Saturday, February 27, 2010

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း


ဆီးလမ်းကြောင်း စနစ်မှာပါဝင်တဲ့ ကျောက်ကပ်၊ ဆီးပြွှန်နှင့် ဆီးအိမ် စတဲ့ တစ်နေရာရာမှာ ပိုးဝင်တာကို ဆီးလမ်းကြောင်းပိုးဝင်တယ်လို့ ဆိုပါတယ်။ များသောအားဖြင့် ဆီးအိမ်နဲ့ ဆီးအိမ်အောက်ပိုင်းက ဆီးပြွှန်မှာ ပိုးဝင်တာ အဖြစ်များပါတယ်။ ရောဂါလက္ခဏာများ ဆီးလမ်းကြောင်းပိုးဝင်တဲ့ လူတိုင်းမှာ ရောဂါလက္ခဏာများကို ခံစားရတာမဟုတ်ပေမယ့် အများစုမှာတော့ အောက်ပါလက္ခဏာအချို့ကိုတွေ့ရတတ်ပါတယ်။

ရောဂါလက္ခဏာတွေဟာ လျှပ်တပျက်ဖြစ်ပေါ်လာတတ်ပြီး ယျေဘူယျအားဖြင့်ကတော့
-ဆီးသွားချင်စိတ်ကို ထိန်းမရခြင်း
- ဆီးပူ ဆီးကျင်ခြင်း
- ပမာဏနည်းနည်းနှင့် မကြာခဏဆီးသွားခြင်း

-ဆီးတွင်း သွေးပါခြင်း ၊ ဆီးနံ့အလွန်ပြင်းခြင်း တို့ဖြစ်ပါတယ်။
ဆီးလမ်းကြောင်း တလျှောက်ပိုးဝင်တဲ့နေရာပေါ်မူတည်ပြီး ဖြစ်ပွားနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့



ပိုးဝင်ခြင်းကြောင့် ကျောက်ကပ်ယောင်ခြင်း
-ကျောအောင့်ခြင်း
-အပြင်းဖျားခြင်း
-ချမ်းတုန်ခြင်း

-ပျို့အန်ခြင်း

- မူးဝေခြင်း

ဆီးအိမ်ပိုးဝင်ပြီးယောင်ခြင်း
-ဆီးစပ်နေရာတွင် နာကျင်ခြင်း
-ဆီးကျင်ပြီး မကြာခဏ ဆီးသွားချင်ခြင်း
-အဖျားသွေးငွေ့ငွေ့ရှိခြင်း


ဆီးလမ်းကြောင်း ယောင်ခြင်း
-ဆီးပူဆီးကျင်ခြင်းတို့ဖြစ်တတ်ပါတယ်။

ဖြစ်ပွားရသော အကြောင်းများ
ဘက်တီးရီးယားပိုးများ ဆီးလမ်းကြောင်းအတွင်းသို့ စတင်ဝင်ရောက်ပြီး ဆီးလမ်းကြောင်ထဲ၌ ပွားများကြရာက ဆီးလမ်းကြောင်းပိုးဝင်ခြင်းဖြစ်ရခြင်းဖြစ်ပါတယ်။ ဆီးအိမ်ပိုးဝင်ခြင်းဟာ များသောအားဖြင့် အစာအိမ်နဲ့အူလမ်းကြောင်းမှာ ကျက်စားလေ့ရှိတဲ့ အကောင်တစ်မျိုးဖြစ်တဲ့ Escherichia coli ကြောင့် ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းကို ယောင်ယမ်းစေတဲ့ အခြား ပိုးမွှားတွေကတော့ ကာလသားရောဂါကိုဖြစ်စေနိုင်တဲ့ ganorrhonoes, clamydia နဲ့ herpes simplex virus တွေကြောင့်လည်း ပိုးဝင်ခြင်းဖြစ်တတ်ပါတယ်။

ဘယ်လိုလူတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း အဖြစ်များတတ်ပါသလဲ

