၂၀၀၉ ခုနှစ် ဂျူလိုင်လထုတ် စရဏမဂ္ဂဇင်းမှာ ဖော်ပြခံရတဲ့ ၀တ္ထုတိုကလေးကို ကျမခရီးသွားနေစဉ် စာမရေးနိုင်တဲ့ အချိန်များအတွက် တင်ထားပေးချင်ပါတယ်။ ကျမရဲ့လွတ်လပ်တဲ့ သံယောဇဉ် တစ်ချို့အတွက် အမှတ်တရပေါ့…“နင်သိပ်ကံကောင်းတယ်နော်။ posting ပြောင်းတယ်ဆိုပေမယ့် နင့်မြို့ကို နင်ပြန်ရတာ ကံအကောင်းဆုံးတွေထဲက တစ်ခုဘဲ။ ငါဆို အိမ်နဲ့အဝေးကြီးကိုသွားရမှာ။”
နယ်ဆေးရုံသို့ပြောင်းမည့် လက်ထောက်ဆရာဝန်များ အတွက် ဆေးရုံမှ လုပ်ပေးသည့် နှုတ်ဆက်ပွဲမှာ သူငယ်ချင်းမက အနားကပ်ကာ အားကျစကားဆိုလာတော့ သူမပြုံးရုံသာ ပြုံးနေလိုက်သည်။ ပစ္စည်းများ သိမ်းရဦးမှာမို့ အားလုံးကို နှုတ်ဆက်ပြီး စောစောပြန်လာခဲ့ပေမယ့် အဆောင်ပြန်ရောက်တော့ တစ်ကိုယ်လုံး ညောင်းကိုက်လို့နေသည်။ ဟိုနားရပ် ဒီနားရပ်နှင့် ဘာမှသာ မဟုတ်တာ အတော်လေးပင်ပန်းသား။
ဆေးခန်း ကိုယ်စားယူမည့် ယုယုဆိုသည့် ဆရာဝန်မလေးအား ဆေးခန်းကိစ္စများကို အပြီး လွှဲထားပြီးပြီမို့ သူမမှာ တာဝန်မရှိတော့ပေမယ့် စိတ်က မချနိင်။ သုံးနှစ်ဆိုတဲ့ ဘာမဟုတ်လောက်ဟု ထင်ခဲ့တဲ့ အချိန်အတိုင်းအတာ တစ်ခုက သူမကို ဘာကြောင့်များ ဒီလောက်တောင် စိုးရိမ်ပူပန်တတ်သူအဖြစ် ပြောင်းလဲနိုင်ခဲ့ပါလိမ့်။ ပစ္စည်းပုံတွေကြားမှာ ငုတ်တုတ် ကလေးထိုင်ချလိုက်ရင်း သူမအတွေးတို့က ဆေးခန်းဖွင့်စ ရက်တွေတုန်းက ဖြစ်ရက်တွေဆီမှာ နစ်မျောနေခဲ့ပြန်သည်။ အဲဒီတုန်းကတော့ ထိုရပ်ကွက်ကလေးနှင့် အနီးအနားရပ်ကွက် နှစ်ခုလောက်မှာပါ ဆေးခန်း တစ်ခုမှ မရှိသေးတာက တစ်ကြောင်း၊ ဆေးဆိုင်ဆိုတာကလည်း သေးသေးကလေးနှင့် မည်မည်ရရ မဟုတ်တာကြောင့် ဆရာဝန်ပေါက်စ တစ်ယောက်ရဲ့ စီးပွားရေး တွက်ကိန်းတစ်ခုအနေဖြင့် ဆေးခန်းကလေးကို စ ဖွင့်ဖြစ်ခဲ့တာ မဟုတ်လား။
