွေကောက်ခါမှ နှီးတံကလေး တလျှောက်ပန်းတွေ ပြည့်လာသည်။ ကျောင်းလွယ်အိတ်ကလေးကို လွယ်ထားသော သူမတယောက် သူမနေထိုင်ရာ တဲစုတ်ကလေးကို ကျော်ကာ ကိုကိုကြီးတို့ အိမ်တန်းဘက်ကို အပြေးကလေးလာမိသည်။ ခါတိုင်းအချိန်ထက် အနည်းငယ် နောက်ကျနေတာမို့ သူမ လာလျှင် ဆူဖို့ စောင့်နေရော့တော့မည်လို့ ထင်ပေမယ့် ကိုကိုကြီးစာကြည့်စားပွဲက ထူးဆန်းစွာ အမှောင်ကျနေသည်။ ဘောလုံးပွဲလာသည့်ရက်မှလွဲ၍ မဖြစ်မနေ စာဖတ်တတ်သော ကိုကိုကြီးတစ်ယောက် ဘာတွေ လုပ်နေပါလိမ့်…။
ကိုကိုကြီးတို့အိမ်က သူမနှင့် စိမ်းမနေတာမို့ ရယ်သံအချို့ကြားရာ ထမင်းစားခန်း ဆီကို ၀င်လာလိုက်တော့ စနေနေ့ညနေတို်င်း၏ အပျော်လေးများက သူမနှင့် ဝေးရာကို ထွက်ပြေးသွားကြသည်။
“လာလေ သမီးလေး ဒေါ်ဒေါ်လုပ်ထားတဲ့ မုန့်လာစား ”
“……”
ကိုကိုကြီး မေမေမှ လှမ်းခေါ်တော့ သူမ ငြင်းးရခက်စွာ ခဏရပ်နေလိုက်သည်။ မိသားစု ထမင်းစားဝိုင်းတွင် ကိုကိုကြီး ကိုယ်ထွားထွားကြီးကို မခိုးမခန့်လေးမှီနေသော ခြေသဲနီနီနှင့် ပန်းကြွေလေးများ ကို ကြုံကြိုက်စွာ အမှတ်မဲ့ နင်းဖြစ်ခဲ့သူ အဲဒီမမ၏ အပြုံးကလေးများက သူမကိုတွေ့တော့ ပျောက်ကွယ်ချေပြီ။ ကိုကိုကြီးတို့ မိသားစုစုံကာ စကားပြောနေရာမှာ ခဏထိုင်နေဖြစ်တော့ သူမ ရင်မှာ လှိုင်းထန်လွန်းလှသည်။ ကိုကိုကြီးကတော့ သူမကို သတိမရနိုင်လောက်အောင် ခြေသည်းနီနီလေး ပိုင်ရှင်နှင့်သာ ရယ်သွမ်းသွေးနေချေသည်။
သည်းခံနိုင်သည့် အတိုင်းအတာ တစ်ခု အဆုံးမှာ အားလုံးကို ပြုံးမပြနိုင်တော့အောင် သူမ ဟန်ဆောင်မှုကင်းမဲ့စွာ ထမင်းစားခန်းမှ ထွက်လာခဲ့ဖြစ်သည်။ သူမချစ်သော ကိုကိုကြီးသည် ခရေပန်းအပြင် တခြားတခြား သော ပန်းကလေးများ ကိုလည်း နှစ်သက်နေသေးကြောင်း ကိုကိုကြီးစားပွဲပေါ်မှ ပိတောက်ပန်းတို့ က သက်သေခံသောအခါ သူမမှာလည်း ခြေဖ၀ါးအောက်က အကြွေပန်းကလေးလို အသက်ရှုမွန်းကျပ်နေခဲ့ပြန်သည်။
တစ်ညနေလုံး ဘုရားပေါ်တွင် ကောက်ထားခဲ့သော ပန်းကလေးများကို ကိုကိုကြီး၏ စာကြည့်စားပွဲတွင် နောက်ဆုံးအဖြစ် တင်ပေးဖြစ်ခဲ့သော အခါ သူမ ရင်ထဲမှ အမုန်းမဲ့သော ချစ်ခြင်းများ အကြောင်းကို ဖာသာသိနေခဲ့သည်။ သူမ တစ်ယောက်တည်းကိုသာ ချစ်ပါသည်ဟု ပြောခဲ့ဖူးသော ကိုကိုကြီး၏ စကားများက ခုတော့ လေမှာလွင့်သလို လွင့်ပျယ်ချေပြီထင်သည်။ ဒီလိုနှင့်ပဲ ကိုကိုကြီးတို့ အိမ်ကိုနေ့စဉ် စာဖတ်ရန် ဆိုသည့်အကြောင်းပြချက်ဖြင့် ရောက်ရှိခြင်းတို့ကို သူမ ခက်ခဲစွာ တိတ်တဆိတ် အဆုံးသတ်ဖြစ်ခဲ့ပါသည်။ ………………………………………………………………………………………
ပိတောက်ပန်းများနှင့် ခရေကောက်နေသော ကလေးမလေးအား မျက်ဝန်းမှ ပျောက်ကွယ်သွားသည်အထိ သူမငေးကြည့်နေရင်း သက်ပြင်းကိုသာ အကြိမ်ကြိမ် ချနေမိသည်။ အချိန်တွေလည်း ကြာခဲ့ပါပြီ။
အချိန်တိုင်း ခရေသာ ကောက်နေချင်သော ၊ ခရေပင်ရိပ်တွင်သာ အချိန်ကုန်ဆုံးချင်သော စိတ္တဇတို့က အကျည်းတန်သော အတိတ်ကို တန်ဆာဆင်နေသည် ဆိုတာ သိနေပေမယ့် သူမ ခရေကိုသာ ကောက်ချင်မိသည်။ ဒီနှစ်ပိုင်းတွေမှာ ကိုကိုကြီးတို့အိမ်ဘက်မှ ဆူညံပူညံသံများနှင့် ယမကာသံ နှောနေတတ်သော ကိုကိုကြီးအသံကို ကြားဖြစ်တော့ သူမ စိတ်မကောင်းဖြစ်မိသလို အရင်လို ခြေသည်းနီနီကလေးများနှင့် မလှပနိုင်တော့ပဲ ၀မ်းနည်း မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်စပြုလာသော ထိုမမ မျက်ဝန်းများနှင့် ဆုံမိသောအခါ ရင်နင့်ရပြန်သည်။
မန်ယူနှင့် ချဲဆီးလ် တို့ထက် ရီဝေေ၀ညနေကိုသာ တစိုက်မက်မက် ခုန်မင်လာသော ကိုကိုကြီးက သူ့ဘ၀ကို ထို ယစ်ရွှေရည်များနှင့် တန်ဆာဆင်တတ်နေပြီဖြစ်သလို သူမကိုတွေ့တိုင်းလည်း သံယောဇဉ်မပြတ်သော မျက်ဝန်းများနှင့် ကြည့်တတ်လာသောအခါ တခြားရပ်ကွက်ကလေးသို့ သူမ ပြောင်းရွှေ့ ဖြစ်ခဲ့သည်။ ရွေးချယ်ခွင့် များပြားစွာ မရှိခဲ့သော လမ်းများကို သူမတစ်ယောက်တည်း ကြိုးစား၍ ဆက်လျှောက်နေခဲ့သောအခါ နောင်တဆိုတာ မရှိခဲ့သလို ရွေးချယ်ခဲ့သူ ကိုကိုကြီးနှင့် သူ၏ မိသားစုကိုလည်း နောင်တများနှင့် မပျော်ပိုက်စေလိုပါ။
“………………………”
ခပ်ကြမ်းကြမ်းလေပြင်းတခု နှင့်အတူ မိုးစက်တို့ ပါလာတာမို့ ကစင့်ကလျား ကြွေလာသည့် ခရေပန်းများကို အသာကောက်ပြီး ရေးလက်စ ကဗျာတပုဒ်ကို လက်စ သတ်ကာ ခရေပင်တန်းကလေးမှ သူမ စာပြရာ သင်တန်းကျောင်း ကလေးသို့ ထွက်ခွာလာခဲ့သည်။