၁။ အမျိုးသမီးများ
အမျိုးသမီးများမှာ ခန္ဓာဗေဒဖွဲစည်းပုံအရ ဆီးလမ်းကြောင်းဟာ အမျိုးသားများထက် ပိုတိုတာကြောင့် ပိုးမွှားများဟာ ဆီးအိမ်ကို ရောက်ဖို့ လွယ်ကူတတ်ပါတယ်။ အမျိုးသမီးထုရဲ့ ထက်ဝက်ဟာ သူတို့ရဲ့ဘ၀ တသက်တာမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ခံစားရတတ်ပြီး တချို့မှာတော့ အကြိမ်တစ်ခါထက်မနည်း တွေ့ကြုံရတာကို တွေ့ရပါတယ်။

၂။ လိင်ဆက်ဆံမှုများသူများ
လိင်ဆက်ဆံမှုများသူများမှာ ဆီးလမ်းကြောင်းကို လှုံ့ဆော်ခြင်း၊ ပိုးမွှားမှာ အလွယ်တကူဝယ်ရောက်နိုင်ခြင်းတိုကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း အဖြစ်များတဲ့ပါတယ်။ လိင်ဆက်ဆံမှုများတဲ့ အမျိုးသမီးများမှာတော့ ဆီးလမ်းကြောင်း ပိုးဝင်ဖို့ အခွင့်များတာဟာ ထင်ရှား တာကို တွေ့ရပါတယ်။

၃။
သန္ဓေတားခြင်း
အမျိုးသမီးကွန်ဒွန်တမျိုးဖြစ်တဲ့ သုံးတဲ့ အမျိုးသမီးများ၊ သုတ်ပိုးသေစေတဲ့ဆေးများ သုံးတဲ့အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း အဖြစ်များတတ်ပါတယ်။

၎။ ဇရာ
သွေးဆုံးပြီးအမျိုးသမီးတွေမှာ အမျိုးသမီးဟော်မုန်းတမျိုးဖြစ်တဲ့ အီစထရိုဂျင် နည်းပါးလာတာကြောင့် မိန်းမကိုယ်၊ ဆီးလမ်းကြောင်းနဲ့ ဆီးအိမ်နံရံများ ပါးလာခြင်း၊ ပွန်းပဲ့လွယ်ခြင်းတို့ကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ပိုဖြစ်စေပါတယ်။

၅။ ကျောက်ကပ် တွင် ကျောက်တည်ခြင်း

ကျောက်ကပ်တွင်း ကျောက်တည်ခြင်း နှင့် ဆီးလမ်းကြောင်းကို ပိတ်စို့စေသော အခြားသော အကြောင်းအရာများဟာလည်း ဆီးလမ်းကြောင်းပိုးဝင်ဖို့ အခွင့်အလမ်းတွေပဲဖြစ်ပါတယ်။


၆။ဆီးချိုသွေးချိုနှင့် အခြားနာတာရှည်ရောဂါများ
ဒီရောဂါတွေဟာ ကိုယ်ခံအား စနစ်ကို ကျဆင်းစေတာမို့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ပိုမိုဖြစ်ပေါ်စေပါတယ်။

၇။ ဆီးပိုက်များ
ဆီးပိုက်များကို ကြာရှည်စွာ သုံးစွဲရသော သူတွေမှာလည်း ဆီးလမ်းကြောင်းပိုးဝင်ဖို့ အခွင့်အလမ်းများတာကို တွေ့ရပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ
ဆီးလမ်းကြောင်းပိုးဝင်မှုကို ထိရောက်စွာကုမယ်ဆိုရင် ပျောက်ကင်းလွယ်တဲ့ ရောဂါဖြစ်ပေမယ့် အမှုမဲ့အမှတ်မဲ့ထားမိတဲ့ခါ ကျောက်ကပ်အထိပိုးဝင်ခြင်း အဲဒီက တဆင့် ကျောက်ကပ်ပျက်စီးသည်အထိ ဖြစ်နိုင်ပါတယ်။ သက်ကြီးရွယ်အိုများနဲ့ ကလေးသူငယ်များမှာ ရောဂါလက္ခဏာများကိုလစ်လျူရှုမိခြင်း ၊ အခြားရောဂါများနှင့် အမှတ်မှားတတ်ခြင်းတို့ကြောင့် နောက်ဆက်တွဲဆိုးကျိုးများ ပိုမို ဖြစ်ပွားတာကို ပိုတွေ့ရပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ဆီးလမ်းကြောင်း ပိုးဝင်မယ်ဆိုရင်တော့ လမစေ့ဘဲ မွေးတတ်ခြင်း၊ ကလေးပေါင်မပြည့်တတ်ခြင်းတို့ကိုဖြစ်ဖို့အခွင့်အလမ်းပိုများ လာပါတယ်။

