Friday, August 07, 2009

ငမိုးရိပ်ချောင်းနံဘေး နေ၀င်စောချိန်

အချိန်က ညဥ့်သန်းခေါင်ကျော် နှစ်ချက်တီးချိန်။

“ဒေါင်… ဒေါင်… ”

နှစ်ဆယ့်ခြောက်ရပ်ကွက် ကင်းတဲဆီမှ သံချောင်းခေါက်သံက ပတ်ဝန်းကျင်ကို တခဏတာ သက်ဝင်စေပြီး ပြန်လည် တိတ်ဆိတ် သွားပြန်သည်။ ငမိုးရိပ်ချောင်းစပ် တစ်နေရာတွင်ရှိသော သမ္ဗာန် အဟောင်း တစ်ခုပေါ်မှ တချက်တချက် လှုပ်တတ်သည့် အရိပ်တစ်ခုကလွဲလို့ ပတ်ဝန်းကျင်တခုလုံးကလည်း ခြောက်ခြားဖွယ် ကောင်းလောက်အောင် ငြိမ်သက်လျက်ရှိသည်။ ထိုအရိပ်ပိုင်ရှင်ကတော့ ရစ်ရွှေရည်ကို အဖော်ပြုနေသူ ကိုဘမောင်။

“ရွှေမေတ္တာတွေ ဖေချစ်တာတွေ သွေမပစ်ပါသလေ မေသိပါစေ… အေ့.. ”

………………………………………………………………………………………..


နှောင်းခေတ်သီချင်း တစ်ပိုင်းတစ်စကို အသံသေး၊ အသံကြောင်ဖြင့် အော်ဆိုလိုက်သော ကိုဘမောင်အသံက တိတ်ဆိတ်မှုကိုထိုးခွင်းကာ စူးစူးရှရှထွက်လာတော့ ဥာဥ့်ယံက ရီဝေေ၀အသွင်ကို ဆောင်နေပြန်သည်။


အခါတိုင်းဆို အခုလို ငရှဥ့်ထောင်သောညများတွင် ကိုဘမောင်က တရေးတမော အိမ်ပြန်အိပ်နေကျပေမယ့် မိန်းမဖြစ်သူ မအေးခင်နှင့် ညနေက စကားအခြေတင်များခဲ့ကြသဖြင့် အိမ်မပြန်တော့ဘဲ စိတ်ညစ်ညစ်နှင့် အရက်ထိုင်သောက်နေခြင်းဖြစ်သည်။


နားပူနားဆာလုပ်တတ်သော မအေးခင်၏ အထေ့အငေါ့စကားများကို စကားနည်းရန်စဲလုပ်ကာ အကြိမ်ကြိမ် ရှောင်ရှားခဲ့သည့်ကြားမှ သူ၏ယောက်ျားသိက္ခာကို ထိခိုက်လာသောအခါများတွင်တော့ ဒီမိန်းမကို သူတကယ်ပင် စိတ်ထဲအစာမကျေနိုင်လှသည်။ တကယ်ဆို ကိုဘမောင်ဆိုသူက တခါတလေ စိတ်ပြေလက်ပျောက် အနည်းငယ်သောက်တာကလွဲလို့ ရှာဖွေရသမျှကို အကုန်အပ်တတ်သူဖြစ်သည်။ သို့ပေမယ့် စီးပွားရေးကျပ်တည်းလှတဲ့ ဒီလိုခေတ်ကြီးမှာ ကိုဘမောင် ရှာသမျှ အရာမထင်လှတာလည်း သိပ်တော့မဆန်းလှ။

ငွေအရင်းအနှီးမစိုက်နိုင်လို့ ငရှဥ့်ထောင်သည့်ပစ္စည်းများကိုပင် ငှားပြီး အလုပ်လုပ်ရသည့် သူ့ဘ၀က များများစားစား မရတာလည်း မိန်းမဖြစ်သူ အေးခင်မက အသိ။ ရသမျှငရှဥ့်များအား သုံးပုံတစ်ပုံသာ ပိုင်ဆိုင်ခွင့်ရှိသည့် ပစ္စည်းငှားဘ၀က တကယ်တော့ မစားသာလှ။ ငရှဉ့်မရသည့်ရက်များ ပစ္စည်းပျောက်ရှခဲ့ရသည့်ရက်များတွင် စားဖို့မဆိုထားနှင့် အိတ်ထဲကတောင် စိုက်ထုတ်ရသည်ကလည်း မနည်း။

“နင်နားလည်ဖို့ကောင်းတယ် အေးခင်မ… ငါ့မှာ ညကြီးမိုးချုပ် မြွေပါးကင်းပါးမကြောက် အလုပ်လုပ်နေတာ နင်တို့သားအမိအတွက်ဆိုတာ နင်သိဖို့ကောင်းတယ်။ မိန်းမများကွာ …အေ့”

မူးကလည်းမူး ညဥ့်နက်တွင် မိုးတစိမ့်စိမ့်ရွာလာပြန်တော့ ပုဆိုးခြုံကာကွေးနေလိုက်ပြီး အာရုံမတက်ခင်မှ ရေချိန်မကိုက်တကိုက်ဖြင့် ငရှဥ့်ထောင်ထားသည့်နေရာဆီသို့ ပြန်လာခဲ့သည်။ နားထဲမှာတော့ အေးခင်မ ပြောသော စကားလုံးများကို ဟိုတစ်စ ဒီတစ်စ ကြားယောင်မိဆဲ။

“အိမ်ငှားခ မပေးနိုင်တာ ဒီလပါဆို ၃ လရှိပြီ ကိုဘမောင်။ ဒီနေ့ နေ့လည်ပဲ ဒေါ်ကြည်ပြာက ကျွန်မကို ခေါ်ပြောတယ်။ ဒီတပတ်အတွင်းမှ မပေးနိုင်ရင် ရပ်ကွက်ရုံးကတဆင့် စကားပြောမယ်တဲ့လေ။ ခုနောက်မှပြောင်းလာတဲ့ ဟိုပန်းရံသည်လင်မယားကို ကျုပ်တို့နေရာမှာ အစားထိုးမယ်ဆိုလားပဲ။ အိမ်လခကြွေးကြေလို့ တခြားနေရာ ပြောင်းချင်သည့်တိုင် ခုနေတဲ့အခန်းက ဒီရပ်ကွက်မှာ ဈေးအသက်သာဆုံး တော်ရေ”

“………………………………………”

“ပူတူးမကျောင်းက စာအုပ်ဖိုးက ဒီသောကြာနေ့ နောက်ဆုံးတဲ့ ကိုဘမောင်ရဲ့”

“………………………………………………”

“ရှင့်မလဲ တနေ့တနေ့ အိပ်ချည်းပဲနေတော့တာပဲ ဟိုဘက်ခန်းက မလုံးတင်ယောက်ျားလို နေ့လည်နေ့ခင်း အလုပ်ကလေးဘာလေးများ ထွက်ရှာပါတော့လား။ ည ညဆိုလည်း ငရှဥ့် ထောင်တယ်ဆိုပြီး အရက်ကလေးတမြမြနဲ့ ကျုပ်မှာ ရှင့်အရက်ဖိုး လိုက်ရှင်းရတာကိုက မနည်းလှဘူး”

“ငမိုးရိပ်အပေါင်ဆိုင်က ကျွန်မ နားကပ်ကလေးကို ပြန်မရွေးနိုင်တောင် အတိုးတော့ပေးနိုင်အောင် လုပ်စမ်းပါ ကိုဘမောင်ရယ်။ ကျွန်မ အမေပေးခဲ့တဲ့ အမွေက ဒီတစ်ခုပဲ ကျန်တော့တယ် မဟုတ်လား”

“…………………………………………….”