ခရေကောက်ချိန်မှာ

ပိတောက် မပွင့်စေချင်ခဲ့တာ

အကြွေပန်းရဲ့ မရှိမာနတစ်ခုပေမယ့်

ရွှေဝါပွင့်ရိပ်ဆီ မလှမ်းဖို့

ဖွင့်ဟလို့ မဆိုသာပြန်ဘူး…

အတွေးတွေ နယ်လွန်တယ်ပဲထား

ခရေကောက်ချိန်မှာ ပိတောက်တွေမပွင့်စေချင်ဘူး


တကယ်လို့သာ

အဲဒီညနေ ပိတောက်ပွင့်မယ်ဆို

ခရေငယ် ဘယ်လိုမှ မကြွေဝံ့ဘူး …

မွန်းသက်ပန် (ဆေး-၁)
လောကအလှ အွန်လိုင်း မဂ္ဂဇင်း
၂၀၀၉ ခုနှစ် မေလ ၂၂ ရက်

ဆက်ဖတ်ရန်...

Tuesday, June 23, 2009

အပြစ်ဖွဲ့ သစ္စာ

မချစ်တတ်ခဲ့ဘူး ဆိုရအောင်

အချစ်ငတ်ခဲ့ဖူး သူမှမဟုတ်တာရှင်ရယ် …

ဖွင့်ဟမဆိုတာ တစ်ခုတည်းနဲ့

အပြစ်ဖို့လို့ဆိုလာခဲ့လည်း

အရာရာကို မြတ်နိုးမိသူအတွက်

ကတ္တီပါခင်းနဲ့ သိမ်းဆည်းမဲ့သူပါ

မွန်းသက်ပန် (ဆေး-၁)

ဆက်ဖတ်ရန်...

Monday, June 08, 2009

သိကြားမင်းပြန်ချိန် ထွန်းတဲ့အလင်း

ကလေးဆေးရုံကြီး ပြင်ပလူနာဌာနရှေ့ရှိ ပိတောက်ပင်ထက်မှာ ရွှေရောင်တ၀င်းဝင်းနှင့် ပိတောက်တို့က သူ့ထက်ငါ အပြိုင်အဆိုင်ပွင့်လို့နေသည်။ ခပ်လှမ်းလှမ်းမှ ဆေးရုံ ကင်တင်းကလေး၌ မီးမီးငယ်တို့ သူငယ်ချင်း ခြောက်ယောက် ခေါင်းချင်းဆိုင် အစည်းအဝေးလုပ်ရင်း လာမည့် သင်္ကြန်ရက်အတွင်း အလုပ်သင်ဆရာဝန် အချိန်စာရင်းကို ညှိနှိုင်းနေကြသည်။ ဘယ်သူမှ မတင်ပါဘဲနှင့် အဖွဲ့ခေါင်းဆောင်ဖြစ်နေသူ ကေကေ ကတော့ ဂျူတီလဲရခြင်းဖြင့် ခေါင်းခြောက်သည့် ဒဏ်ကို မခံချင်သောကြောင့် တောင်ကြီးမှ လာမည့် သူ့ဦးလေး အငယ်ဆုံးကို သွားကြိုမည်ဟုဆိုကာ



လက်က နာရီကို တကြည့်ကြည့်နှင့်မို့ သူမတို့အမြင်ကတ်ကြပေမယ့် သူ့ဦးလေး ဦးမောင်မျက်နှာကြောင့် ဘေးမဲ့ပေးထားလိုက်သည်။