ရောဂါရှာဖွေ စစ်ဆေးခြင်း
ရောဂါလက္ခာများကို သေချာမေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများဟာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။
ဆီးစစ်ခြင်း နှင့် ဆီးပိုးမွေးခြင်း သင့်မှာအထက်ပါရောဂါလက္ခဏာများရှိပြီး သင့်ဆရာဝန်က ဆီးလမ်းကြောင်းပိုးဝင်မှုကို သံသယဖြစ်တဲ့အခါ ဆီးထဲမှာပါတဲ့ သွေးနီဥ၊ သွေးဖြူဥနဲ့ အခြားသော ဘက်တီးရီးယားတွေကို စစ်ဆေးဖို့ ပြောမှာဖြစ်ပါတယ်။ ဒါမှသံသယဖြစ်တယ်ဆိုရင်တော့ ဆီးပိုးမွေးခြင်းကို လုပ်နိုင်ပါတယ်။ ဆီးစစ်ခြင်းအားဖြင့် ဆီးလမ်းကြောင်း ရဲ့ဘယ်နေရာမှာ ပိုးဝင်တယ်ဆိုတာကို ခွဲခြားသိနိုင်မှာမဟုတ်လို့ သင့်ဝေဒနာ အသေးစိတ်ကို သင့်ဆရာဝန်ကို သေချာပြောပြဖို့ အရေးကြီးပါတယ်။

ကုသနည်း
မပြင်းထန်တဲ့ ဆီးလမ်းကြောင်းပိုးဝင်မှုများကို ပြင်ပ လူနာအနေနဲ့ကုသမှုခံယူနိုင်ပြီး ပြင်းထန်တဲ့ ဆီးလမ်းကြောင်းပိုးဝင်မှုများ၊ ဒါမှမဟုတ် အခြားသော နာတာရှည် ရောဂါရှိသူများနဲ့ သက်ကြီးရွယ်အိုများမှာတော့ ဆေးရုံတက်ပြီး ကုသမှုကို ခံယူဖို့လိုကောင်း လိုမှာဖြစ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တဲ့အတွက် သင့်ဆရာဝန်က Amoxicillin, Nitrofurantoin Ciprofloxacin Levofloxacin Sulfamethoxazole-trimethoprim စတဲ့ဆေးတွေနဲ့ ဘက်တီးရီးယားအမျိုးအစားပေါ်မူတည်ပြီး ကုသပေးမှာဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေ ဟာ ဆေးသောက်ပြီး ရက်အနည်းငယ်အတွင်း ပျောက်ကင်းနိုင်ပေမယ့် သင့်အနေနဲ့ ဆရာဝန် ညွှန်ကြားတဲ့ရက်ပြည့်တဲ့အထိ ပိုးသတ်ဆေးကို သောက်သုံးသင့်တာဖြစ်ပါတယ်။ ဒါမှသာ သင့်ကိုယ်တွင်းက ဘက်တီးရီယားပိုးကို အပြီးတိုင်ရှင်းလင်းပြီး ဖြစ်မှာ ဖြစ်ပါတယ်။ ဆီးကျင် ဆီးအောင့်ခြင်းအတွက် အချို့သော အကိုက်အခဲပျောက်ဆေးများက သင့်ကိုကူညီမှာဖြစ်ပေမယ့် သင့်မှာရှိတဲ့အခြားရောဂါတွေကို သင့်ဆရာဝန်ကို ဖွင့်ပြောတိုင်ပင်ဖို့လည်း မမေ့သင့်ပါဘူးလေ။ ဆီးလမ်းကြောင်းအတွက် သောက်သုံးတဲ့အကိုက်အခဲပျောက်ဆေး အချို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ဆီးအရောင် ပြောင်းတတ်ခြင်းပဲဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ သွေးသားပြီးဆုံးတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင်တော့ သင့်ဆရာဝန်က သင့်ရဲ့ကျန်းမာရေးအခြေအနေ နဲ့ဆေးရဲ့ဆိုးကျိုးတွေကို ချင့်ချိန်ပြီး အမျိုးသမီးဟော်မုန်းဖြစ်တဲ့ အီစထရိုဂျင်ကို ပေးခြင်းအားဖြင့် သင့်ရဲ့ဆီးလမ်းကြောင်း ပိုးဝင်မှုအကြိမ်ရေကို လျော့ကျစေမှာဖြစ်ပါတယ်။