“ကျွန်မကို မကြည်ဖြူရင်တောင် တော့်သမီးကိုတော့ သဒ္ဓါသင့်ပါတယ် ကိုဘမောင်ရယ်..။ ပူတူးမက ကျောင်းအကျီတစ်ထည်နဲ့ ကျောင်းဆင်းတိုင်း မိုးရွှဲတာလည်း များပြီရှင့်။ အသစ်ချက်ချွတ်ဝယ်ပေးဖို့ မဆိုလိုပါဘူးတော်။ စံပြဈေးဘေးက တပတ်ရစ် တစ်ထည်လောက်ဆိုရင် အဆင်ပြေပါပြီ။ တော့်သမီးက ချေးများတာမှမဟုတ်တာ"

“…………………………”

သမီးလေး ပူတူးမ။ ပူတူးမအကြောင်းကို တချက်လေး တွေးမိလိုက်တာနဲ့ အဖိုးတန်ရတနာတစ်ခုကို တမြတ်တနိုး ထွေးပိုက်ထားရသလို သူခံစားလိုက်ရသည်။ ကိုဘမောင်အဖို့ ပစ္စည်းဥစ္စာရှားပါးသည်သာမက သားသမီးကလည်း ရှားရှားပါးပါး ဒီသမီးလေး တစ်ယောက်သာရှိသည် မဟုတ်လား။ အပိုစကားရယ်လို့မဆိုတတ်သော ကိုဘမောင်က သမီးနှင့် လက်ပွန်းတတီး မရင်းနှီးသည့်တိုင် ရင်ထဲက သည်းသည်းလှုပ်ချစ်မိတာ အမှန်။ ပူတူးမကတော့ သူ့အမေ မအေးခင်နှင့်သာ တစ်ချိန်လုံးတွတ်ထိုးလို့ နေတတ်ပြီး သူမ လိုချင်သည့်အရာများကိုပင် မိခင်မှတဆင့် သူ့အားပြောတတ်သည်မှာ ကိုဘမောင်တို့ မိသားစု၏ ယဉ်ကျေးမှု တစ်ခုလိုပင် ဖြစ်နေခဲ့လေသည်။

ပူတူးမကလည်း အများတကာကလေးတွေလို ထူးထူးထွေထွေ ပူဆာတတ်သူ မဟုတ်။ အစားအသောက်ဆိုလည်း ဘယ်တော့မှချေးများတတ်တဲ့ ကလေးမဟုတ်လေတော့ အာဟာရရယ်လို့ ထူးထူးထွေထွေမကျွေးနိုင်သည့်တိုင် ပူတူးမက ၀၀ကစ်ကစ်လေးဖြစ်နေကာ မိုးရွာမရှောင် နေပူမရှောင် တာတေလန်အောင် ဆော့တတ်ပြန်တော့ ခွေးပေါက်စကလေးနဲ့တောင် တူနေသေးဟု ဘမောင် တခါတလေ ထင်မိသေးသည်။

“ငါ့သမီး ကျောင်းစရိတ်ကာအောင် ငရှဥ့်များများမိမှဖြစ်မယ်။ ငါစာမသင်ခဲ့ရပေမယ့် ငါ့သမီးကိုတော့ ပညာတတ်ကြီးဖြစ်အောင် ငါကြိုးစားရမယ်” မျှော်လင့်ချက်တို့ဖြင့် ကိုဘမောင် ငရှဥ့်တောင်းများကို တစ်တောင်းပြီးတစ်တောင်း ဆွဲသိမ်းကာ ဓါတ်မီးမှိန်မှိန်ဖြင့် လိုက်ကြည့်နေလိုက်သည်။ ငရှဥ့်တောင်းတွေက ဗလာဖြစ်နေသလို ကိုဘမောင်ရင်ထဲမလဲ ဗလာသက်သက်။

“တောက် .. သောက်ကမြင်းမတွေ ။ဘယ်ချောင်မှာ သွား သေနေသလဲ မသိဘူး ” ငရှဥ့်တောင်းများကိုချကာ မေတ္တာပို့ရင်း မြောင်းဘေးနားတွင် စိတ်ပျက်လက်ပျက် ထိုင်နေမိသည်။ ခုတော့ သမီးလေးအတွက် ကျောင်းစရိတ် မဆိုထားနှင့် နောက်နေ့အတွက် ဟင်းစားတောင် မပါနိုင်ဖြစ်ချေပြီ။

xxxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxxxxx


အရက်ခိုး မပြေတပြေလေးနှင့် လမ်းထိပ်က ကင်းတဲအပျက်တွင် စိတ်ပျက်လက်ပျက်မှေးနေသော ကိုဘမောင်တစ်ယောက် ဟိုအဝေးတခေါ်လောက်မှ အလင်းတန်းတစ်ခုကြောင့် နိုးလာပြန်သည်။ အိပ်မှုန်စုံဝါးဖြင့် လှမ်းကြည့်လိုက်တော့ ၆လမ်းထိပ် ဆရာဝန်မလေးဆေးခန်းစီမှ မီးအလင်း။ ညဦးပိုင်းမီးပျက်တာမို့ မီးပိတ်ဖို့မေ့သွားသည့်ပုံရပြီး ယခုမီးလာသောအခါမှ ထိုဆေးခန်းကလေး အနောက်ဘက်ပိုင်းရှိ ပေါက်ပြဲနေသောထရံမှ မီးရောင်တို့က အပြင်သို့ လျှံထွက်လာနေခြင်း ဖြစ်သည်။ ဆေးခန်းဆီသို့ ကိုဘမောင် လှမ်းငေးလိုက်ရင်း ဆရာမလေးမျက်နှာကို မြင်ယောင်မိသည်။ ၀၀ပုပု အသားအတော်ညိုသော ယောက်ျားမဆန်ဆန် ထိုဆရာမလေးက သူတို့လိုရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ ရပ်ကွက်တွင် ဆေးခန်းလာဖွင့်ခဲ့တာ သုံးနှစ်သုံးမိုးကျော်ခဲ့ပြီ ထင်သည်။

စီးပွားရေးကျပ်တည်းလွန်းလှသဖြင့် ဘယ်အရာမဆို အကြွေးနှင့်မကင်းနိုင်ကြသော ရပ်ကွက်သူ ရပ်ကွက်သားများအဖို့ ဆရာဝန်မလေးထံတွင်လည်း အကြွေးဖြင့်ဆေးကုကြရသဖြင့် ဆရာမလေးမှာလည်း ဒီနှစ်ပိုင်းတွင် အတော်လေး ခက်ခဲသည်ထင်သည်။ ဓနိမိုးထရံကာ သူ့ဆေးခန်းက အခြားလူနေအိမ်များနှင့်အပြိုင် ကြယ်မြင်လမြင်ဖြစ်နေပေမယ့် ၀ါခေါင်လရောက်သည့်တိုင် မပြုပြင်နိုင်ရှာသေး။ အရင်ဖွင့်ခဲ့သော ဆေးခန်းများမှာ ရေရှည်မမြဲနိုင်ကြတာမို့ ယခုနှစ်များတွင် အနစ်နာခံခဲ့သော ဆရာမလေးကို ရပ်ကွက်မှလူထုက ချစ်ခင်ကြသဖြင့် ဆရာမလေးဆေးခန်း ဘယ်လောက်ပင်မလုံမလဲဖြစ်နေပါစေ ပစ္စည်းများကတော့ အပျောက်အပျက်မရှိ။ နှစ်စဉ် တော်သလင်းလပြည့်ကျော် တစ်ရက်နေ့ ကျီးမနိုးပွဲ၌ရောယောင်ကာ သူခိုးများထတတ်သော်လည်း ဆရာမလေးဆေးခန်းကတော့ လက်ရာမပျက်လှ။