တကယ်တမ်း မှန်းချက်နှင့် နှမ်းထွက်လွဲခဲ့ရပေမယ့် သူမ စခဲ့သည့် အလုပ်တစ်ခုကို အလွယ်တကူ အရှုံးမပေးချင်သော မာနကလေးနှင့် တောင့်ခံနေခဲ့သော သူမကို ကံကြမ္မာက ထိုရက်တွေမှာ အတော်ကို ကြည်စားလို့ ကောင်းခဲ့မည်ထင်သည်။ ညနေဆေးခန်းဖွင့်ချိန် ရောက်မှာကိုပင် ကြောက်နေတတ်သော သူမအား ဆေးခန်းဖွင့်သည့် ပထမလတွင် လက်၌ ပိုးဝင်ကာ ယောင်ကိုင်းနေသဖြင့် အလုပ်မလုပ်နိုင်သော ငါးရွေးသည့် နေရာတွင် အလုပ်လုပ်သည့် ကိုမြအောင်နှင့် သူတို့မိသားစုအခြေအနေ၊ သံချောင်းကောက်သည့် အလုပ်ကို လုပ်ရင်း လူမမယ် ကလေးသုံးယောက်ကို စောင့်ရှောက်ရသော ဒေါ်စမ်းရင်၏ ရင်တွင်းဝေဒနာ၊ ဆေးယဉ်နေသည့် တီဘီရောဂါပိုးစွဲကပ်နေသည့် မညိုမ၏ ခိုကိုးရာမဲ့ဘ၀ နှင့် မိခင်ဖြစ်သူ၏ လက်ပိန်ပိန် ခြောက်ခြောက်ကလေးကို ကြင်နာစွာတွဲကာ ဆေးခန်းသို့ လိုက်ပို့တတ်သည့် ငါးနှစ်သားလေး မောင်ညို၊ အရာအားလုံးက သူမ ရင်ကိုဓါးနှင့်မွှန်းသလို မရိုးနိုင်သည့် ရင်နင့်ဖွယ် နေ့စဉ်ဘ၀တွေနှင့် ညနေတိုင်း ကြိုဆိုကြမြဲ။ ရှိစုမဲ့စုဖြင့် ပေါင်နှံပေးကြသော ဆေးဖိုးဝါးခကို မျက်စေ့မှိတ်ယူဖို့ရာ သူမမှာ ဘယ်တော့မှ အားအင် အလုံအလောက် မရှိခဲ့တာလည်း အမှန်။ တစ်လစာ အ၀င်အထွက်စာရင်း တွက်ချက်တိုင်းမှာလည်း သူမထင်ထားသလို စီးပွားဖြစ်ဖို့ နေနေသာသာ ဆေးခန်းအတွက် ရေဖိုးမီးဖိုးနှင့် ဆေးပြန်ဝယ်ဖို့အတွက်တောင် မလောက်ငသဖြင့် သူမဆေးရုံမှရသောလခ တို့ဖြင့် ဖေးကူရသည့် လတွေကမနည်းလှ။
မိုးရာသီ ရောက်လာပြန်တော့ တုတ်ကွေး ဖျားနာ အပြင်းအထန် ခံစားနေရပေမယ့် နောက်နေ့ အလုပ်မသွားလျှင် အိမ်စရိတ်မရှိတာမို့ မဖြစ်မနေ သွားချင်ကြသည့် လူနာများက သူမဆေးခန်းဖွင့်ချိန်ကို စောင့်နေတာမို့ ဆေးခန်းပိတ်ကာ နားချင်သည့် ရက်တချို့ရှိပေမယ့် မအောင်မြင်ခဲ့။ ထို့အပြင် သွေးလွန် တုတ်ကွေးဟုဆိုလျှင် မိဘများအတွက် သည်းခြေခိုက်မျှ ကြောက်လန့်ကြသော်လည်း အခြေအနေဆိုးသည့်အခါ သူမအနေဖြင့်သက်ဆိုင်ရာ ဆေးရုံသို့ လွှဲစာရေးပေးပြီး စေလွှတ်ခဲ့သော် အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံသို့မသွားနိုင်သဖြင့် နောက်တစ်နေ့ ညနေ ဆေးခန်းဖွင့်ချိန်တွင် မျက်နှာငယ်ကလေးများဖြင့် ဆေးခန်းသို့ လာမြဲတိုင်း လာတတ်သော ချို့တဲ့ မိသားစုတစ်ချို့ ၊ ပွင့်လင်းရာသီ ရောက်လို့ မင်္ဂလာကိစ္စတွေနှင့် ပျော်ပြီးမကြာမှီမှာပဲ ကလေးတွေ တသွပ်သွပ်မွေးကာ သားဆက်ခြား ပညာပေး မသိတတ်ရှာသော မိခင်အများစု၊ အခန့်မသင့်လို့ ချစ်သူနှင့် သဘောထားလွဲ အခြေအနေလွန်ကဲကာ မဖုန်းနိုင် မဖိနိုင်ဖြစ်ကာမှ ဆေးခန်းသို့ လာကာ မပြုအပ်မဆီလျော်များကို တောင်းဆိုတတ်သော မိန်းမငယ်ကလေးတစ်ချို့ ။
ထိုသို့ဖြစ်ရပ်တွေကြားမှာ သူမအနေဖြင့် ဆရာဝန်တစ်ယောက်၏ ကျင့်ဝတ်တွေကို သေချာလိုက်နာကာ ဆောင်ရွက်ပေးခဲ့ပေမယ့် ထိုအရပ်ဒေသမှ ထွက်ပြေးဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ဖူးလေသည်။
စိတ်ရှည်တဲ့အခါရှိသလို စိတ်မရှည်တဲ့အခါများတွင်လည်း ဂရုဏာ ဒေါသောဖြင့် ဆူပူအသိပေးတတ်သော သူမအား ဆရာတစ်ဆူပမာ အားကိုးတကြီး ရှိကြသော ထိုပတ်ဝန်းကျင်ကလေးအား တကယ်တမ်းတော့ သူမတစ်ယောက် မစွန့်ခွာရက်ခဲ့ပြန်ပါ။ ဆေးကုသချိန်အပြင် ကျန်းမာရေး ပညာပေးဖို့အတွက်ပါ လိုအပ်လာပြန်တော့ သူမစာဖတ်ချိန်တွေ လျှော့ကာ ဆေးခန်းမှာ အချိန်ကုန်သိအထိ ဖြစ်ခဲ့ရပြန်သည်။
ကားတတန် ဆိုက်ကားတလှည့်ဖြင့် နေ့စဉ်မှန်မှန် ဆေးခန်းကလေးသို့ လာတတ်သော သူမအား လမ်းတစ်လျှောက်ရှိကလေးများက အချိန်တိုအတွင်း၌ပင် မှတ်မိကာ ချစ်ခင်လာခဲ့သလို တစ်ခါတစ်ရံ လမ်းလျှောက်လာရသောအခါတွင်လည်း သူမဆွဲခြင်း အစုတ်ကလေးကို ကူဆွဲပေးဖို့ သူတို့က အလုအယက် ဖြစ်တတ်ကြသေးသည်။
ထိုဆေးခန်းလေးနှင့် ပတ်ဝန်းကျင်အတွက် အရာရာ ပေးဆပ်သူအဖြစ် ကျေနပ်စပြုနေခဲ့သော သူမတစ်ယောက် မိုးသည်းသော ညနေတစ်ခုမှာ အပြင်းဖျားနေခဲ့ပေမယ့် လူနာများကို ငဲ့ညှာကာ ဆေးခန်း လာဖွင့်မိသည့်အခါ သူမနှလုံးသားတစ်ခုလုံး အရည်ပျော်ခဲ့ရပြန်သည်။ ထိုနေ့၌ ဓနိမိုးထရံကာ ဆေးခန်းကလေးက မိုးသည်းသည်းထဲမှာ ယိမ်းထိုးနေသလို ရေစိုစိုအ၀တ်တို့ဖြင့် သူမအသံ ကလေးများ တုန်သည်အထိ အချမ်းတက်လာပြန်တော့ အနီးအနားပတ်ဝန်းကျင်အိမ်တို့မှ ရှိစုမဲ့စု အ၀တ်နွမ်းနွမ်းကလေးများဖြင့် ကောင်းနိုးရာရာ သူမအား နေသာထိုင်သာရှိစေရန် ပံ့ပိုးကြသည်ကို သူမ တသက်မမေ့ရက်နိုင်ခဲ့ပါ။