သင်္ကြန်နားနီးတိုင်း သင်္ကြန်ပိုးထတတ်သည့် သူမတို့ အဖွဲ့က အရင့်အရင်နှစ်များကလည်း သူငယ်ချင်း အများဆုံရာ အင်းလျားလမ်း ဒါမှမဟုတ် တက္ကသိုလ်ရိပ်သာလမ်း တို့တွင် မဏ္ဍပ်ထိုင်နေကျ ဖြစ်သည်။ ဘွဲ့မရမချင်း ရည်းစား မထားရ ဟူသော အဖွဲ့၏ စည်းကမ်းချက်ကြောင့် သင်္ကြန်တိုင်းဖြစ်နေကျ သူမတို့အဖွဲ့၏ ပြသနာတစ်ခုမှာ ဦးဆောင်မည့် ယောက်ျားသား မရှိခြင်း ဖြစ်ပြီး ၎င်းကို ဖြေရှင်းရန် နှစ်စဉ်နှစ်တိုင်း ဦးလေးနှင့် အစ်ကိုဖြစ်သူများကို အားကိုးတကြီး ရှာရခြင်း ဖြစ်သည်။


ထို့ပြင် မူးလျှင် ရစ်တတ်သော ယောက်ျားသားများရန်မှ ကင်းဝေးရန်၊ ပိန်ပိန် ရှည်ရှည် မှစ၍ ပုပု၀၀ကလေးထိ ပါဝင်သော သူမတို့အဖွဲ့ဝင် မဒီများ မဏ္ဍပ်တွင် မျက်နှာမငယ်စေရန် သွားမည့်မဏ္ဍပ်မှ မိန်းကလေး၊ ယောက်ျားလေးတို့၏ အသက်နှင့် ရူပကာများကိုပါ စုံစမ်းရတာကလည်း အရေးကြီးကိစ္စတစ်ခု ဖြစ်သည်။


ခါတိုင်းနှစ်တော့ ထိုတာဝန်များကို နှစ်ယောက်တစ်တွဲ တာဝန်ယူရပေမယ့် ဒီနှစ်မှာတော့ ကေကေ့ဦးလေးက အကုန်စီစဉ်မည် ဆိုသဖြင့် သူမတို့ တာဝန်က ဦးလေးဖြစ်သူ ဦးမောင်ကို အိမ်အရောက် ကြိုဖို့နှင့် ဆေးရုံဂျူတီများကို သင့်တော်သလို လဲရန်သာ ကျန်တော့သည်။ သို့ရာတွင် သူငယ်ချင်း ခြောက်ယောက်စလုံး အတက်နေ့တွင် အတူရှိချင်သည် ဖြစ်ရာ သင်္ကြန်တွင်း ဆေးရုံဂျူတီ တစ်ရက်ကို ရေမကစားတတ်သော သူငယ်ချင်း၏ အခြားရက် ဂျူတီ နှစ်ရက်နှင့် လဲရပြန်သည်။ စာကျက်လျှင်သာ ခေါင်းကိုက်သည် ဗိုက်အောင့်သည်ဖြင့် အကြောင်းအမျိုးမျိုးပြတတ်သော သူမတို့ အဖွဲ့က ခုတော့ သူများထက် ဂျူတီရက်ပိုယူရန် တက်ညီလက်ညီ သဘောတူကြသည်။ ကဲချင်ကြသည်ကိုး…။

…………………………………



နောက်တစ်နေ့ ဦးမောင် နှင့်အတူ မဏ္ဍပ်ရှိရာသို့ သွားကြည့်ကြတော့ သူမတို့ ရေကစား မဏ္ဍပ်က နိုင်ငံခြားဘာသာသင် တက္ကသိုလ်နှင့် မျက်စောင်းထိုးက မဏ္ဍပ်မြင့်မြင့်ကြီးတွေထဲက တစ်ခု။

“ဟိုက်ရှားပါး မိုက်သဟ အမြင့်ကြီးပဲ ”


ပျော်နေကြသော သူမတို့အားကြည့်ပြီး ဦးမောင်က မိန့်မိန့်ကြီး ပြုံးကာ


“မီးမီးတို့ကို သူများလာရစ်မှာ ကောင်မလေးတွေ ကိုယ့်ထက်ချောမှာလည်း မပူနဲ့နော် ဦးမောင် အကုန်စီစဉ်ပြီးသား ဒီမဏ္ဍပ်က ပိုင်ရှင်က ဦးမောင် သူငယ်ချင်း၊ လာမယ့်သူတွေ အားလုံးကလဲ မာမီတွေချည်းပဲ။ ”


“ရှင်…”

အတွေးထဲမှာ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများကို ပြေးမြင်ရင်း မျက်လုံးကလေးပြူးကာ ဦးမောင်အား ၀ိုင်းကြည့်ကြတော့ ကြိုတင် သတင်းရထားသော ကေကေက ဆရာကြီးလုပ်ကာ အသေးစိတ် ရှင်းပြပြန်သည်။


ဦးမောင် စီစဉ်ပေးထားသော မဏ္ဍပ်မှာ ယောက်ျားစစ်စစ် မာမီများမှ ဦးစီးခြင်း ဖြစ်ပြီး လာရောက်ရေကစားကြမည့် မိန်းကလေး ဦးရေမှာ အလွန်နည်းပါးမည် ဖြစ်သည်။ ယောက်ျားသားများ ရှိသော်လည်း ဦးမောင်နှင့် မျက်နှာ နာသူများဖြစ်သောကြောင့် သူမတို့အား မူးပြီးရစ်မှာ မပူရဟုဆိုသည်။