ယခုသော်ကား ကိုဘမောင် စိတ်ထဲဝယ် ဥာဉ်ဆိုးကလေးများ ထကြွသောင်းကျန်းပေပြီ။ အကြောင်းအမျိုးမျိုးကြောင့် ဆေးခန်းသို့ မကြာခဏရောက်ဖြစ်ခဲ့သော ကိုဘမောင်က ဆေးခန်းတွင်း ဘာပစ္စည်းများ ရှိနေသည်ကို သိတာမို့ အိမ်မှအပူမီးများ ခဏတဖြုတ်လောက် ငြိမ်းလိုငြိမ်းငြား စွန့်စားလိုက်ချင်သည်။

ငါးရှဥ့်တောင်းများကို ကင်းတဲဟောင်းဘေးတွင် အသာဖွက်ထားခဲ့ကာ ယမကာတန်ခိုးနှင့် တားမရသောစိတ်တို့ဖြင့် ဆေးခန်းလေးရှိရာသို့ ကိုဘမောင် လှမ်းလာခဲ့လိုက်သည်။

ဘေးဘီကိုတချက်အကဲခတ်ပြီး ဆေးခန်းအနောက်ပိုင်းရှိ အကြီးဆုံးထရံပေါက်ကို ကာထားသော ပျဉ်ပြားကိုဖယ်ကာ အသာလေးတိုးဝင်လိုက်သည်။
ဆေးခန်းတွင်း တောင်တောင်အီအီ အမြန်ကြည့်လိုက်တော့ ဆေးနှင့်ဆေးခန်းသုံးပစ္စည်းများထည့်ထားရာ ဗီဒိုတွေကသော့ခတ်ထားသည်မို့ အပြင်မှဆေးပုလင်းများကိုသာ သူမြင်ရသည်။ သေစာ၊ ရှင်စာသာသာ ဖတ်တတ်သော ကိုဘမောင်တစ်ယောက် ဘယ်ဟာဘယ်လောက် အရေးကြီးတယ်ဆိုတာ မသိပေမယ့် တန်ဖိုးလောက်တော့ ခန့်မှန်းတတ်သည်မို့ အခန်းငှားခပေးရန်၊ မိန်းမဖြစ်သူပူဆာလွန်းသည့် သူ့အမေနားကပ်ပြန်ရွေးရန် မတတ်သာသည့်တိုင် မနက်ဖြန်စားစရိတ်နှင့် သမီးကလေးကျောင်းစားရိတ်အတွက် လုံလောက်မည့်ပမာဏကို တွက်ဆကြည့်လိုက်သည်။ ကြံရာမရ၍သာ လုပ်ရမည့်အလုပ်မို့ ဆရာမလေးကိုလည်း မထိခိုက်စေချင်။

ပစ္စည်းတချို့ကို ဆေးခန်းရှိအိတ်ထဲတွင်ထည့်ပြီးနောက် လူနာကုတင်ရှေ့ရှိ အုတ်ခဲစီထားသော မြေပြင်ခနော်ခနဲ့ပေါ်တွင် ငုတ်တုတ်ထိုင်ကာ တွေဝေနေမိသည်။ ဒီအုတ်ခဲစီထားသော မြေပြင်ပေါ်၌ သုံးနှစ်ဆိုသည့်ကာလအတွင်း သူတို့ အကြိမ်ပေါင်းများစွာ ရပ်ခဲ့ဖူးကြသည်။ ရေထမ်းသည့် မောင်သန်းထိန် ၀မ်းလျှောတုန်းကဆို ကိုဘမောင်အပါအ၀င် အိမ်နီးနားချင်းများက စိုးရိမ်ကြီးစွာ ဒီမြေပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်ရင်း ဆေးကုနေသော ဆရာမလေးအား အားကိုးတကြီးဖြင့် ထိုင်ကြည့်ခဲ့ကြဖူးသည် မဟုတ်လား။ ရုတ်စွအဆုံး လင်မယားချင်း မပြောသာမဆိုသာသည့် မိန်းမချင်းကိစ္စများကိုပင် မအေးခင်နှင့်အမျိုးသမီးများက ဆရာမလေးရှိရာ ဒီနေရာလေးသို့လာပြီး အကြံဥာဏ်တောင်းကြမြဲ။

ဆရာမလေးမှလည်း ဖြူဖြူစင်စင်နှင့်ကူညီကာ အမျိုးသမီးထုအား အားပေးတတ်ခဲ့မြဲ။ သူတို့ရပ်ကွက်အားချစ်ခင်ကာ စေတနာထားခဲ့သော ဆရာမလေးမျက်နှာကို ပြန်မြင်မိပြန်တော့ ထည့်ပြီးသားဆေးပုလင်းများကို ပြန်ထုတ်ကာ နေရာတကျထားမိပြန်သည်။ စိတ်လျှော့ကာ ဆေးခန်းထဲက ပြန်ထွက်မယ်ကြံပြန်တော့ ကျောင်းစရိတ်အချိန်မှီမပေးနိုင်လျှင် မျက်နှာငယ်ရမည့် ပူတူးမမျက်နှာကို အာရုံထဲမှာမြင်ယောင်ရင်း စိတ်မပြတ်ဖြစ်ရပြန်သည်။

“ဟင်း…”

၂၆ ရပ်ကွက်ဘုန်းကြီးကျောင်းမှ တုံးမောင်းခေါက်သံကို ကြားနေရပြီမို့ သက်ပြင်းမျဉ်းမျဉ်းချရင်း ဆရာမလေးသုံးနေကျ လက်နှိပ်ဓါတ်မီးနှင့် ဆေးသွင်းသည့်ပုလင်းကြီးများကိုသယ်ကာ ဆေးခန်းထဲမှ ပြန်ထွက်လာခဲ့သည်။ ပတ်ဝန်းကျင်တခုလုံးကတော့ တိတ်ဆိတ်လို့ ။

xxxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxxxxx


" ကိုဘမောင် တကတည်း ရှင့်မှာလည်း သေနေတာ ကျနေတာပဲ ။ ထစမ်းပါဦးတော့ ဒီမှာ သမီးလေး သတိကောင်းကောင်း မရတော့လို့”

ငိုသံပါကြီးနှင့် မအေးခင်အော်နှိုးတော့ အိပ်မှုန်စုံဝါးဖြစ်နေသော ကိုဘမောင်မှာ နေ့နှင့် ညမကွဲချင်။ ကမန်းကတန်းနှင့် သမီးလေးရှိရာသို့ ပြေးကြည့်လိုက်တော့ ကိုယ်ပူက သိပ်မကြီးပေမယ့် ပူတူးမ တကိုယ်လုံး ချွေးစီးများထွက်ကာ ရံဖန်ရံခါတွင် ကယောင်ကတန်း ပြောတတ်ချေပြီ။ အခါတိုင်းလည်း ငါးရှဥ့်ဖမ်းရက်တွေမှာ ညဘက်အလုပ်လုပ်ပြီး တနေကုန် အိပ်တတ်တာမို့ စောစောထ စောစောအိပ်တတ်သော ပူတူးမနှင့် တခါတလေ မတွေ့ရတတ်။ မအေးခင်က သမီးလေးဖျားတာ ၄ ရက်လောက်ရှိနေပြီဆိုတော့ ကိုဘမောင်ဒေါသတို့က မိန်းမဖြစ်သူထံသို့ ပုံအောကျမိပြန်သည်။

“နင်က ငါ့သမီးဖျားတာကို သိရဲ့သားနဲ့ ဘာမှမလုပ်ဘူးလား အေးခင်”

“အော် ကျူပ်လည်း ကွမ်းရွက်ပုံ တိုက်ထားပါတယ်တော်။ ဖျားတာနာတာလေးလောက်နဲ့တော့ ဆေးခန်းကို တကူးတက သွားမနေတော့ဘူးလေ။ ဆရာဝန်ကပေးလည်း ဒီဆေးပဲ ကွမ်းယာဆိုင်မှာ သွားစပ်လည်း ဒီဆေးပဲဟာကို။ ပိုက်ဆံက ချွေတာရသေးတယ်ရှင့်၊ ကဲ ကိုဘမောင် ရှင်ငူတူတူကြီးလုပ်မနေနဲ့ အချိန်မရှိဘူး။ ဆေးခန်းသွားမယ်”