မြို့လည်ခေါင်မှနေ၍ ဆေးခန်းလာဖွင့်တတ်သော ဆရာဝန်မကလေးအား ဆေးခန်းဖွင့်စရက်များတွင် ရှိန်နေကြသော်လည်း လမ်းထိပ်ရှိဒေါ်ဘုမ အသုပ်ဆိုင်တွင် ညနေစာ ကြာဇံသုပ်ဝယ်နေကျသူမ ၊ ဆေးခန်းအတွက်လိုအပ်သော ခြင်ဆေးခွေ ဖယောင်းတိုင်များကို မြို့ထဲမှ ၀ယ်မလာဘဲ မကြည်ပြာတို့ ကုန်စုံဆိုင်အသေးကလေးမှ အားပေးတတ်သော သူမအား လအနည်းငယ်ကြာသောအခါ ထိုနယ်ခံလူများက အကျွမ်းတ၀င် ဖြစ်နေခဲ့ပြီးဖြစ်သည်။ အဲဒီနောက်မှာတော့ လက်ထောက်ဆရာဝန် သက်တန်းသုံးနှစ်ဆိုတဲ့ ကာလတွေက အိမ်သို့ ပြန်ဖို့အခွင့် မရှိခဲ့ပေမယ့် သူမအတွက်ကတော့ ကိုယ့်အိမ် ကိုယ့်ပတ်ဝန်းကျင်မှာ နေရသလို ထိုပတ်ဝန်းကျင်အသစ်ကလေးက နွေးထွေးစေခဲ့သည် မဟုတ်လား။
ဆေးကုသဖို့ ပိုက်ဆံမပြည့်လို့ ဆေးခန်းမလာနိုင်သူများကို အခမဲ့လာကုကြဖို့ ပြောခဲ့ပေမယ့် ရပ်ကွက်ကြီး သုံးခုစာခန့်ရှိသော ထိုပတ်ဝန်းကျင်၏ တစ်ခုတည်းသော ဆေးခန်းကလေး ရေရှည်တည်ဖို့ သူမရဲ့ လူနာများက ပိုလို့ လိုလားကြပြန်တော့ ဆေးဖိုးကုန်ကျစရိတ်ကို အတိအကျတွက်ပေးရသည်က တာဝန်ပိုစေပေမယ့် သူတို့၏ စေတနာများက သူမကို ထိုဆေးခန်းကလေးမှာ မြဲစေဖို့ တွန်းအားပေးခဲ့ ပြန်ပါသည်။
ခုတော့လည်း ဒါတွေအားလုံးက သူမ အဆုံးမသတ်ချင်ပါဘဲနှင့် ပြီးဆုံးခဲ့ ရသလိုလို။ အတိတ်ရက်တွေကို တွေးရင်း စာကြည့်စားပွဲလေး ပေါ်မှောက်ကာသူမ ငိုနေမိသည်။ ကိုးနှစ်လုံးလုံး အိမ်ပြန်ချင်လွန်းလှသဖြင့် တမ်းတမ်းတတ ဖြစ်ချင်ခဲ့တဲ့အရာတွေ တကယ်ဖြစ်လာပြန်တော့ တွေဝေနေတတ်ခဲ့ပြန်တာ သူမရဲ့အကျင့်ဆိုး တစ်ခုများလား။ ဒါမှမဟုတ် ဖြစ်တတ်တဲ့ လူ့သဘာဝထဲက တစ်ခုဘဲလား။
မနေ့တစ်နေ့ က ဖေဖေဖုန်းဆက်လာတော့ သူမမွေးရပ်ဇာတိမှာ မိဘများနှင့်အိုးမကွာ အိမ်မကွာနေနိုင်မည့် ဆရာဝန်အဖြစ် သူမမိသားစုက စောင့်မျှော်နေသည်ဆိုသည်။ ဆယ်နှစ်နီးပါးခွဲခဲ့ရသော သမီးကလေးအား မိဘများက ရင်ခွင်မှာ အရင့်အရင်လို ပြန်ရှိစေချင်သည့် ဆန္ဒကို နားလည်နိုင်ပေမယ့် တစ်ဖက်က သံယောဇဉ်တို့ကလည်း သူမအား တစ်နည်းတစ်ဖုံ ရစ်နှောင်နေပြန်သည်လေ။ မဖြစ်မနေ သွားရမည့် ခရီးကို မလွန်ဆန်နိုင်ပေမယ့် နှလုံးသားတို့နာကျင်သည့်တိုင် ခံစားချက်တို့ ပြင်းထန်နေတာကိုတော့ သူမ သိနေသည်။ သူမ၏ နောက်ဆုံးနေ့ကလေးကို သူမချစ်သော သူမကိုချစ်သော ပတ်ဝန်းကျင်ကလေးနှင့် ထိတွေ့ခဲ့ချင် ပါသေးသည်။