ကေကေ့စကားများ အဆုံးတွင်မတော့ မီးမီးတစ်ယောက် မဏ္ဍပ်ရှေ့မှ ပလက်ဖောင်းတွင် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်သည်။ အစစအရာရာ အဆင်ပြေနေသော်လည်း မီးမီ်း ရင်ထဲမှာ နေမထိထိုင်မသာဖြစ်ရတဲ့ အကြောင်းက သူမအား သူငယ်ချင်းများ မသိအောင် တိတ်တဆိတ် ချစ်ခွင့်ပန်ထားသော အတန်းဖော် ဇေယျာက မဏ္ဍပ်တွင် သူမနှင့်အတူ ရေကစားချင်ပါသည်ဟု တောင်းဆို ထားသောကြောင့် ဖြစ်သည်။ ဆေးတက္ကသိုလ် ဒုတိယနှစ် ကတည်းက ချစ်ခွင့်ပန်ကာ သူမအား ပိုးပန်းခဲ့သော အနှီ ကောင်ကလေးအား ဇွဲဆုပေးချင်ပါသော်လည်း သူငယ်ချင်းမ ၅ ယောက်ကို ကြောက်၍ အဖြေမပေးနိုင်သေးသော မီးမီးမှာ ယခုလိုကျောင်းကြီးပြီးလို့ အလုပ်သင်ဆရာဝန်ဘ၀ သင်္ကြန်လည်ရတုန်း တစ်ရက်လောက်တော့ အတူတူ ပျော်ချင်နေမိသည်။ ခုတော့ သူမတို့အား အရိပ်တကြည့်ကြည့် လုပ်နေမည့် ဦးမောင်၊ မာမီများသာ ရှိသော မဏ္ဍပ်၊ အတိတ်ကတည်းက အကြောင်းအမျိုးမျိုးဖြင့် သူမအား ချဉ်းကပ်သူများကို ပညာပေးလွှတ်တတ်သော ချစ်သူငယ်ချင်းမ ငါးယောက် ဒါတွေအားလုံးကို ကြည့်ချင်းအားဖြင့် မီးမီးတစ်ယောက် ဇေယျာ့ တောင်းဆိုချက်ကို ငြင်းဆန်ဖို့ ၁၀၀ ရာခိုင်နှုန်း သေချာခဲ့ရပြန်သည်။

“ဟူးးးးးးးးးးးးးး”

………………………………………



ဒီလိုနှင့် သင်္ကြန်ဆိုတဲ့ ပွဲတော်က သူမတို့ထံ မြူးမြူးကြွကြွ လာမြဲတိုင်းလာခဲ့သလို သင်္ကြန်ရက်တွေကလည်း သူမတို့အား မနက်စောစောအိပ်ရာနိုးစေတဲ့ ရက်တွေအဖြစ် ဖန်တီးပေးပြန်ပါသည်။

ပထမနေ့တွင် မဏ္ဍပ်သို့ရောက်သွားတော့ မျက်နှာငယ်ကလေးတွေနှင့် ဖြစ်နေပေမယ့် မဏ္ဍပ်တာဝန်ခံ မာမီမျိုးပြောသော ဟာသမျိုးစုံကို နားထောင်ရင်း အတော်လေး နေသားကျ နေပြီဖြစ်သည်။ အကျနေ့မို့ အတော်လေးစည်ကားနေပေမယ့် ညနေမစောင်းခင် ကတည်းကပင် ခိုက်ခိုက်တုန်ခဲ့ရသော သူမတို့ တသိုက်မှာ စောစောစီးစီး အိမ်ပြန်ခဲ့ကြရသည်။

အဆီများလှ သဖြင့် အချမ်းဒဏ်ကို အတန်ငယ်ခံနိုင်သော သဲသဲ က အိမ်ပြန်လမ်းတလျှောက် လုံး သူမတို့အား မျက်စောင်းတထိုးထိုးနှင့် ပြောလို့မဆုံး


“အသဲယားလိုက်တာ ကေကေရယ် ရှင်တို့ ဒီလို ချမ်းနေမယ်ဆို နောက်နေ့တွေ ကစားနိုင်မယ် မထင်တော့ဘူး”

“အို… အတက်နေ့ တစ်ရက်ပဲ လူစုံဖို့ ကျန်တဲ့ဟာကို သဲသဲရယ်၊ မနက်ဖန် ကျူပ်တို့က ဆေးရုံဂျူတီ ဆင်းရမယ်လေ။ ဂျူတီလဲမဲ့သူ ရှာမရဘူးဟ။ အတက်နေ့ အချမ်းမခံနိုင်တော့ရင် ဦးမောင်ကို ပြောပြီး ကျူပ်တို့ နည်းနည်း သောက်ကြမယ်လေ”


“ဖြစ်ပ့ါမလား ကေကေရယ် ဦးမောင် ဆူနေပါ့မယ်။ ”


“ကျူပ်ဦးလေးအကြောင်း ကျူပ်သိပါတယ် မီးမီးရယ် ၊ ရှင်အသာနေစမ်းပါ”


“အင်း ဒါဆိုရင်တော့ မဆိုးဘူးဘဲ ဟီးး”


သဘောကျသည့် လေသံဖြင့် သဲသဲ ဆိုလာတော့ အားလုံးက ၀ိုင်းပြီး ဆဲဆို လိုက်ကြသေးသည်။

……………………………………………………



နောက်တစ်နေ့ နံနက် နှိုးစက်သံ နှင့်အတူ သူမတို့ရဲ့ ၂၄နာရီ ဂျူတီကို စတင်ခဲ့ပြန်ပါသည်။ သင်္ကြန်တွင်းမို့ လူနာ နည်းမည်ဟု သူမတို့ တွက်ထားသော်လည်း ဘာကြောင့်မှန်းမသိ တက်လိုက်သော ကလေးလူနာတွေက ညနေလေးနာရီ မထိုးခင်မှာပင် ဆယ်ယောက်ကျော် ဖြစ်လာခဲ့သည်။ သည်းမခံနိုင်သည့်အဆုံး အရေးပေါ်ဌာနမှ ပါယ်ပါယ့်အား ဖုန်းဆက်ပြီး ငေါက်ငန်းမည် ကြံပြန်တော့ သူ့မှာလည်း ပြင်ပလူနာတွေကိုက မနည်းလှဟု ဆိုသဖြင့် ငြိမ်နေလိုက်ကြရသည်။ နောက်နေ့ ရေကစားလျှင် မျက်နှာဖောင်းဖောင်းကလေးတွေနှင့် လှနေအောင် စောစောအိပ်မည်ကြံတော့ ည၁၁ နာရီလောက်ကျမှ ၀မ်းသွား၍ ဆေးရုံတက်လာသော ကလေးလေးက တစ်ညလုံး ဂဂျီဂဂျောင်ကျသဖြင့် သူတို့နှစ်ယောက် အလုပ်သင် ဆရာဝန်အခန်းထဲက ခုတင်ကလေးပေါ်မှာ ခဏလှဲနေဖြစ်တဲ့အချိန်က မနက် လေးနာရီထိုးခါနီးလေး။