“ဆေးခန်း … ဘယ်ဆေးခန်းသွားမှာတုန်း”

“တော့… ဘယ်ဆေးခန်း ရှိရမလဲ။ ကျူပ်တို့ဆရာမလေး ဆေးခန်းပေါ့။ ဟိုမြောက်ပိုင်းက အထူးကုဆေးခန်းကို ကျုပ်က သွားနိုင်မယ်ထင်လို့လား။ အဲလိုသွားရအောင် ရှင်က ကျွန်မတို့ သားအမိကို လူလူသူသူ ထားထားလို့လား”

“တော်တော် အေးခင်မ။ တဆိတ်ရှိ ငါ့ကို ဒီလိုစကားမျိုးပဲ ပြောချင်နေတယ်။ ငါက နင်တို့ သားအမိကိုမကျွေးဘဲ အပြင်မှာ အလေလိုက်နေလို့လား။ အလုပ်လုပ်ရတာ ဘယ်လောက်ပင်ပန်းသလဲ နင်လိုက်ကြည့်ပါလား။ ညဘက် နင်တို့သားအမိ သိုးနေအောင် အိပ်နေတဲ့အချိန် ငါ့မှာတော့ မိုးထဲရေထဲ နင်တို့မျိုဖို့ ရှာဖွေနေရတာတွေ ဘယ်နားသွားထားသလဲ”

“အောင်မယ် ကျွန်မတို့က ဇိမ်ခံရအောင် ရှင့်အိမ်က ဘယ်လောက်တောင် လုံခြုံလို့လဲ။ မိုးရွာရင် အပေါက်အပြဲတွေနဲ့ ကျမတို့မှာ ထိုင်စရာတစ်နေရာ ရဖို့တောင်မနည်း။ တကယ်ဆို မနေ့ညကတည်းက ဆရာမလေးဆေးခန်းကို သွားပြလိုက်ရအကောင်းသား။ ဆရာမလေးဆီမှာ အကြွေးတွေများနေလို့ ရှင်အလုပ်အဆင်ပြေကောင်းပါရဲ့ဆိုပြီး တစ်ရက်စောင့်နေတာ။ သမီးကလေးကတော့ ညကတည်းက ဗိုက်နာတယ်လို့ပြောသား။ ခုမှတော့ ဆရာမလေးကို တောင်းပန်ပြီး အကြွေးနဲ့သွားပြရမှာ”

မအေးခင်စကားတို့က သူ့တကိုယ်လုံးရှိအားအင်များကို စုပ်ယူလိုက်သလိုမို့ ထိုင်ရာမှပင်မထနိုင်အောင် ပျော့ခွေလို့သွားခဲ့ရသည်။ ဆရာမလေးဆေးခန်းသို့ ဘယ်လိုမျက်နှာမျိုးနှင့် သွားရမှာပါလိမ့်။ ဘယ်သူမှမသိသည့်တိုင် ကိုဘမောင်မှာ ဆရာမလေးကို ရင်ဆိုင်ဖို့ အင်အားမရှိခဲ့။ ညတုန်းက ရလာသမျှလေးတွေကို ရောင်းချခဲ့စဉ်ကလည်း ဆိုင်မှဈေးနှိမ်သဖြင့် သူရခဲ့သည့်ငွေက မပြောလောက်သာ။ ဆေးခန်းသွားမှ ရမည့်အခြေအနေမို့ သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင်ချလိုက်ပြီး သူမကိုယ်လုံး ၀၀ဖိုင့်ဖိုင့်ကလေးကိုထမ်းကာ ဆေးခန်းကလေးဆီသို့ ပြေးခဲ့ရပြန်သည်။

ဆေးခန်းရောက်တော့ မိုးရာသီထုံးစံအတိုင်း ဆရာမလေးဆေးခန်းက စည်ကားလို့နေသည်။ အရေးပေါ်လူနာမို့ ရှေ့လူများကိုတောင်းပန်ကာ အရင်ဝင်ပြလိုက်သည်။ လူနာရာဇ၀င်ကိုမေးရင်း ပူတူးမကိုစမ်းသပ်နေသော ဆရာမလေးကိုကြည့်ကာ ကိုဘမောင် ဘာလုပ်ရမယ်မှန်းမသိ။ သွေးလွန်တုတ်ကွေးအပြင်းစားဖြစ်ကြောင်းနှင့် စိုးရိမ်ရကြောင်း ပြောသောအခါ မအေးခင်မှာလည်း ပျာယာခတ်နေချေပြီ။

“ကျွန်မသမီးလေးကို ကယ်ပါ ဆရာမလေးရယ်။ ပိုက်ဆံဘယ်လောက်ပဲ ကုန်ကုန်ပါ။ ကျမ ဆရာမလေးကို ပြန်ဆပ်ပါ့မယ်”

သမီးဇောနှင့် ဆရာမလေးကို တိုးလျှိုးတောင်းပန်နေသော မအေးခင်စကားတို့ကို ကိုဘမောင် ကြားတလှည့် မကြားတလှည့်။ သူ့ခါးကြားတွင် ကျစ်ကျစ်ပါအောင်လိပ်ထားသော ပိုက်ဆံခေါက်ကလေးကိုထုတ်ကာ ဆရာမလေးအားလှမ်းပေးရင်း …

“ဟုတ်ပါတယ် ဆရာမလေးရယ် ကျွန်တော့်မှာ ပိုက်ဆံနည်းနည်းရှိပါတယ်။ ကျွန်တော့် သမီးလေးကို ကယ်ပါ ဆရာမလေးရယ်”

“ဦးဘမောင် ကျွန်မ ကလေးအတွက် အရေးပေါ်ဆေးသွင်းဖို့ လုပ်ပေးပါ့မယ်။ ပြီးရင်တော့ ဆေးရုံကို လွှဲရလိမ့်မယ်ရှင့်။ ပိုက်ဆံကိစ္စကို မပြောဘဲ နေရအောင်လား။ ကလေးအသက်က အားလုံးထက် ပိုအရေးကြီးနေလို့ပါ”

သွေးပေါင်ချိန်မကောင်းတော့သော ပူတူးမအား ဆေးရုံသို့ အရေးပေါ်မလွှဲခင် ပုလင်းကြီးသွင်းမည်ဆိုတော့ ကိုဘမောင်တကိုယ်လုံး တောင့်တင်းလို့နေသည်။ ထိုပုလင်းကြီးများကို မတန်မရာနှိမ်ဈေးဖြင့် ရောင်း၍ရခဲ့သော ပိုက်ဆံခပ်နွမ်းနွမ်းအချို့ကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် ဆေးခန်းမြေပြင်ခနော်ခနဲ့ပေါ်တွင် ထိုင်ချမိတော့ ညကဖြစ်စဉ်တွေက သူ့အာရုံမှာ အထင်းသားမြင်လာပြန်သည်။

“ဟုတ်ကဲ့… ဟုတ်ကဲ့ပါ ဆရာမ”

ဆရာမလေးနှင့်အဖော်ဖြစ်သူ မာမာတို့က ဆေးသွင်းရန် ဆေးဗူးများကိုရှာပေမယ့် မတွေ့။ အခြေအနေကို ရိပ်စားမိသော ဆရာမလေးက …

“ဆေးပုလင်းတွေလည်း ပါသွားတယ်ထင်တယ် မာမာရေ၊ လူနာဘယ်နှစ်ယောက်ရှိသေးလဲ”

“၈ ယောက်ပါ ဆရာမ”