“ဒေါင်ဒေါင် ဒေါင်ဒေါင်”
အဆောင်ဧည့်ခန်းရှိ တိုင်ကပ်နာရီအဟောင်းကြီးဆီမှ ၅ နာရီထိုးသံခပ်ကျယ်ကျယ်နှင့်အတူ သူမအတွေးစတို့ လင်းလက်စွာဖြင့် ပိုက်ဆံအိတ်ကိုဆွဲကာ ကားဂိတ်သို့ အပြေးကလေး ထွက်လာခဲ့သည်။ လိုရာမှတ်တိုင်ရောက်လို့ ကားပေါ်မှဆင်းတော့ ဆိုက်ကားသမားကြီး ဦးတိုးက သူမအလာကို စောင့်မျှော်နေတာမို့ သူမရင်မှာ ကြည်နူးမိခဲ့ပြန်သည်။
“ဆရာမလေး နယ်ပြန်တော့မယ်ဆိုတော့ ဒီနေ့မလာတော့ဘူးမှတ်တာဗျ။ ခုတောင် ကျွန်တော် ဆိုက်ကားသိမ်းတော့ မလို့ရယ်။ စိတ်ထဲ တမျိုးနေတာနဲ့ ဆရာမကို စောင့်နေမိတာဗျ”
“ကျေးဇူးပါ ဦးတိုးရယ် မဟုတ်ရင် ဆရာမက ဒီလမ်းကြောအရှည်ကြီးကို လျှောက်ရမှာလေ။”
ဆိုက်ကားသမားကြီး ဦးတိုးနှင့် စကားလက်ဆုံကျလာပြီး ပတ်ဝန်းကျင်ကို သူမအမှတ်တရကြည့်မိတော့ ဆေးခန်းကလေးရှိရာ လမ်းချိုးကလေးသို့ပင်ရောက်နေခဲ့သည်။ လမ်းထိပ်တွင် ကစားနေကြသော ကလေးများက အသံမျိုးစုံနှင့် သူမဆီကိုပြေးလာကြတော့ ဒူးကလေးညွှတ်ကာ ဒင်းကလေးတွေကို ကြိုရင်းသူမ၏ ပထမဆုံးနေ့တွေကိုပင် သတိရကာပြုံးလိုက်မိသည်။ ထိုရက်တွေက သူတို့လေးတွေ သူမကို ပြေးကြိုတိုင်း အနံ့မျိုးစုံနှင့် စွန်းကျန်ရစ်ခဲ့သည့် သူမရဲ့ ကိုယ်ကို မသတီဖြစ်ကာ ခြေလက် ဆေးရသည့် အခါပေါင်းကမနည်း။ အလုပ်သဘောအရမို့ ရှေ့တွင်အောင့်အည်း နေရပေမယ့် ဖြစ်နိုင်လျှင် လာမနှုတ်ဆက်ပါနဲ့လို့ ပြောချင်ခဲ့သော ဆန္ဒတို့က ထိုရက်တွေထဲက သူမရင်ထဲမှာ အပြည့်။ မထင်မှတ်ခဲ့တဲ့ မိုးသည်းညနေတစ်ခုမှာ သူမဖိနပ်ကလေး ပျက်သွားခဲ့ကာ ရွှံ့တွေကြားမှာ ယိမ်းယိုင်ခဲ့တဲ့အခါ မိုးရေထဲကစားနေသော သူတို့လေးတွေ ပြေးလာကာ သူမအားဆေးခန်းရှိရာ သို့ တွဲကူပို့ခဲ့ကြပြန်တော့ ဟန်ဆောင်မှုမဲ့တဲ့ ချစ်ခြင်းတို့နှင့်အတူ သူမနှင့် သူတို့လေးတွေ တသားတည်းဖြစ်ခဲ့ရသည်မဟုတ်လား။