ထပ်ခါထပ်ခါ
အကယ်လို့ သင့်မှာ ဆီးလမ်းကြောင်းပိုးဝင်တဲ့ဝေဒနာကို ထပ်ခါထပ်ခါ ခံစားနေရမယ်ဆိုရင်တော့ သင့်ရဲ့ဆရာဝန်က ပိုးသတ်ဆေးကို ရက်အနည်းငယ်ပိုသောက်ခိုင်းခြင်း ဒါမှမဟုတ် သင်ခံစားနေရတဲ့ဝေဒနာ လက္ခဏာပေါ်မူတည်ပြီး ပိုးသတ်ဆေး ရက်တိုများကို ချိန်ဆသောက်ခိုင်းခြင်းများ ပြုလုပ်မှာဖြစ်ပါတယ်။ ဆီးပိုးစစ်တဲ့ တစ်ခါသုံး stick လေးတွေကို အခုအခါ အလွယ်တကူရနိုင်ပြီး အဲဒါတွေကတဆင့် အတော်ကို တိကျတဲ့အဖြေရနိုင်တာမို့ သင့်မှာရောဂါလက္ခဏာ ခံစားရပြီဆိုရင် အလွယ်တကူ စစ်နိုင်ဖို့ အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပိုးသတ်ဆေးကို သုံးစွဲသည်ဖြစ်စေ သင့်ဆရာဝန် ညွှန်ကြားချက်အတိုင်း သုံးစွဲတာ ဟာ သင့်အတွက် သင့်တော် စိတ်ချရဆုံးပဲဖြစ်ပါလိမ့်မယ်။

အိမ်တွင်းဆေး
ဆီးလမ်းကြောင်းပိုးဝင်နေတဲ့အခါ သင့်အနေနဲ့ဆေးထိုးဆေးသောက်တာတွေ အပြင်အိမ်တွင်းကုသနည်းအနေနဲ့ ဝေဒနာ သက်သာအောင် လုပ်နိုင်တာတွေကတော့

၁။ ရေများများသောက်ပါ ရေများများ သောက်ခြင်းဟာ ဘက်တီးရီးယားများကို ဖယ်ရှားပေးခြင်းအားဖြင့် သင့်ရဲ့ဆီးလမ်းကြောင်းကို သန့်စင်စေမှာဖြစ်ပါတယ်။

၂။ ကော်ဖီနှင့် အချဉ်ဓါတ် ကော်ဖီ၊ အရက်သေစာ၊ ကိုကာကိုလာ အစရှိတဲ့ အချိုရည်များ၊ အချဉ်ဓါတ်ပါတဲ့အချိုရည်များမကြာခဏ ဆီးသွားစေတာမို့ ဆီးလမ်းကြောင်းပိုးဝင်နေတဲ့အချိန်မှာ အဲဒီအရာတွေ အလွန်အမင်း သောက်သုံးခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။