“အရေးပေါ်လူနာရှိသလားကွယ်”

“မရှိဘူး မမ”

“အင်း ဒါဆို ဆရာမ ဒီကလေးကို ဆေးရုံလိုက်ပို့လိုက်ဦးမယ်။ အရေးပေါ် ကုဖို့လိုတယ်။ ကဲ ဒေါ်အေးခင် အိမ်ပြန်ပြီး ကလေးအတွက် ပစ္စည်းယူချေ။ ဆရာမ ဟိုဘက်လမ်းထိပ်က ဦးလေးမောင် လေးဘီးကားကိုငှားပြီး ကလေးနဲ့အတူ လာခဲ့မယ်။ ရှင်တို့လမ်းထိပ်က ဖြတ်မှာဆိုတော့ အဲဒီလမ်းထိပ်မှာ ပြန်ဆုံမယ်”

“ဟုတ်ကဲ့ဆရာမလေး ”

“ကလေးအဖေက ဒီဓါတ်ဆားရည်ကိုဖျော်ပြီး ကလေး သောက်နိုင်သလောက် တိုက်ပေးပါ။ အခုအခြေအနေက အမြန်ဆုံး အကြောဆေးသွင်းရမဲ့ အခြေအနေပေမယ့် ကျွန်မဆေးခန်းက ညကအဖောက်ခံလိုက်ရလို့ သွင်းရမဲ့ဆေးတွေ တစ်ပုလင်းမှ မရှိတော့လို့ပါရှင်။ ကျွန်မဆေးရုံကို အမြန်ဆုံးပို့ပေးပါ့မယ်”

“ဟုတ်ကဲ့ ဆရာမ .. ဟုတ်ကဲ့”

“မာမာ ဦးလေးမောင်တို့ အိမ်ကိုပြေးပြီး ကားငှား ညီမလေး။ ဆရာမက လူနာကို ဆေးရုံပို့ဖို့ ကားအရေးတကြီး လိုလို့ပါလို့ပြော ဟုတ်ပလား။ မမ ဒီမှာ လိုတာလေးတွေ လုပ်လိုက်ဦးမယ်”

“ဟုတ် မမ”

xxxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxxxxx


ဦးလေးမောင်၏ လေးဘီးကားအစုတ်ကလေးက စံပြဆေးရုံကြီးသို့ အစွမ်းကုန် ပြေးလို့နေသည်။ ဆေးရုံသို့သွားသောလမ်းက ဝေးလွန်းလှသည်မဟုတ်ပေမယ့် ကိုဘမောင်တို့မိသားစုအတွက်တော့ ကမ္ဘာပျက်မတတ်။ အနေအေးသော ပူတူးမက ခုတော့ လွန်စွာဂျီကျနေကာ ဟိုလိုချီလည်းမကြိုက် ဒီလိုပြောင်းပွေ့လည်းမကြိုက်မို့ အတော်လေး အခြေအနေရှုပ်ထွေးလို့နေသည်။ သူမတကိုယ်လုံးကလည်း ချွေးစေးတွေနှင့် အေးစက်နေဆဲ။

လမ်းတစ်လျှောက်တွင်တော့ ဆရာမလေးက ရောဂါအခြေအနေကိုရှင်းပြရင်း လိုအပ်သည့် ကုသမှုနှင့်ဆိုင်သည့် သူတို့မိသားစု သိသင့်သည်များကို ရှင်းပြနေသည်။ ကုသမှုထဲမှ တစ်ခုဖြစ်သော သွေးပေါင်မငြိမ်သဖြင့် ပုလင်းကြီးသွင်းရမည့်အကြောင်းအရာသို့ရောက်တိုင်း ကိုဘမောင်ရင်ကို နောင်တတို့က လာရိုက်ခတ်မြဲ။ သမီးဇောကြောင့်ငိုနေသော မအေးခင်လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားပေမယ့် ကိုဘမောင်မှာ ပြောစရာစကားတို့ကမရှိ။

ငမိုးရိပ်တံတားကို ဖြတ်လာခဲ့လိုက်စဉ် အမှတ်တမဲ့ အပြင်ဘက်ကိုကြည့်ရင်း ချောင်းရိုးတစ်နေရာမှ ၀င်လုဆဲဆဲ နေလုံးဝိုင်းဝိုင်းကို မြင်လိုက်တော့ ပူတူးမကိုယ်ကလေးအား ခပ်တင်းတင်း ထွေးပွေ့ထားလိုက်မိသည်။

အစစအရာရာ မရှိသလောက်ရှားပါးလှသည့် သူတို့ဘ၀ထဲမှ တစ်ဦးတည်းသောရတနာလေးကို မဆုံးရှုံးချင်ပါ။ သူပြုမိခဲ့သောလုပ်ရပ်များအတွက် သူကိုယ်တိုင်ခံယူဖို့ သတ္တိတို့ရှိနေပေမယ့် သမီးလေးပူတူးမကိုတော့ ဂယက်ကလေးမျှပင် အရိုက်မခံစေလိုပါ။ အချိန်လင့်မှရလာသောအသိတရားက သူ့အားနာကျင်စွာ ခံစားစေရင်း သမီးလေးပူတူးမဘ၀ နေ၀င်ချိန်မစောစေဖို့ ကိုဘမောင်တစ်ယောက်တိုးတိုးလေး ဆုတောင်းနေမိသည်။ ငမိုးရိပ်ချောင်းရေကတော့ အရင်နေ့တွေကလိုပင် နောက်ကျိကျိ။

မွန်းသက်ပန် (ဆေး-၁)

ဆက်ဖတ်ရန်...

Thursday, August 06, 2009

ဝက်တုပ်ကွေးနှင့် စိုးရိမ်စိတ်လွန်ကဲမှု ပြဿနာ

တစ်နှစ်နဲ့ တစ်နှစ် မရိုးနိုင်ဘဲ ဖြစ်နေကျ ဖြစ်တဲ့ တုပ်ကွေးရောဂါကြောင့် မိုးဦးကျပြီ ဆိုတာနဲ့ ဆေးခန်းငယ်လေးတွေမှာရော ဆေးခန်းကြီးတွေပါမကျန် လူစည်ကား တတ်မြဲဖြစ်ပါတယ်။ ဒီနှစ်မှာတော့ နှစ်ဦးပိုင်းကတည်းက ၀က်တုပ်ကွေး ခေါ် swine flu ဆိုတဲ့ နာမည်ဆန်းကလေးနဲ့ တုပ်ကွေး အသစ်စက်စက် ကလေးက လူသားတို့ဆီကို အခြားတုပ်ကွေးတွေထက် အရင်ရောက်လို့ နေပြန်ပါတယ်။


အရင် ဖြစ်ဖူးခဲ့တဲ့ ကြက်ငှက်တုပ်ကွေးတုန်းကလို အာရှနိုင်ငံများက အစပြုတာ မဟုတ်ဘဲ မက္ကစီကိုမှာ စတင်ဖြစ်ပွားပြီး နာမည်ကျော်လာတဲ့ ၀က်တုပ်ကွေးဟာ အချိန်တိုလေးအတွင်းမှာ တော်တော်ကို ခေတ်စားလာခဲ့တာ တွေ့ရပါတယ်။