“ဆရာမ၊ ဆရာမ ဆွဲခြင်းရော”
“မပါဘူး မီးမီးရဲ့ ဆရာမ က ဆေးခန်းကို ခဏလာလည်တာ”
“ဆရာမ မောင်ညိုက ပြောတယ် ဆရာမ သားတို့ကို ထားခဲ့တော့မှာဆို”
“မဟုတ်ပါဘူး သားသားရယ်၊ ဆရာမ သားတို့ကို မထားခဲ့ပါဘူး၊ ဆရာမ ခရီးခဏသွားမှာပါ”
“ဟေ့ကောင်မောင်ညို ငါပြောတယ်မဟုတ်လား၊ ဆရာမက ငါတို့ကိုမထားသွားပါဘူးလို့”
အာဗြဲလေးများနှင့် ငြင်းခုံနေကြသော ကလေးတသိုက်၏ ဆူဆူညံညံအသံများနှင့်မို့ ဆေးခန်းတွင်းမှ ယုယု ပြေးထွက်လာပြီး သူမကို ဆီးကြိုရှာသည်။
“မမ မနက်ဖန် အိမ်ပြန်မှာဆိုတော့ ဒီနေ့မလာတော့ဘူးလို့ ညီမလေးက ထင်နေတာ”
“ဟုတ်တယ် ညီမလေး မမ မလာတော့ဘူးလို့ပဲ ခုမှ စိတ်ကူးပေါက်ပြီးထွက်လာခဲ့တာလေ။ ”
“လာ… မမ ဆေးခန်းမှာတော့ လူတွေရှိတယ် လူနာတွေတော့မဟုတ်ဘူး ။ မမ လာမယ်ထင်လို့ လာစောင့်တဲ့သူတွေ”
“ဟင် ဘယ်လို …၊ မမ ဒီနေ့မလာတော့ဘူးလို့ မနေ့ကတည်းက ပြောလိုက်တယ်လေ”
“ဟုတ်တယ်မမ ဒါပေမယ့် သူတို့ကလည်း လာလိုလာငြားဆိုပြီး စောင့်နေကြတာပါ”
“ဆရာမလေး ထမင်းစားပြီးပြီလား ၊ ကျမ ဆရာမလေးအတွက် ကြာဇံသုပ်လာပို့တာ”
အသုပ်သည် ဒေါ်ဘုမ က ဆေးခန်း ထိပ်မှ လှမ်းအော်ကာ နှုတ်ဆက်ရင်း သူ့ကိုယ်လုံးကြီးကိုမနည်းသယ်ကာ သူမကိုပြေးလာကြိုသည်။ ချိန်းဆိုထားခြင်းမရှိပါဘဲလျှက် လူအတော်များများ ဆေးခန်းကလေးမှာစုမိကြရင်း သုံးနှစ်တာကာလ အမှတ်တရ အမှတ်တမဲ့များပြောဖြစ်ကြတော့ အားလုံးကမျက်ရည်ဝဲ၀ဲလေးတွေနှင့်။
စကားပြောနေတုန်း လမ်းထိပ်ဘက်ဆီမှ ရုတ်ရုတ်သဲသဲအသံကြားလို့ ကြည့်လိုက်တော့ လူတစ်ယောက်ကို ကျောပိုးကာ ဆေးခန်းဆီသို့လာနေသော ဒေါ်သိန်းတို့မိသားစုကို တွေ့လိုက်ရသည်။
“အဲ… ဒါကဘယ်သူတုန်း ဘယ်လိုဖြစ်ရတာတုန်း ”
“မောင်မြင့်ဟန်လေ ဆရာမလေးရဲ့ ညနေ အလုပ်ကပြန်လာကတည်းက ၀မ်းလျှောလိုက်တာ ခုထိ တရစပ်ပဲ”