၃။ ရေနွေးအိတ်ကပ်ပေးခြင်း ဆီးစပ်နေရာမှာ ရေနွေးအိတ်ကပ်ပေးခြင်းဖြင့် ဆီးအိမ်အောင့်ခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်းတို့ကို လျော့ကျစေမှာဖြစ်ပါတယ်။

ကာကွယ်ခြင်းဟာ ကုသခြင်းထက်ထိရောက်ပါတယ်။
သောက်ဆေးထိုးဆေးအပြင် လူနေ မှုစတိုင်ပြောင်းလဲပေးခြင်းဟာလည်း ဆီးလမ်းကြောင်း ပိုးဝင်မှုကို အထိုက်အလျှောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အဲဒါလေးတွေကတော့

၁။ အရည်များများ သောက်ပေးပါ။ ဆီးလမ်းကြောင်းဟာ ခန္ဓာကိုယ်က အညစ်အကြေးမှန်သမျှကို စွန့်ပစ်ရာ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အရည်များများသောက်ခြင်း အထူးသဖြင့် ရေများများသောက်ခြင်းဟာ ဆီးလမ်းကြောင်းကို သန့်စင်စေပြီး ပိုးဝင်ခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အခြားသော လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်များကိုလည်း သင့်မှာ အခြားကျန်းမာရေးပြသနာမရှိဘူးဆိုရင် သောက်သုံးနိုင်ပါတယ်။

၂။ ရေအိမ်တက်တဲ့အခါ ကျင်ကြီးကျင်ငယ်သွားပြီးလို့ သန့်စင်တဲ့အခါ ခန္ဓာကိုယ်အရှေ့ပိုင်းမှ အနောက်ဘက်ဆီသို့ သန့်စင်ခြင်းဟာ စအိုမှ ဘက်တီးရီးယားများ ဆီးလမ်းကြောင်းဘက်သို့ရောက်လာနိုင်မှုကို လျော့ကျစေတာမို့ ကောင်းတဲ့အကျင့်လေး တစ်ခုဖြစ်ပါတယ်။

၃။ ရေအိမ်အမြန်သွားပေးပါ။
သင့်အဖော်နဲ့ ကိစ္စပြီးဆုံးတဲ့အခါ အလျှင်အမြန်ဆီးသွားပေးခြင်းဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို အတန်အသင့် လျော့ကျစေပါမယ်။ ရေတစ်ခွက် သောက်ခြင်းဟာလည်း ဘက်တီးရီးယားတွေကို အတန်အသင့်ရှင်းလင်းပေး တယ်လို့ ဆိုပါတယ်။


၎။ အမျိုးသမီးသုံးပစ္စည်းအချို့
အချို့သော အမျိုးသမီးသုံး အမွေးအကြိုင်များနဲ့ အမျိုးသမီးသုံးပစ္စည်းအချို့ဟာ ဆီးပြွှန်ကို လှုံ့ဆော်ပေးတာကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ဖို့ အခွင့်အလမ်းကို ပိုဖြစ်စေပါတယ်။


ဒီဆောင်းပါးလေးဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို တစေ့တစောင်း သိနိုင်ဖို့ ရည်ရွယ်တာမို့ စာဖတ်သူအနေနဲ့ သတိထားသင့်တဲ့အချက်တွေကို သိရှိနိုင်မှာဖြစ်ပြီး သင့်ဆရာဝန်ဆီကိုသွားတဲ့အခါမှာလည်း သင့်အတွက် မေးစရာမေးခွန်းအချို့ အဆင်သင့်ရှိနေပြီလို့ ယူဆပါတယ်။ ဆေးပညာရဲ့ လျှို့ဝှက်ချက်အတိုင်း ဘယ်စာအုပ်ဘယ် ၀က်ဘ်ဆိုက်တ် ကမှ သင့်ဆရာဝန်နဲ့ အစားထိုးနိုင်မှာမဟုတ်တာမို့ သင့်ရဲ့မိသားစုဆရာဝန် ကို ရောဂါလက္ခဏာများကို ပွင့်ပွင့်လင်းလင်းဖွင့်ပြောတိုင်ပင်ဖို့ တိုက်တွန်းချင်ပါတယ်။

မူရင်း
1. Mayoclinicstaff. http://www.mayoclinic.com/health/urinary-tract-infection/DS00286. Mayoclinic; 2008; Available from: http://www.mayoclinic.com/health/urinary-tract-infection/DS00286.
2. ; Available from: http://en.wikipedia.org/wiki/Urinary_tract_infection.