……………………………………………………………………………………

အဲဒီ swine flu လို့ ခေါ်ကြတဲ့ ၀က်တုပ်ကွေးဟာ သိပ်မကြာလှတဲ့ သက်တမ်းမှာပဲ သူ့အတွက် ရောဂါရှာဖွေနည်း၊ ကုထုံး၊ ကာကွယ်နည်း စတာတွေနဲ့ စုံစမ်း ဟန့်တားတဲ့ကြားက ကမ္ဘာတ၀ှမ်းမှာ ခေါင်းထူလာတာ တွေ့နိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက ထုတ်ပြန်ထားတဲ့ ၀က်တုပ်ကွေးအကြောင်း၊ ဆောင်ရန်ရှောင်ရန် သတင်းအချက်အလက်တွေနဲ့ လက်ကမ်း စာစောင်တွေကိုလည်း နေရာအချို့မှာ တွေ့နေရတတ်ပြီး ၀က်တုပ်ကွေးဟာ အင်တာနက် စာမျက်နှာများနဲ့ အခြားသော အင်တာနက်ပေါ်မှ လူမှုရေး ပတ်ဝန်းကျင်များမှာပါ ခေတ်စားတဲ့ ရောဂါတစ်ခု ဖြစ်လာခဲ့ပါတယ်။ နိုင်ငံတစ်ခုမှာ ၀က်တုပ်ကွေး ကူးစက်ခံစားရသူကို တွေ့တယ် ကြားလိုက်တာနဲ့ တယ်လီဗွီးရှင်းမှာ မျက်နှာဖုံးအချို့နဲ့ လူတွေ သွားလာနေတဲ့ မြင်ကွင်းကို ယှဉ်တွဲမြင်တွေ့ရတာဟာလည်း ၀က်တုပ်ကွေးရဲ့ ဖက်ရှင်တစ်ခုလို ဖြစ်ခဲ့ပါတယ်။

တစ်နှစ် မပြည့်ခင် သက်တမ်းမှာပဲ တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားမှုပေါင်း ၉၄၅၀၀ ကျော်နဲ့ လူပေါင်း ၄၂၀ ကျော်သေဆုံးစေခဲ့တယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းက ၂၀၀၉ ခုနှစ်၊ ဇူလိုင် ၆ ရက်မှာ စာရင်းထုတ်ပြန်ခဲ့တဲ့ ၀က်တုပ်ကွေးဟာ သူ့နည်းတူ အသက်ရှုလမ်းကြောင်း စနစ်ကို ထိခိုက်စေပြီး ကမ္ဘာအ၀ှမ်းမှ လူပေါင်း သန်း ၅၀၀ ခန့် ကူးစက်ခံရစေကာ သန်း ၅၀ ကနေ ၁၀၀ အတွင်း သေဆုံးစေခဲ့တဲ့ Spanish flu ထက်စာရင် ပမဏနည်းပါးပေမယ့် လျစ်လျူစရာ ရောဂါ တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ Spanish flu လို့ခေါ်တဲ့ Influenza A virus strain ဟာလည်း H1N1 ရဲ့ subtype တစ်ခုဖြစ်ပြီး ၁၉၁၈ ခုနှစ် မေလ ကနေ ၁၉၂၀ ခုနှစ် ဇွန်လအတွင်း အတွင်းမှာ ကပ်ရောဂါအဖြစ် ကျရောက်ခဲ့တာ ဖြစ်ပါတယ်။ တခြားတဖက်မှာလဲ စိုးရိမ်စိတ် လွန်ကဲတဲ့စိတ်တွေ များလွန်းတဲ့အခါ မလိုအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်တယ်ဆိုတာကို သတိချပ်ရမယ့် အချက်လည်း ဖြစ်ပါတယ်။

Keith J Petrie နဲ့ Kate Faasse တို့ရဲ့ လေ့လာချက်များအရ twitter လို့ခေါ်တဲ့ တစ်ကြိမ်ကို စာလုံးပေါင်း အများဆုံး ၁၄၀ လောက်ထိ ရိုက်နှိပ်ခွင့်ရှိတဲ့ အင်တာနက် လူမှုဆက်သွယ်ရေး ၀က်ဆိုဒ်မှာ swine flu ဆိုတဲ့ စာလုံးပါတဲ့ သတင်းအချက်အလက်တွေ ပေးပို့မှုဟာ ဧပြီလ လဆန်းမှာ သုည ဖြစ်နေရာက မေလ ၁ ရက်နေ့မှာ ၁၂၅,၀၀၀ ထိ တက်လာခဲ့တယ်လို့ ဆိုပါတယ်။

အင်တာနက် ဘလော့စာမျက်နှာများမှ နေ့စဉ် ဖြစ်ပွားမှုများးကို blogpulse မှတဆင့် လေ့လာကြည့်တဲ့ အခါမှာလည်း မက္ကစီကိုမှာ ဖြစ်ပွားပြီးနောက်ပိုင်းမှာ swine flu ဒါမှမဟုတ် H1N1 အကြောင်း ရေးသား ဖော်ပြတဲ့ ရာခိုင်နှုန်းများ သိသိသာသာ တက်လာပြီး တဖန် မေလ ၂၁ ရက်နေ့မှာ အမေရိကန်ရှိ ကျောင်းများ ပိတ်လိုက်ရတဲ့အခါနဲ့ ဂျပန်နိုင်ငံမှာ ၀က်တုပ်ကွေးတွေ့ခဲ့ရပြီး နောက်ပိုင်းရက်တွေမှာ မြင့်တက်ခဲ့ပြန်ပါတယ်။ ထို့အတူ အင်တာနက်မှ လူမှုရေး စာမျက်နှာများတွင်လည်း ၀က်တုပ်ကွေးအကြောင်းများ ရေးသားဖော်ပြခြင်း၊ မိမိတို့ကိုယ်ပိုင် အမြင်များကို ဆွေးနွေးခြင်းများ ပြုလုပ်လာကြတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် facebook ဟုခေါ်သော လူမှုရေးစာမျက်နှာတွင် ယခုအခါ ၀က်တုပ်ကွေးအကြောင်း ဆွေးနွေးတဲ့ အဖွဲ့ပေါင်း ၅၀၀ ကျော်ရှိပြီဖြစ်လို့ ပြည်သူလူထူရဲ့ စိုးရိမ်စိတ်ကြီးမားမှု၊ သိချင်စိတ် ပြင်းပြမှုတို့ကို တစေ့တစောင်း လေ့လာနိုင်တယ်လို့လည်း Keith J Petrie နဲ့ Kate Faasse တို့ရဲ့ လေ့လာချက်များက ဆိုပြန်ပါတယ်။

မြန်မာဘာသာနဲ့ ရေးသားထားတဲ့ အင်တာနက် စာမျက်နှာများမှာပင် “၀က်တုပ်ကွေး” ဆိုတဲ့ နာမည်နဲ့ ရှာကြည့်လျှင် ဇွန်လပိုင်းကုန်မှာ ရလဒ် ၅၀ ထက်မနည်းကို တွေ့နေရပြီ ဖြစ်ပြီး မြန်မာ အင်တာနက် စာမျက်နှာများကလည်း အခြားဘာသာရပ် အင်တာနက် စာမျက်နှာများလိုပင် ဧပြီလကုန်ပိုင်းမှာ စတင် ရေးသားလာကြတာကို တွေ့ရပါတယ်။ စာရေးသူရဲ့ အသိမိတ်ဆွေများမှလည်း စိုးရိမ်စိတ်လွန်ကဲကာ စာရေးသူထံ လူနှင့်တမျိုး ဖုန်းနှင့် တသွယ် ဆက်သွယ်လို့ သူတို့ သိချင်တာတွေကို မေးမြန်းတာတွေ ရှိလာကြပါတယ်။