အိပ်ရေးမ၀လို့ မျက်လုံး ဖောင်းဖောင်းလေးတွေဖြစ်နေတဲ့ သူတို့နှစ်ယောက် အထုပ်အပိုးတွေနှင့် ဆေးရုံရှေ့က ခုံတန်းလျားကလေးမှာ ဦးမောင်လာအကြိုကို တမျှော်မျှော်နှင့် စောင့်ကြရပြန်သည်။ ပါယ်ပါယ်ကတော့ မနက်စောစောကပင် သူ့အိမ်က ကားဖြင့် အိမ်သို့ တစ်ခေါက်ပြန်သွားကာ မဏ္ဍပ်တွင် ဆုံမည်ဟု ဆိုသည်။

“လာပြီ လာပြီ ဦးမောင်လာပြီ”


“ဟဲ့ ကေကေမ ညည်းက ရေကစားမှာ ဒီထမီကြီးနဲ့လား ပုံတုံးလိုက်တာကွယ် ကြည့်လုပ်ပါဦး”

“ဟုတ်ပါဘူး ဦးမောင်ရဲ့ အောက်မှာ ဂျင်းဘောင်းဘီဝတ်ထားပါတယ်။ ဆေးရုံကနေ ဒီလို အ၀တ်အစားမျိုး ၀တ်ပြီး ထွက်လို့မှ မရဘဲကိုးလို့”


“အေးအေး နင်တို့ ပြင်ထားတယ်ဆိုလည်း ပြီးတာပဲလေ။ တစ်ခုခုစားပြီးတာနဲ့ မဏ္ဍပ်သွားကြမယ်။ မဟုတ်ရင် ကားတွေကြပ်နေမယ်။ မနေ့က ဦးမောင် အိပ်ရာထ နောက်ကျလိုက်တာ အဲဒီကို ဆယ်နာရီကျော်မှ ရောက်တယ်”


“ဟုတ် ဦးမောင် အဆင်ပြေသလိုသာလုပ် ကေကေတို့က အဆင်ပြေတယ်”


ပြောပြောဆိုဆိုနှင့် မီးမီးနှင့် ကေကေ နှစ်ယောက်သား ကားထဲတွင် ထည့်ထားသော အထုပ်များထဲမှ ပစ္စည်းပစရများကို ထုတ်ကာ အလှပြင်ကြ၊ အပေါ်မှ ထပ်ဝတ်လာသော အ၀တ်များကို ကျောပိုးအိတ်ထဲထည့်ကြဖြင့် အလုပ်ရှုပ်ကြပြန်သည်။

နိုက်ဂျူတီထွက်မို့လို့ ပင်ပန်းနေပေမယ့် သူငယ်ချင်းတွေ ဆုံကြပြန်တော့ နောက်ပြောင်ကြရင်း တပျော်တပါး။ ညနေစောင်းချမ်းလို့ ခိုက်ခိုက်တုန်တော့ ဦးမောင်စီစဉ်ပေးသော အရည်တချို့နှင့် သူမတို့ အချမ်းဖြေရင်း ၊ ရေကစား မပျက်။

“ကေကေ သိပ်မသောက်နဲ့နော်။ တော်ကြာ အရမ်းမူးနေမယ်။”

“အင်းပါ မီးမီးရယ် ရပါတယ်။ ဦးမောင်လည်းရှိတယ် ဘာမှမပူနဲ့ ။ ” ပြောရင်းသောက်သော ကေကေမှာ သူတစ်ငုံသောက်လိုက် မီးမီးအား တစ်ငုံတိုက်လိုက် လုပ်နေရာ နှစ်ဦးသား ပြိုင်တူမူးချေသဖြင့် ဦးမောင်မှာ အမြင်ကပ်ရကား အနားကပ်ကာ မေတ္တာပို့လေသည်။

“ဟဲ့ ကေကေနဲ့ မီးမီး ညည်းတို့နှစ်ယောက် ညီတူညီမျှသောက်မယ်လို့ သစ္စာဆိုထားသလား။ ငါနောက်က ကြည့်နေတာ ကြာပြီ ။ မျက်စေ့နောက်တယ်။ ”


“ဟုတ်ပါဘူး ဦးမောင်ရယ် သူမူးမှာစိုးလို့ မီးမီးက ကူသောက်ပေးတာပါ”


“ထားပါ ထားပါ။ ညနေပြန်ချိန်ရောက်ရင် မမူးဖို့အရေးကြီးတယ် မဟုတ်ရင် ကေကေ့ကိုမီးမီး အိမ်ကိုသာ အရင် ခေါ်သွားတော့ အစ်ကိုကြီးကို ငါလည်းကြောက်တယ်”

“ဟုတ်ကဲ့ဦးမောင် ဒါပေမယ့် မီးမီးတို့ မမူးပါဘူး ”


“ဟုတ်ပါပြီ ဟုတ်ပါပြီ”