မွန်းသက်ပန် (ဆေး ၁)
လောကအလှ အွန်လိုင်းမဂ္ဂဇင်း
၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်




ဆက်ဖတ်ရန်...

Sunday, February 21, 2010

လွမ်းတယ်မောင်

လွမ်းတယ်မောင်
တောတောင်တွေ ကာပြီးခြားခဲ့တဲ့အခါ
ပြောမ၀အောင် စကားတွေရှိခဲ့ရပြီ
အချိန်တွေသာ အချိန်တိုင်း ကုန်ဆုံးချင်လို့
ပြန်ဆုံနိုင်မဲ့ ရက်များ တွေးမိတိုင်းလည်း
လွမ်းတယ်မောင် …

မွန်းသက်ပန် (ဆေး -၁)

ဆက်ဖတ်ရန်...

မှတ်မှတ်ရရ လောကအလှ

၂ နှစ်ပြည့်ပြီလို့ အယ်ဒီတာ က ပြောလာတဲ့အခါ ကျမမွန်းသက်ပန် စိတ်ထဲကနေ ဟုတ်ရဲ့လား မမရယ်လို့ ပြန်ပြောဖြစ်ခဲ့ပါသေးတယ်။ သေချာပြန်စဉ်းစား ကြည့်တော့မှ အော် .. တကယ်ပါလားလို့ သတိရမိတယ်။ လူအင်အား အတော်နည်းနည်း အခက်အခဲများစွာနဲ့ အရွယ်နဲ့မလိုက်အောင် လောကဓံကို ကြံ့ကြံ့ခံပြီး လောကကို အလှဆင်ချင်တဲ့ အဲဒီနေရာကလေးက တကယ့်ကိုမေ့မရနိုင်တဲ့နေရာကလေးပါဘဲ။
အားလပ်တဲ့အချိန်တွေမှာ အွန်လိုင်းတက်ပြီး ချက်တင်ထိုင်ရမှာ ပျင်းတဲ့ ကျမကို လောကကြီးနဲ့ အဆက်အသွယ်မပြတ်အောင်၊ ကျမမသိသေးတဲ့ အွန်လိုင်းစာရေးသူတချို့ကို အင်တာဗျူးတွေကနေ တဆင့် ရင်းနှီးခွင့်ပေးတဲ့ လောကအလှ၊ ကျမမွန်းသက်ပန် ရဲ့ နှေးကွေးလွန်းတဲ့ မတောက်တခေါက် စာမူတွေကို စိတ်ရှည်လက်ရှည်စောင့်ယူ တတ်တဲ့ လောကအလှ…
အမြဲပဲကျေးဇူးတင်နေမှာပါ လောကအလှရယ်။
ဒီနှစ်နှစ်ပြည့် မှာတော့ ကလောင်ရှင်များရဲ့ အမှတ်တရ များထည့်သွင်းထားတာမို့ ခပ်ဆန်းဆန်းရယ်ပေါ့…

လေးစားလျှက်
မွန်းသက်ပန်

ဆက်ဖတ်ရန်...

Saturday, February 13, 2010

သျှောင်နောက် ဆံထုံးပါ

ဒီရက်တွေမှာ သူငယ်ချင်းတွေက Email ကတဆင့် Valentine’s Day အတွက် အဆင်သင့်ဖြစ်နေပြီလားလို့ မေးတဲ့အခါ စာအုပ်တွေကြားမှာ ခေါင်းခြောက်နေတဲ့ ကျမ ဖြေဖို့ရာ အတော်လေးခက်နေပြန်ပါတယ်။ အခုလည်း Valentine’s Day နီးခါမှ ဒီပိုစ့်တက်လာလို့ တမျိုးတော့ မထင်ပါနဲ့လေ။ လက်ရှိအလုပ်ကနေ ဆေးရုံကိုပြန်ပြောင်းခွင့်ရတာမို့ အလုပ်ရှိရာနောက်ကို သျှောင်နောက်ဆံထုံး ပါရမဲ့ ကျမမွန်းသက်ပန် တယောက် ပို့စ်တင်ဖို့ အတော်လေး ခက်နေဦးမှာပါ။



လေးစားလျှက်
မွန်းသက်ပန် (ဆေး -၁)

ဆက်ဖတ်ရန်...