Keith J Petrie နှင့် Kate Faasse ကတော့ ရောဂါတစ်ခုဟာ လူထုကျန်းမာရေးကို အထိတ်တလန့် ဖြစ်စေပြီး နောက်ဆက်တွဲ လေ့လာရန် လိုအပ်နေစဉ်မှာ အင်တာနက် စာမျက်နှာများမှ သတင်းအချက်များဟာ မထင်မှတ်ဘဲ ဆိုးကျိုးများကို ပေးနေတတ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အကြောင်းကတော့ သတင်းအချက်အလက် တစ်ခုကြောင့် ကြောက်စိတ်နှင့် စိုးရိမ်စိတ်များ မွှန်ထူနေချိန်မှာ အခြား အင်တာနက်စာမျက်နှာပါ သတင်း အချက်အလက်များကို ဆက်လက်ပြီး ဖတ်မိတဲ့အခါ တခြားရောဂါများနဲ့ ယခုလက်ရှိ စိုးရိမ်ဖွယ်ရှိတဲ့ ရောဂါတို့ရဲ့ ဆင်တူရိုးမှား လက္ခဏာများကြောင့် စိုးရိမ်ပူပန်မှုကို လွန်ကဲစေလို့ ဖြစ်ပါတယ်။ အဲဒီအခြေအနေမျိုးဟာ မိမိမှာ အဲဒီလို အကြီးစား ရောဂါဖြစ်နေတယ်လို့ စိတ်ထင်မှတ်စေတဲ့ အခြေအနေကို ဖြစ်စေပြီး student’s disease နဲ့ ဖြစ်ပျက်ပုံခြင်း တူကြောင်း ဇွန်လ ၁၁ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

Students’ disease ဆိုတာကတော့ စာရေးသူတို့ တတိယနှစ် ဆေးကျောင်းဘ၀မှာ ကျောင်းသားများ ဖြစ်တတ်တဲ့ စိတ်အခြေအနေကို တင်စားခေါ်ဝေါ်တဲ့ Third MB syndrome နဲ့ အခေါ်အဝေါ်ခြင်းသာ ကွဲလွဲတဲ့ တင်စားမှုတစ်ခု ဖြစ်ပါတယ်။ စာရေးသူတို့ ဆေးကျောင်းတက်ရစဉ်က ပထမနှစ်မှာ သင်ကြားရတဲ့ ဘာသာရပ်တွေဟာ အခြား အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များနှင့် သင်ခန်းစာ အတော်များများ တူညီပြီး ဒုတိယနှစ်မှာတော့ ခန္ဓာကိုယ်ရဲ့ ပုံမှန်ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်တာများဖြစ်တဲ့ ဓာတုဖြစ်စဉ်၊ ဇီဝဖြစ်စဉ် စတာတွေကို လေ့လာခဲ့ရပါတယ်။ တတိယနှစ်ကို ရောက်လာတဲ့အခါ ခန္ဓာကိုယ် ဖောက်လွဲဖောက်ပြန်ဖြစ်တဲ့ ရောဂါဗေဒကို စာတွေ့ရော လက်တွေ့ပါ သင်ကြားရတဲ့အခါ စူးစမ်းချင်စိတ်ရှိတဲ့ အရွယ်ကလေးလည်းဖြစ် လူမှုပတ်ဝန်းကျင်ကနေ ဖြစ်တာတွေနဲ့လည်း သုံးသပ်ပြန်တော့ တနေ့ တနေ့ သင်ခန်းစာပြီးတိုင်း မိမိကိုယ်တိုင်ခံစား ရတာတွေကို စဉ်းစားတတ်ပြီး ငါတော့ဖြင့် ဒီရောဂါဖြစ်နေပြီ ထင်တယ် ဟိုရောဂါဖြစ်နေပြီ ထင်တယ် စသည်ဖြင့် တွေးခေါ်တတ်ကြပါတယ်။

သူငယ်ချင်းများနှင့် ပေါင်းဖွဲ့ နေတတ်သူများကတော့ အချင်းချင်း စမ်းသပ်စစ်ဆေးပြီး အငြင်းပွားကြကာ ဆရာကြီးများမှ ၀င်ရောက် ဖြေရှင်းခဲ့ရသည်များ၊ ဆရာဝန်ကြီးများထံ စိုးရိမ်စိတ်ကြီးစွာ သွားရောက်ပြသခဲ့သည်များ ရှိခဲ့သလို၊ ဆိတ်ဆိတ်နေတတ်သူများမှာလည်း မိမိကိုယ်တွင်း၌ပင် ရောဂါပေါင်းစုံ ခိုအောင်းနေတယ်လို့ ယူဆကာ စိတ်အခြေအနေ ဆိုးရွားသွားသည်များလည်း နှစ်စဉ်လိုလို ဖြစ်ခဲ့ဖူးကြပါတယ်။

လူမှုရေး လောကမှာလည်း စာရေးသူရဲ့ ဦးလေး၊ အဒေါ် အပျိုကြီး လူပျိုကြီးများ ကိုယ်တိုင် ကျန်းမာရေး မဂ္ဂဇင်း၊ စာစောင်များကို ဖတ်ကာ အလားတူ စိုးရိမ်ပူပန်စိတ် လွန်ကဲမှုများကို ခံစားခဲ့ကြရပါတယ်။ ထိုမဂ္ဂဇင်း စာစောင်များတွင် စာရေးဆရာကြီးများက သေချာစွာ ရှင်းလင်း ရေးသားထားပါသော်လည်း စာရေးသူ၏ ဦးလေးနှင့် အဒေါ်မှာ သူတို့ဖတ်ချင်သည့် စာပိုဒ်များကိုသာ ဖတ်ကာ မဖတ်ချင်သည့် စာပိုဒ်များကို ကျော်သွားတတ်ကြပြီး ကိုယ်ထင်ရာ ကိုယ်ဆွဲတွေးကြတာမို့ စာရေးသူမှာ တစ်နေ့တစ်နေ့ သူတို့အား ရှင်းပြရသည်က အလုပ်တစ်ခု ဖြစ်ခဲ့ဖူးပြန်ပါတယ်။

ယခုခေတ် လူငယ်များအနေဖြင့် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များအပြင် အခြားအခြားသော သတင်းအချက်အလက်များကိုပါ အင်တာနက်စာမျက်နှာများတွင် ရှာဖွေလာတတ်တာကို တွေ့ရပါတယ်။ ဒါကြောင့် အကြောင်းအရာ သတင်းအချက်အလက်များကို ပုံနှိပ်ထုတ်ဝေသော စာအုပ်စာပေ၊ ရေဒီယို များထက် အင်တာနက်စာမျက်နှာပေါ်တွင် ဖတ်ရှုမှုနှုန်း များပြားလာတဲ့ ရာခိုင်နှုန်းအများစုဟာ ဆယ်ကျော်သက်အရွယ်များ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ၀က်တုပ်ကွေးဟာ အမှန်တကယ် ကူးစက်တဲ့ နည်းလမ်းဖြစ်တဲ့ လူအချင်းချင်း အသက်ရှုလမ်းကြောင်းမှ တဆင့် ကူးစက်ခြင်း မဟုတ်တော့ဘဲ အင်တာနက်စာမျက်နှာမှ သတင်းအချက်အလက်များကို ဖတ်ယူပြီး မိမိတွင်လည်း ခံစားနေရသည်မှတ်ယူတတ်ကြပြီး Third MB syndrome လို အင်တာနက် ကွန်ယက်မှတဆင့် ကူးစက်ခြင်းများလည်း ဖြစ်ကုန်တတ်ကြပါတယ်။

အဲလိုအခါမျိုးမှာ မိမိကိုယ်တိုင်အတွက် ကျန်းမာရေးဆိုင်ရာ စိုးရိမ်ကြောင့်ကျမှုများ လွန်ကဲလာနိုင်သည့်အပြင် ဆေးရုံဆေးခန်းများ ၊ ၀က်တုပ်ကွေး အထူးစုံစမ်းမှုအတွက် တာဝန်ယူနေရသော ကျန်းမာရေးဝန်ထမ်းများ အတွက်လည်း မလိုအပ်တဲ့ဝန်ပိမှုများ ပိုလာတတ်ပါတယ်။ ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် ကျန်းမာရေး ပညာပေးမှုကို ပြုလုပ်ခြင်း အချိန်မလောက်ခဲ့ပါမူ ကာယကံရှင်တွင်လည်း နားလည်နိုင်မည် မဟုတ်တဲ့အပြင် စိုးရိမ်စိတ်သာ ပိုဝင်စေမှာ ဖြစ်ပါတယ်။