ရီဝေေ၀ အသံကလေးနှင့် သူမတို့ မမူးကြောင်း ပျာပျာသလဲ ရှင်းပြကြတော့ ဦးမောင် က စိတ်ပျက်ဟန် လုပ်ကာ မဏ္ဍပ်နောက်သို့ ပြန်ဝင်သွားခဲ့သည်။ သူမတို့ သူငယ်ချင်း တသိုက်ကတော့ ရွှတ်နောက်နောက်ပြောတတ်သော မာမီကျော်ပြောသမျှ နားထောင်ရင်း အချိန်တွေကို မေ့လျော့လို့နေလိုက်တာ ညနေခြောက်နာရီထိုးလို့ မဏ္ဍပ်ပိတ်ပေမယ့် သူမတို့မှာ မပြန်နိုင်။ သင်္ကြန် လေးရက်က မြန်ဆန်လွန်းလှစွာ ဖြတ်သန်းသွားလေပြီ။ သင်္ကြန်စာထဲတွင် သိကြားမင်း မည်သည့်အချိန်တွင် မည်သို့ပြန်တက်မည်ကို သူမတို့တစ်သိုက် သင်္ကြန်စာ မဖတ်ထားလို့ မသိပေမယ့် အတက်နေ့က ခါတိုင်းနှစ်တွေလိုပင် သူမတို့ကို လွမ်းစေပြန်သည်။ သောက်နေမကျဘဲ သောက်မိသဖြင့် စားထားသမျှလေး ပြန်ပါသွားသော သူငယ်ချင်းမ တစ်ယောက်ကတော့ မဏ္ဍပ်တိုင်နားမှာ ခပ်လျော့လျော့ကလေး ထိုင်လို့နေသည်။ အညစ်အကြေးများဆေးဖို့ မီးသတ်ပိုက်နှင့် အထိုးခံထားရသော ထိုသူငယ်ချင်းမ မျက်နှာမှာ ပုံမှန်ထက်ပို၍ နီရဲနေသလို အနားမှ ထိန်းပေးနေသော ကေကေ့မျက်နှာကလည်း မီးသတ်ပိုက်ဒဏ်ကြောင့် အရဲသား။ တနေကုန်ချမ်းလွန်းသဖြင့် သောက်ထားသော ယမကာ ကလေးများကလည်း ခုမှ တန်ခိုးပြနေသလိုလို ဘယ်သူမှ ဖွင့်မပြောပေမယ့် ရီဝေတဲ့ မျက်ဝန်းကလေးတွေနှင့်။ နောက်ဆုံးတော့ အိမ်မှ လာကြိုသော ကားနှစ်စီးဖြင့် သူငယ်ချင်း သုံးယောက်စီ ခွဲကာ အိမ်ပြန်ခဲ့ကြသည်။ ကေကေ နှင့် သဲသဲ ကတော့ အမူးပြေမှ အိမ်ပြန်ရန် ဆုံးဖြတ်ကာ မီးမီးငယ်အိမ်သို့ အတူပြန်လာခဲ့ကြသည်။ ဦးမောင်ကတော့ သူ့သူငယ်ချင်းတွေနှင့် နောက်တစ်ပွဲဆက်မည်ဆိုတာ အခြားကားနှင့် လိုက်သွားလေသည်။

……………………………………………………………………



မီးမီးတို့ အိမ်ရှေ့ရောက်ချိန်မှာ ရီဝေေ၀ရိပ်ကလေး သမ်းနေသေးပေမယ့် အိမ်မှလူကြီးများ သိမှာကြောက်တာမို့ ကုတ်ကုတ်ကလေး အိမ်တွင်းသို့ ၀င်လာလိုက်သည်။ မူးမူးနှင့် ရေအမြန်ချိုးကြပြီး လေပေါနေတုန်း အောက်ထပ်မှ မမကြီးက ထမင်းစားရန် အတင်းခေါ်နေပြန်၊ ဆံပင်ကိုအခြောက်ခံနေတုန်း မီးကလည်း ပျက်သွားတာမို့ ဆက်မစောင့်တော့ဘဲ အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။

တနေ့လုံး ရေစိုလာသဖြင့် ဗိုက်ထဲက အတော်ဆာနေပေမယ့် ရင်ခံနေသလိုဖြစ်ကာ အနည်းငယ်သာ စားဝင်သည်။ ထမင်းစားနေတုန်း မီးပြန်လာတာတော့ ငယ်ငယ်ကလို တဟေးဟေး တ၀ါးဝါးအော်ကာ သုံးယောက်သား ဆူညံနေကြသဖြင့် မမကြီးက တစ်ချက် ဟန့်လိုက်တော့မှ ငြိမ်သွားကြပြန်သည်။


မီးမီး နင်အနံ့ တစ်ခုခုမရဘူးလား။


“အင်း ရတယ် မမကြီး ဟင်းချက်တာ တူးတာဖြစ်မယ် သဲသဲရဲ့”

ထမင်းစားစဉ်မှာပဲ ညှော်နံ့တစ်ခု က သူမတို့ နှာခေါင်းနားက ဖြတ်သွားသဖြင့် ကိုရီးယားကားကို အသဲအမဲ ကြည့်နေသော မမကြီးအား လှမ်းအော်ကာ ပြောလိုက်သေးသည်။

“နှစ်ဆန်းတစ်ရက်နေ့မှာ အတူးတွေ စားရင် မီးမီးတို့ တစ်နှစ်လုံး အတူးစားနေရမယ်နော မမကြီး ကြည့်လုပ်ဦး ။ ”


“မတူးပါဘူး မီးမီးရယ် မမကြီး ရေတွေအများကြီးထည့်ထားပါတယ်။ ဒီဇာတ်လမ်း တစ်ပိုင်းပြီးရင် လာကြည့်မယ် ဟင်းအိုးကို မီးမီး သွားမွှေထားနှင့်”

သူမတို့ ညီအစ်မနှစ်ယောက် ငြင်းခုန်နေတုန်း ကေကေက ပန်းကန်ဆေးနေရာမှ သူ့ရုပ်ကလေးနှင့် မလိုက်ဖက်စွာ အာဗြဲကလေးနှင့် လှမ်းအော်ပြန်သည်။