မောင်မြင့်ဟန်ဆိုသူက ရေရောင်းသော အိမ်မှဖြစ်ကာ သူမဆေးခန်းလေးအတွက် အခမဲ့ရေထည့်ပေးနေကျ ဖြစ်သဖြင့် ရင်းနှီးပြီးသား။ အသက် ၂၀ကျော်ခန့်အရွယ် ဗလကောင်းကောင်း လူငယ်တယောက်ပေမယ့် အိမ်မှာ ဘယ်နှစ်ခါလောက် ၀မ်းပျက်တယ်မသိ မျော့တော့တော့လေးသာ ကျန်တော့သည်။ သူမ အလျှင်အမြန်ပင် ကြည့်လိုက်တော့ လူငယ်က မျက်ဖြူလန်ကာ စကားမေးတောင် သိပ်မရ။ ကျင့်သားရနေသော လက်တို့က သူ့လက်ဖျံမှ သွေးကြောကို စမ်းကြည့်တော့ သိပ်မမိချင်တော့။ တံတောင်ဆစ်ရှိ သွေးကြောမှသာ သွေးခုန်နှုန်းခပ်မျဉ်းမျဉ်းကို စမ်း၍ရသည်။ သူမ၏ စမ်းသပ်မှုအဖြေတို့ကို နားထောင်ရင်း အခြေအနေကို သိနေသော ယုယုက ဆေးဘီဒိုထဲမှာ ဆေးပုလင်းကြီးအချို့ကိုယူကာ အရေးပေါ်ကုသဖို့ ပြင်ရပြန်သည်။ ရေဓါတ် ကုန်ခမ်းနေတာကြောင့် သွေးကြောကို မမိသဖြင့် သူမတို့နှစ်ယောက် အသည်းအသန် လုပ်လိုက်ရသေးသည်။
အခြေအနေ သက်သာလျှင် ဆေးရုံလွှဲရန် ကားရှာခိုင်းပေမယ့် သူမရင်းနှီးနေသော ဒီပတ်ဝန်းကျင်မှာ ယခုလို ည၉နာရီထိုးခါနီးတွင် ဘယ်ကားမှ အလွယ်တကူမရနိုင်တာ သူမအသိ။ ကားရသည့်တိုင်အောင် သွေးပေါင်မငြိမ်သေးသည့် လူနာတစ်ယောက်ကို နာရီဝက်ကျော်ကြာမည့် ခရီးကိုလွှတ်လိုက်ဖို့ရာ စိတ်က မချရ။
လူနာက ပုလင်းကြီး ၃ လုံးကုန်ခါနီးလောက်မှာ မျက်လုံးလေးအရည်နည်းည်း လဲ့လာပေမယ့် စကားတို့က မပီပြင်သေး။ ဆေးဗီဒိုထဲမှ ပုလင်းများကို လှမ်းကြည့်လိုက်တော့ အားလုံးပေါင်းကာမှ ၅လုံးလောက်သာကျန်တော့သည်။ ၀မ်းပျက်ရာတွင် အဓိက သုံးလေ့ရှိသော ringer lactate မှာ စားပွဲပေါ်က တစ်လုံးပြီးလျှင် အဆုံးသတ်တော့မည်။ မတတ်နိုင်၊ အရေးကြီးသည့်အခြေအနေမို့ အချိုရည်ရှိမှ အငန်ရည်ရှိမှ စသည်ဖြင့် ခါတိုင်းလိုချီးများမနေဘဲ သွင်းရတော့မည်။ အနည်းငယ်ထူထူထောင်ထောင် ဖြစ်လာသော လူနာအား ဆေးခန်းတွင် ၀မ်းသွားသူများအတွက် အသင့်ဆောင်ထားပေးသော ရေသန့်ဗူးဖြင့် ဓါတ်ဆားရည်ဖျော်ကာ သောက်နိုင်သမျှ သောက်ရန် မှာထားလိုက်သည်။ တစ်ချိန်လုံဲး ၀မ်းကလည်း တောက်လျှောက်သွားနေသောကြောင့် ဆေးပိုက်တန်းလန်းဖြင့် အိမ်သာပြေးနေရသော သူ့ခမျာမှာလည်း ဒုက္ခက မသေးလှ။
