ဘာသာစကားသင်တန်းကို တနေ့လေးနာရီတာ သင်ရတဲ့ အဖြစ်ဟာ မကောင်းလှပေမယ့် အချိန်ချွေတာတဲ့အနေနဲ့လုပ်ရတာမို့ ပင်ပန်းတယ်လို့ပဲ ဆိုနိုင်ပါတယ်။ စာသင်ချိန် တနာရီနောက်ပိုင်းမှာ မှတ်နိုင်အားသိပ်မရှိနိုင်တော့တဲ့ ကျမအဖို့တော့ အတော်လေးကို ခက်ခဲတဲ့အလုပ်တခုဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် နေ့လည် ၁နာရီထမင်းစားပြီးချိန် သင်ရတဲ့ ၂နာရီကြာဟာ ကျမအတွက်တော့ တော်တော်လေးခက်တယ်ဆိုရမှာပါပဲ။
Tanzania နိုင်ငံရဲ့ ယဉ်ကျေးမှုအရ ဘယ်အလုပ်လုပ်ခါနီးမဆို နှုတ်ခွန်းဆက်ရတာဟာ ယဉ်ကျေးမှုတစ်ခုဖြစ်ပြီး နှုတ်ခွန်းဆက်မှုကို တလေးတစားလုပ်ကြတယ်လို့ဆိုပါတယ်။ Tanzania နိုင်ငံသူနိုင်ငံသားတွေဟာ ဒီဓလေ့ထုံးစံကို ဂုဏ်ယူဝင့်ကြွားတတ်ကြပြီး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ Kenya နိုင်ငံရဲ့ တစိမ်းပြင်ပြင် ရှိမှုတွေနဲ့ နှိုင်းယှဉ်ပြောတတ်ကြပါတယ်။ ဒါကြောင့် မနက်စောစော ရေသန့်ဗူးဝယ်တာလေးက အစ နှုတ်ခွန်းဆက်တာကိုငါးစက္ကန့် ကနေ ၂ မိနစ် လောက်ထိဦးစားပေးကာ လုပ်ကြတာမို့ ရောက်ရောက်ချင်း ရက်တွေမှာ ဘာသာစကားအခက်အခဲရှိနေသေးတဲ့ ကျမဟာ ပစ္စည်းတစ်ခုခု ၀ယ်ဖို့ ခက်ခဲခဲ့ရပါတယ်။
ရောမရောက်ရင် ရောမလိုကျင့်ရမယ်လို့ ဆိုပေမယ့် စစချင်းမှာ ပတ်ဝန်းကျင်နဲ့ မယဉ်ပါးနိုင်သေးတဲ့ အရှေ့တောင်အာရှနိုင်ငံ တစ်ခုဖြစ်တဲ့ ဗမာပြည်ကလာတဲ့ အမျိုးသမီးဆရာဝန် တယောက်ဖြစ်တဲ့ ကျမဟာ လမ်းသွားနေရင်း ကိုယ့်ကိုမသိတဲ့ လူတစ်ယောက်က မထင်မှတ်ဘဲ လက်ကမ်းလာပြီး နှုတ်ဆက်တာကို အဆင်သင့်ဖြစ်နေဖို့၊ မတုန်လှုပ်သွားဖို့ အတော်လေးကို အချိန်ယူခဲ့ရပါတယ်။ ရိုးသားခင်မင်မှုနဲ့ ကမ်းလာတဲ့ လက်တချို့ကို နှောင့်နှေးခဲ့လို့ အားတုန့်အားနာဖြစ်ရမှုတဲ့ ရက်တချို့ကလည်း ကျမကို Dar Es Salaam ရဲ့ ရက်တွေအဖြစ်နဲ့ ဖန်ဆင်းပြန်ပါတယ်။