“မီးမီး ၊ မီးမီး ရှင်က တော်တော်ကဗျာဆန်ချင်ပါလား ညအိပ်မီးထွန်းတာတောင် စိတ်ကူးယဉ်တုန်းပဲ ခရမ်းရောင်နဲ့။ ”

“အင် … ကျုပ်ခရမ်းရောင် မကြိုက်ဘူး ကေကေရဲ့ ဟိုနေ့က မီးလုံးကျွမ်းလို့ မမကြီး လဲပေးထားတာ ဖြစ်မယ်။ မမကြီးကို မေးမှပဲ ။ ”

“မမကြီး မီးမီးအခန်းကို ဘာလို့ မီးမီးမကြိုက်တဲ့ ညအိပ်မီးလဲတာလဲ။ နိုက်ဂျူတီသွားတာ ၂ ရက်ကလေးကို။ အခန်းကို မီးမီး မကြိုက်တဲ့ အရောင်ထည့်တယ်။ ”


“မမကြီး ဘာမှမလုပ်ဘူး မီးမီးရဲ့ ဘယ်မှာလဲ ပြ ကြည့်။ ”

“ဟယ်.. မဟုတ်သေးပါဘူး ဒီကလေးတွေ ။ နေပါဦး မမကြီး သွားကြည့်ပါဦးမယ်။ ” ဟု မမကြီးက ပြောပြောဆိုဆိုနှင့် လှေကားမှ အပြေးကလေး ပြေးတက်သွားသည်။

“မီးဟဲ့ မီး မီး၊ လာကြပါဦး မီးမီး အခန်းမှာ မီးလောင်နေလို့”


အိမ်ပေါ်ထပ်မှ အလန့်တကြား အော်သံကြားတာမို့ သူမတို့ ပြေးတက်သွားတော့ သူမ၏ အခန်းကလေး တစ်ခုလုံး မီးရောင်တွေနှင့် လွှမ်းလို့။ အခန်းထဲရှိ ဆိုဖာပေါ်မှာ တင်ထားတဲ့ dryer လေးကလည်း ဘယ်ရောက်မှန်းမသိအောင် မီးတောက်တွေ ကြားမှာ အစအန ပျောက်နေခဲ့သည်။ အဖြစ်ဆိုးလှတဲ့ ကေကေ့ ဂျာကင်ကလေးကတော့ မီးသင့်ရာ ခုံကလေးနှင့် အနီးဆုံးထဲမှ တစ်ခုမို့ တစွန်းတစ ပါနှင့်နေတာကြောင့် မီးမီးက လှမ်းဆွဲလိုက်တော့ တခုခု ပြုတ်ကျသွားသည်ထင်တာမို့ သူမ အမြန်ကောက်ယူလိုက်ပြီး ကြည့်လိုက်တော့ ပြီးခဲ့တဲ့ ကေကေ့မွေးနေ့မှာ သူမကိုယ်တိုင် လုပ်ပေးခဲ့သော ဖုန်းအိတ်ကလေးဖြင့် ထည့်ထားသော ဖုန်းကလေး။ ဖုန်း ကောင်းမကောင်း သိချင်တာမို့ ကေကေ့အား မေးမနေတော့ဘဲ သူမ အလျင်အမြန် ဖွင့်ကြည့်လိုက်မိလေပြန်တော့…


“အယ်…”

ဇေယျာ့ပုံ… ။ နောက်ဆုံးနှစ် အပိုင်း(က) တုန်းက လေ့လာရေးခရီး သွားပြီးနောက် တောင်ကြီးသို့ လျှောက်လည်ခဲ့စဉ်က သူမတို့အဖွဲ့ ရိုက်ဖြစ်ခဲ့သည့် ဓာတ်ပုံတွေထဲမှ ဇေယျာ့ပုံ အနီးကပ် ပါသည့် ပုံကို ဖြတ်ပြီး ထည့်ထားသော ဓာတ်ပုံကလေးက ကေကေ့ ဖုန်းမျက်နှာစာမှာ နေရာယူလို့ နေသည်။ သူမ အံသြတကြီးနှင့် ကေကေ့ကို လှမ်းကြည့်လိုက်တော့ မူးနေသည့်ကြားမှ မလုံမလဲဖြစ်နေသော မျက်နှာလေးအား သူမအမိအရ ဖမ်းယူမိခဲ့ပြန်သည်။


“………………”

”…………….”

အသံမျိုးစုံနှင့်အတူ တစ်အိမ်သားလုံး ပြေးတက်လာကာ အနီးအနားမှ ရေချိုးခန်းထဲသို့ ခုံတွေ၊ အ၀တ်တွေကို ကိုပစ်ထည့်ပြီး ရေနှင့် အတင်းလောင်းမှ မီးက ငြိမ်းသွားသော်လည်း မီးခိုးရိုက်မိရာ သူမအခန်းကလေးကတော့ အပြာရောင်ဖျော့ဖျော့မှ မီးခိုးရောင် အခြစ်ကလေးတွေ အဖြစ်သို့ ကူးပြောင်းသွားပြီး အနံ့တလှိုင်လှိုင်နဲ့မို့ မီးမီးတစ်ယောက် ထိုတစ်ညအဖို့ အိပ်စရာမရှိသဖြင့် ကေကေအိမ်သို့ လိုက်သွားရလေသည်။


တစ်နေ့လုံး ချမ်းလွန်းသည်ဆိုကာ စွတ်သောက်ခဲ့သော ကေကေ့မှာတော့ မူးထားတာလေးပင် ဘယ်ရောက်သည် မသိ။ မျက်နှာ ငယ်ကလေးနှင့် လူကြီးတွေ ကြားမှာ သွားကလေးဖြဲကာ သူ့အပြစ် ဖြစ်ကြောင်း တဖွဖွပြောနေခဲ့သေးသည်။ မီးပျက်စဉ် Dryer ကို မပိတ်ဘဲထားခဲ့မိသည့် သူမတို့အဖြစ်က တွေးကြည့်တာတောင် ရေးတေးတေးနှင့်မို့ တကယ်တော့ ဘယ်သူ့လက်ချက် ဆိုတာကိုပင် ပြောရမှာ အခက်သား။ သူငယ်ချင်းသုံးယောက်သား ကေကေ့ အိမ်သို့ပြန်သည့် လမ်းမှာတော့ မျက်နှာပြောင်လှသော သဲသဲက မချိုမချဉ် မျက်နှာကလေးနှင့် ကေကေ့နားသို့ကပ်ကာ