ပုလင်းကြီး၅လုံး ကုန်သောအချိန်၌ လူနာ၏ သွေးပေါင်ချိန်အတော်ပင် ကောင်းလာပြီဖြစ်ပြီး ကံကောင်းစွာဖြင့် ဆေးရုံလိုက်ပို့ပေးမည့် လေးဘီးကားလေးကို ဟိုဘက်ရပ်ကွက်က သူတို့ရှာတွေ့ခဲ့တော့ ဆေးရုံပို့ရန် စီစဉ်ရပြန်သည်။ ဆေးရုံသွားရာလမ်းနှင့် တလမ်းတည်းဖြစ်သော ယုယုက လူနာကို စိတ်မချသဖြင့် လမ်းအထိ လိုက်သွားခဲ့သည်။ ဆေးရုံလိုနေရာမျိုးအတွက် ဒီလိုအရေးပေါ် လူနာက ရိုးအီနေပေမယ့် ဒီဆေးခန်းလေးလို ပစ္စည်းပစယ မစုံမလင်တဲ့နေရာမှာတော့ သူမတို့အဖို့ အနည်းငယ်ရင်တုန်မိတာ အမှန်။
ဘာပဲဖြစ်ဖြစ် သူမရဲ့ နောက်ဆုံးတစ်ညနေက သူမအား ပင်ပန်းစေပေမယ့် အားအင်အပြည့်နှင့် အိမ်ပြန်စေခဲ့ပြန်သည်။ ဦးတိုးဆိုက်ကားပေါ်မှာ လိုက်ပါလာရင်း ကြယ်တလုံးစ နှစ်လုံးစမျှသာ ရှိသော လမရှိသည့်ညဥ့်ယံထဲက ကောင်းကင်ကို မော့ကြည့်ကာ ရောက်တတ်ရာရာ တွေးနေဖြစ်ပြန်သည်။
သူမမိသားစု ရှိရာ နယ်မြို့ကလေးမှ သူမရဲ့အနာဂါတ်မှာ ဘာတွေ ဘယ်လိုဖြစ်မယ်ဆိုတာ ၊ ဆရာဝန်ဘ၀ အစမှာ သူမ အစပြုခဲ့သော ဆေးခန်းကလေးနှင့် ဒီပတ်ဝန်းကျင်မှ သူမချစ်သော သူများနှင့် ပြန်ဆုံဖြစ်မဆုံဖြစ် ဆိုတာ၊ ဒါမှမဟုတ် နောက်ထပ်တစ်နေရာမှာပဲ ဒီလို ဆေးခန်းလေးတစ်ခုမှာ သူမ ဒီလိုအဖြစ်အပျက်တွေနဲ့ပဲ ပျော်နေမလားဆိုတာ တကယ်တော့ မသေချာနိုင်သေးပါ။
ရင်ထဲမှာ သေချာချင်တာ တစ်ခုကတော့ မြို့ကြီးပြကြီး၏ အစွန်အဖျားတစ်ခုတွင် လူတော်တော်များများ လစ်လျှူရှုဖြစ်ခဲ့သော ပတ်ဝန်းကျင် ကလေးတစ်ခုမှ ပွင့်လင်းသော နယ်ခံတို့၏ လွတ်လပ်သော သံယောဇဉ်တစ်ချို့နှင့် သူမ အစပြုခဲ့သော ထိုဆေးခန်းကလေးတို့ ရေရှည် ခိုင်မြဲနေစေချင်တာ လေးဘဲဖြစ်သည်။ ၂နှစ် တစ်ခါလောက် ဆရာဝန် အပြောင်းအလဲဖြစ်နေမည့် ဆေးခန်းလေးအတွက် မျှော်လင့်စရာ သိပ်မရှိပေမယ့် အဲဒီ အလင်းတန်းမှိန်မှိန်ကလေးကို သူမ မျှော်နေမိချင်သည်။
ဟိုဘက်ရပ်ကွက် ကင်းတဲမှ ၁၁ နာရီသံချောင်းခေါက်သံ သဲ့သဲ့ကို ကြားလိုက်ရတော့ မဲ့ပြုံးလေး ပြုံးဖြစ်လိုက်သေးသည်။ ညဉ့်နက်သန်းခေါင်တွင် မိန်းမသားတစ်ယောက်အဖို့ အပြင်ထွက်ရန်မသင့်ဟု ဆိုတတ်ကြပေမယ့် ဒီအချိန်အိမ်ပြန်ရက်တို့က သူမအတွက် တစိမ်းပြင်ပြင် မဟုတ်တော့ဘူး မဟုတ်လား ။
မွန်းသက်ပန် (ဆေး-၁)
စရဏ မဂ္ဂဇင်း
ဂျူလိုင်လ ၂၀၀၉