မြန်မာနိုင်ငံမှာနေစဉ်ကရော ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တစ်နှစ်တာ အထူးကုသင်တန်းကို တက်ခဲ့တဲ့အချိန်တွေမှာပါ အာရှအစားအစာတွေနဲ့သာခုံမင်ခဲ့တဲ့ ကျမဟာ အာဖရိက အရှေ့ပိုင်းအစားအစာဖြစ်တဲ့ ugali လို့ခေါ်တဲ့ အစားအစာကိုလည်း ယဉ်ပါးအောင် အတော်လေး ကြိုးစားရဆဲပါပဲ။ မနက်တိုင်း လက်ဘက်ရည်ချိုစိမ့် သောက်တတ်တဲ့ ဒီနိုင်ငံဟာ ကျမတို့နိုင်ငံနဲ့ မခြားလှပေမယ့် ကော်ဖီလက်ဘက်ရည် မသောက်တတ်တဲ့ ကျမအတွက်တော့ လက်ဘက်ရည်ကို အကျင့်ရအောင် သောက်တတ်ခဲ့ပြန်ပါတယ်။ နေ့လည်စာနဲ့ ညစာတွေမှာ ဘာစားရမလဲဆိုတာကို စဉ်းစားရတာဟာ ညအိပ်ရာဝင် အလုပ်တစ်ခုဖြစ်ခဲ့ပြီး ဒါမှ သင်တန်းချိန် နားတဲ့အခါ အဲဒီနေရာကို အပြေးကလေး သွားနိုင်မှာမို့ပါ။
အဲဒီလို အပြေးအလွှားကို စဉ်းစားလိုက်ရင် DAR က daladala လို့ခေါ်တဲ့ လိုင်းကားကို မေ့ထားလို့ မရနိုင်ပြန်ပါဘူး။ လိုင်းကားတွေဟာ ကျမတို့ဗမာပြည်မှာလည်း ရုံးချိန်ဆို ပြည့်ကျပ်နေတတ်ပေမယ့် ကျမတို့လို အားနွဲ့တဲ့ မိန်းမသားတွေဟာ ကားပေါ်ကို အရင်ဆုံးတိုးဝှေ့တက်ခွင့်ရတဲ့ သူတွေဖြစ်သလို ၊တိုးဝှေ့တဲ့ လူကြားထဲညှပ်ပြီး အလွယ်တကူပါသွားတဲ့အဖြစ်တွေရှိခဲ့ပါတယ်။ ကားပေါ်ကိုရောက်တယ်ဆိုရင်လည်း သက်ကြီးရွယ်အို ၊ ခလေးသူငယ်နဲ့ မိန်းကလေးများကို အတိုင်းအတာ တစ်ခုအထိ ဦးစားပေးတတ်ကြတာမို့ ကျမတို့မှာ အနေသာခဲ့ပါတယ်။
Taxi နဲ့ နေ့တိုင်းသင်တန်းသွားဖို့ရာ စရိတ်စက သိပ်ကြီးလွန်းတဲ့အခါ Dar ES Salaam ရဲ့ ပထမဆုံးရက်မှာပဲ ကျမတို့နေတဲ့အိမ်ကလေးရဲ့ ၁၅မိနစ်လောက် လမ်းလျှောက်စာအကွာမှာရှိတဲ့ mwenge လို့ခေါ်တဲ့ ကားဂိတ်မှာ ကားစစီးဖြစ်ခဲ့ပါတယ်။ poster လို့ခေါ်တဲ့ မြို့လည်ခေါင်နေရာတစ်နေရာကို သွားတဲ့ အလယ်အလတ်စား အရွယ်ရှိတဲ့ ကားလာတယ်ဆိုရင်ဘဲ အမျိုးသားများဟာ သူ့အလိုလို နောက်ဆုတ်သွားကြတာမို့ အတော်လေးကို လေးစားမိခဲ့ပါတယ်။ ကျမတို့မြန်မာနိုင်ငံထက် မိန်းကလေးကို ဦးစားပေးတတ်တဲ့ အကျင့်ဖြစ်မှာမို့ သဘောကျမိပါတယ်။ ဒါပေမယ့် ကားဆိုက်လာတယ်ဆိုရင်ပဲ ကျမတို့ အမျိုးသမီးလေး ငါးယောက်ကို အတင်းတို့ဝှေ့ပြီးတက်ကြတဲ့ စောစောက နောက်ဆုတ်ပြီး အရှိန်ယူနေကြတဲ့ အမျိုးသားများကို ရင်ဆိုင်ရပြန်တော့ ပထမဆုံးနေ့အနေနဲ့ အံ့သြခဲ့ရပါတယ်။ ဒါပေမယ့်လည်း တနေကုန်ပင်ပန်းမှာမို့ ကြိုတင်အနားယူမယ်ဆိုတဲ့ သဘောမျိုးဖြစ်ပါလိမ့်မယ်လို့ သဘောထားရင်း အဲဒီမြို့ကလေးရဲ့ ယဉ်ကျေးမှုကို ယဉ်ပါးအောင် ကြိုးစားရင်းဘဲ ကျမလည်း အသာလေး နောက်ဆုတ်လိုက်ပြီး သူတို့ကို ဦးစားပေးဖြစ်ခဲ့ပါတယ်။
ဘယ်အချိန်မဆို အိမ်ပြန်ချိန်တွေကို အမြဲပျော်တတ်ခဲ့တဲ့ ကျမဟာ ခွေးဟောင်သံတွေနဲ့ ဖုံးလွှမ်းနေတဲ့ တည်းခိုတဲ့အိမ်ကလေးကို ပြန်ရမှာကို ကြောက်နေမိပါတယ်။ ကြောက်ခွေးကြောက်တတ်လွန်းတဲ့ ကျမတစ်ယောက် ခွေးခြောက်ကောင်ရှိတဲ့အိမ်ကလေးမှာ တစ်လတာ နေရဖို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေမယ့် တကယ်ဖြစ်လာတဲ့အခါ ကြောက်ကြောက်နဲ့ပဲ သူတို့ကိုသူငယ်ချင်းလုပ်ဖို့ အိမ်အပြန် ဘီစကစ်ထုပ်ကလေးတွေဝယ်ရတာလည်း DAR ES SALAAM ရဲ့ တချို့နေ့တွေထဲက အမှတ်တရပါပဲ။
ဘာသာစကားသင်ပြီး ၂ပတ်အကြာမှာပဲ ကျမရဲ့ စကားပြောတဲ့ လေ့ကျင့်ခန်းလေးကို စရပါတယ်။ ကျမဆရာမဖြစ်တဲ့ တန်ဇနီးယားသူ က အခြား လူတွေနဲ့စကားပြောဖို့ ကျမကို ပြောတာကြောင့် KIUရဲ့အနားမှာရှိတဲ့ စားသောက်ဆိုင်၊ သီချင်းတီးခတ်ရာနေရာ နဲ့ စတိုးဆိုင်မှာ ကျမလေ့ကျင့်ခဲ့ပါတယ်။ ၃ ပတ်ဆိုတဲ့အချိန်က ဘာသာစကားတစ်ခုကို တတ်ဖို့ မလွယ်လှတာမို့ တနေ့တနေ့ အိမ်အပြန်လမ်းမှာ စိတ်ညစ်ခဲ့ရတဲ့ ရက်တွေကလည်း တနေ့တာ အလုပ်တစ်ခုလိုပဲ ကျမကိုနေ့စဉ်နှုတ်ဆက်မြဲပါပဲ။
ဒီလိုနဲ့ပဲ ကျမရဲ့ DER ကနေ့ရက်တွေဟာ မသိလိုက်မသိဖာသာ ကုန်ဆုံးခဲ့ပြီး ကျမအလုပ်လုပ်မဲ့ IRINGA ကိုခရီးထွက်ဖို့ ပြင်ခဲ့ရတဲ့ညက ပွင့်လင်းရင်းနှီးပြီးခင်စရာကောင်းတဲ့ DAR က ကျမရဲ့နယ်ခံသူငယ်ချင်း တစ်ချို့နဲ့ နှုတ်ဆက်စကားဆိုရင်း အချိန်ကုန်ခဲ့ပေမယ့် ကျေနပ်ဆဲပါပဲ။
ဘယ်တော့ရယ်လို့ မပြောနိုင်ပေမယ့် နောင်တချိန်မှာ သူငယ်ချင်းတွေနဲ့ တခေါက်လောက် အေးအေးဆေးဆေးတွေ့ရင်း Kiswahili ဘာသာစကားနဲ့စကားတွေ ဖောင်ဖွဲ့ချင်ပါသေးတယ်။
မွန်းသက်ပန်
လောကအလှ အွန်လိုင်းမဂ္ဂဇင်း
၂၀၀၉ ခုနှစ် စက်တင်ဘာ ၁၂