ယခုအခါမှာ အင်တာနက်စာမျက်နှာများဟာ ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက်တွေကို ဖြန့်ဖြူးပေးဖို့ အရေးကြီးတဲ့ နေရာက ပါဝင်နေသလို ကျန်းမာရေး ဆိုင်ရာ စိုးရိမ်မှုကို ပြသတဲ့ အညွှန်းတစ်ခုလည်း ဖြစ်ခဲ့ပြန်ပါတယ်။ လတ်တလော ဂူဂယ်လ် စာမျက်နှာမှ တဆင့် swine flu ဆိုတဲ့ ရှာဖွေမှု မြင့်တက်လာမှုဟာ အမှန်တကယ် တုပ်ကွေး ဖြစ်ပွားမှု အရေအတွက်ထက် ပြည်သူလူထူရဲ့ စိုးရိမ်ပူပန်မှုကို ပြသနေပါတယ်လို့ Keith J Petrie နဲ့ Kate Faasse ရဲ့ ဇွန်လ ၁၁ နေ့က ထုတ်ပြန်တဲ့ လေ့လာချက်က ဆိုပါတယ်။

ထို့ကြောင့် အင်တာနက်စာမျက်နှာဟာ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကို ရယူဖို့ အကောင်းဆုံး နေရာတွေထဲက တစ်ခုဖြစ်သလို အင်တာနက်စာမျက်နှာမှ တဆင့် ကျန်းမာရေးပညာပေးခြင်းဟာလည်း အလွန်ထိရောက်တဲ့ နည်းလမ်း တစ်ခုဖြစ်တယ်ဆိုတဲ့ အချက်ကိုတော့ ငြင်းချက်ထုတ်နိုင်မယ် မဟုတ်ပါဘူး။ ထို့အတူပင် တိကျသော သတင်းအချက်အလက်များကို မပေးနိုင်သောအခါတွင်လည်းကောင်း၊ စာဖတ်သူများအနေဖြင့် အရေးကြီးသော အချက်အလက်များကို လျစ်လျူရှုမိသော အခါတွင်လည်းကောင်း၊ တလွဲအမြင်ရမိလျှင်သော်လည်းကောင်း စိုးရိမ်စိတ်လွန်ကဲမှုမှတဆင့် ဆိုးကျိုးများ ရလာနိုင်ပါတယ်။ ဒါကြောင့် အများပြည်သူအနေနဲ့ အင်တာနက်စာမျက်နှာ တစ်ခုတည်းကို အားကိုး ဖတ်ရှုပြီး ရပ်တန့်မနေကြဘဲ မိမိ သိလိုပြီး မရှင်းလင်းသော အချက်အလက်များနှင့် ရောဂါလက္ခဏာများအား ကျွမ်းကျင်သည့် ကျန်းမာရေး ၀န်ထမ်းများနှင့် အေးဆေးစွာ တိုင်ပင်သင့်ပါတယ်။ သို့မှသာ လိုအပ်သည်ထက်ပိုတဲ့ စိုးရိမ်ပူပန်မှုများ မဖြစ်စေဘဲ ၀က်တုပ်ကွေးဆိုင်ရာ စိုးရိမ်ပူပန်မှုလွန်ကဲခြင်းများကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။


ကိုးကား
1.Petrie KJ, Faasse K. Monitoring public anxiety about flu. BMJ Group2009 11 june 2009.
2.http://en.wikipedia.org/wiki/Spanish_flu
3.WHO. Epidemic and Pandemic Alert and Response (EPR). Influenza A(H1N1) - update 58. WHO; 6th July 2009 [cited 2009 6th july].
4.L. D. Sims, BVSc, MACVSc, MRCVS1 JD, DVM P, C. Benigno, DVM2, et al. Origin and evolution of highly pathogenic H5N1 avian influenza in Asia


မွန်းသက်ပန် (ဆေး ၁)
သံလွင်အိပ်မက် အွန်လိုင်းမဂ္ဂဇင်း
အတွဲ ၃ အမှတ် ၃
၂၀၀၉ ခုနှစ် ဇူလိုင်လ
၅ နှစ်ပြည့် အထူးထုတ်

ဆက်ဖတ်ရန်...

Sunday, August 02, 2009

Migratory Doctor

ဒီရက်တွေမှာ အမိမြေနဲ့ ဝေးသထက်ဝေးလာလို့ အနည်းငယ် ကြောက်ရွံ့နေပေမယ့် အားအင်တချို့တော့ ကျမမှာ ရှိနေခဲ့ပါတယ်။ မဖွံ့ဖြိုးသေးဘူးဆိုတဲ့ ဒေသဟာ ဘယ်လောက်တောင် မဖွံ့ဖြိုးဘဲ ကျမကို ကြိုဆိုမယ်ဆိုတာ မှန်းဆလို့ မရနိုင်သေးတဲ့အချိန်မှာ ဘာပဲဖြစ်ဖြစ် စိတ်ဓါတ်တချို့တော့ ကြံ့ခိုင်နေသင့်တယ် မဟုတ်လား။ ငယ်ငယ်ကတည်းက ခရီးသွားရမှာ ကြောက်လို့ အိမ်မှာပဲ အချိန်ကုန်ခဲ့ဖူးတဲ့ ကျမဟာ ခုတော့ ပြောင်းရွှေ့ဆရာဝန် တစ်ယောက်အဖြစ်နဲ့ ခရီးဆောင်အိတ် ခပ်ကြီးကြီးတစ်လုံးကို မနိုင်မနင်း လွယ်တတ်ခဲ့ပါပြီ။

ကင်မရာကိုင်ပြီး ကမ္ဘာပတ်ချင်တယ်ဆိုတဲ့ တစ်ချိန်က ကျမနားမှာ ရှိခဲ့ဖူးသူတစ်ယောက်ကို သတိရမိပြန်တော့ သူဘယ်တော့မှ မမှန်းဆခဲ့တဲ့ ကျမရဲ့ ပြောင်းလဲမှုတွေကို နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူရွေးချယ်ပေးခဲ့တဲ့ ကျမဘ၀အတွက် လည်း သူ့ကိုသတိတရနဲ့ ကျေးဇူးတင်ချင်မိတယ်။

ဘ၀တစ်လျှောက်လုံးမှာ ကျမ လုပ်ချင်တဲ့ အရာတိုင်းကို ပူပင်ကြောင့်ကျပြီး “စိုးရိမ်တယ်။ မသွားစေချင်ဘူး။ ” စတဲ့ နှောင်ကြိုးတွေ နဲ့ချည်နှောင်မှုမလုပ်တတ်ဘဲ ကျိုးကြောင်းဆပ်စပ်တဲ့ စကားဝိုင်းတစ်ခု မိသားစုဆွေးနွေးပွဲလေး နဲ့အတူ ကျမလုပ်ချင်တာကို ပံ့ပိုးပေးခဲ့တဲ့ ကျမရဲ့မိသားစုကလေးကိုလည်း ကျေးဇူးတင်မိပါတယ်။ ဒီလိုမိသားစုကလေးသာ မရှိခဲ့ရင် မွန်းသက်ပန် ဆိုတာလည်း ဖြစ်လာမှာမဟုတ်ပါဘူးလေ။

အမှတ်တရ

မွန်းသက်ပန် (ဆေး -၁)

ဆက်ဖတ်ရန်...

ဖေဖေက ကျမကို နေတစ်စင်းဖြစ်စေချင်ခဲ့ပေမယ့် ကျမကတော့ ဖေဖေ့ကြောင့်လင်းတဲ့ လတစ်စင်းပဲ ဖြစ်ချင်ခဲ့တယ်။

 

© 2007 IngridGrey By Arephyz