“မိကေရဲ့… ငါတို့က သိကြားမင်းပြန်တဲ့ အချိန် မှောင်နေမှာစိုးလို့ မီးထွန်းပေးလိုက်တာဟ။ သိကြားမင်းက ကျေးဇူးတင်မှာပါလေ။ ”

“အင်းနော် ဒါလည်းဟုတ်တာပဲ ”


“အဟမ်း အဟမ်း”


ကေကေ့ရဲ့ အားတက်သံ ကလေးနဲ့အတူ အပိုးမကျိုးသော မျက်နှာပေးကလေးတွေက ပြန်ဖြစ်လာတာမို့ ကားမောင်းသော ဦးလေးကြီးက ချောင်းဟန့်လိုက်မှ သူမတို့ ခေါင်းကလေးတွေပုကာ ငြိမ်သွားကြပြန်သည်။

…………………………………………………………………



တစ်နှစ်လည်း ဆန်းခဲ့ပြန်သည်။ နှစ်သစ်မှာ ဘုရားတွင် ဥပုသ်သည်များအား အအေးလှူရန် မနက်စောစောကတည်းကပင် ပါယ်ပါယ့် အမေ လာခေါ်သဖြင့် သူမတို့ သူငယ်ချင်းတစ်သိုက် ဘုရားသို့ ထွက်လာခဲ့ကြသည်။ သင်္ကြန်တတွင်းလုံး သူငယ်ချင်းများနှင့်သာ အချိန်ကုန်နေရသဖြင့် မတွေ့ဖြစ်ခဲ့နိုင်သော ဇေယျာ့အား ဘုရားပေါ်တွင် အင်္ကျီအဖြူ ၊ ယောလုံခြည် အနက်ကလေးဖြင့် တွေ့လိုက်ရတော့ မီးမီး ရင်တွေ ခုန်လာခဲ့ပြန်သည်။

အလုပ်တွေအားလုံးပြီးတော့ စကားပြောချင်သည်ဟု ဇေယျာက ဆိုလာသဖြင့် အနီးနားက အအေးဆိုင်တစ်ခုတွင် နှစ်ယောက်သား ခဏတာ ထိုင်ဖြစ်ပေမယ့် သူမတို့ နှစ်ယောက်ရဲ့ ပတ်ဝန်းကျင်က နွေလယ်ရာသီထက်ကို ခြောက်ကပ်လို့ နေပြန်သည်။

ဇေယျာ့ကို နှုတ်ဆက်ပြီး သူငယ်ချင်းများနှင့် ချိန်းထားရာ သူမတို့ ဆုံနေကျ ဖြစ်သည့် ပါယ်ပါယ်တို့အိမ်သို့ ပြန်လာခဲ့လိုက်သည်။ ခြံဝင်းတံခါးကို ဖွင့်စဉ်မှာပဲ ကေကေ့ အသံစွာစွာကလေးက တခြားသူငယ်ချင်းများ ထက်ထူးကဲစွာ သူမကို ဆီးကြိုနေပြန်သည်။

သူမ ခေါင်းကို အသာငုံ့ကာ ကမ္ဘာမြေ ဆွဲအားအတိုင်း မြေသို့ကျစေမည့် အရာများကို ကျခွင့်ပြုလိုက်သည်။ မြက်ခင်းပေါ်မှာ ထိုင်နေသော သူငယ်ချင်းမ များကို ကြည့်ကာ သူမအမြင်တွေေ၀၀ါးလာတာကတော့ သူမမျက်ရည်တွေကြောင့် ဖြစ်နိုင်မယ် မထင်ပါ။ အိပ်ပျက်ခဲ့သော ၂၄ နာရီဂျူတီအပြီး နောက်တစ်နေ့မှာ အမှတ်တမဲ့ သိလိုက်ရသော အဖြစ်အပျက်များ နောက်ကွယ်၌ သူငယ်ချင်းများ အရေးပေါ် စုစည်းကာ ချစ်ရေးချစ်ရာ တိုင်ပင်မိရာ အရှိန်လွန်သဖြင့် မအိပ်ရသေးသောကြောင့် ဖြစ်ပါလိမ့်မည်။

သူမ အပြုံးနုနုလေး တစ်ခုဖြင့် သူငယ်ချင်းများဆီသို့ ပြေးသွားဖြစ်ခဲ့သည်။ သူမ၏ ဆုံးဖြတ်ချက်များ မှန်မမှန် မသိချင်တော့ပါ။ သေသေချာချာ သိတာတစ်ခုကတော့ သူမချစ်သော သူငယ်ချင်းများကို ဘာနှင့်မှ မလဲနိုင်ခြင်းပဲ ဖြစ်ပါသည်။ ဒီဆုံးဖြတ်ချက်ကြောင့် သူမဘယ်တော့မှ နောင်တရမှာ မဟုတ်တာလည်း သေချာခဲ့ပါသည်။

မွန်းသက်ပန် (ဆေး-၁)

သံလွင်အိပ်မက် အတွဲ ၃ အမှတ် ၂

၂၀၀၉ခုနှစ် ဧပြီလ

ဆက်ဖတ်ရန်...

ဖေဖေက ကျမကို နေတစ်စင်းဖြစ်စေချင်ခဲ့ပေမယ့် ကျမကတော့ ဖေဖေ့ကြောင့်လင်းတဲ့ လတစ်စင်းပဲ ဖြစ်ချင်ခဲ့တယ်။

 

© 2007 IngridGrey By Arephyz