Tuesday, February 09, 2010

ခဲ၊ သတ္ထု နှင့် ကလေးများ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု နှောင့်နှေးခြင်း

ကလေးတွေနဲ့ပတ်သတ်လို့ အကျိုးပြုပြီး ၊ ဆောင်းပါးအဖြစ်၂၀၀၉ခုနှစ် ဧပြီလ သံလွင်အိပ်မက် အတွဲ ၃ အမှတ် ၂ မှာ ဖော်ပြခြင်းခံရတဲ့ ဆရာကိုရဲဝင့်ဦးရဲ့ ဆောင်းပါးတစ်ခုကို ကျမမွန်းသက်ပန်ရဲ့ဘလော့ဂ် ကလေးမှာ သိမ်းထားရင်းနဲ့ သိချင်သူများကိုလည်း ဝေမျှချင်ပါတယ်။ ခွင့်ပြုချက်ပေးတဲ့ ဆရာကိုရဲဝင့်ဦး (ဇီဝကမ္မဗေဒ) ကိုလည်း အထူးကျေးဇူးတင်မိပါတယ်။
သူငယ်ချင်း တစ်ယောက် forward လုပ်လိုက်တဲ့ အီးမေးလ်ထဲကနေ မြန်မာ တိုင်းရင်းဆေး တချို့မှာ သတ္ထုဒြပ်တွေ ပါဝင်နေလို့ အပိတ်ခံရကြောင်းလေး ဖတ်နေရင်းပဲ သတ္ထုတွေရဲ့ အန္တရာယ်ကို တဆက်တည်း စဉ်းစားလိုက်မိတယ်။ တိုက်ဆိုင်စွာနဲ့ပဲ အပိတ်ခံရတဲ့ မြန်မာဆေးများမှာ ကလေးများအတွက် ထုတ်တဲ့ ဆေးတွေဆိုတော့ ပိုပြီး စိုးရိမ်လိုက်မိတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ သတ္ထုတွေရှိမှကို အလုပ်လုပ်နိုင်တဲ့ လုပ်ငန်းစဉ်တွေ အများကြီး ရှိပါတယ်။ ဒါကြောင့် သတ္ထုတွေက မရှိမဖြစ် အရေးပါတဲ့ လိုအပ်ချက် တစ်ခုပါ။ သို့ပေမယ့် သတ္ထုတိုင်းကတော့ ကျွန်တော်တို့ အတွက် လိုအပ်တာ မဟုတ်သလို ၊ ကောင်းကျိုးပြုတာလည်း မဟုတ်ပါဘူး ။ တချို့သော သတ္ထုဒြပ်တွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ကို ဆိုးကျိုးပြုစေတာကိုတောင် တွေ့ရပါတယ်။ သတ္ထုတွေကို ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကောင်းသော သတ္ထုများနှင့် မကောင်းသော သတ္ထုများလို့ ဆိုပြီး အကြမ်းဖျင်း ခွဲပြီး ပြောပါရစေ။


ဇင့်(zinc)၊ ကော့ပါး (copper) ၊ မက်ဂနိးစ်(magnese) စတဲ့ သတ္တုတွေကိုတော့ ကျွန်တော်တို့ ခန္ဓာကိုယ်က ဆဲလ်(cells) အများစုမှာ မရှိမဖြစ် လိုအပ်ပါတယ်။ ဒီသတ္ထုဒြပ်တွေတောင် လိုအပ်တဲ့ ပမာဏထက် ပိုလာရင် ဆိုးကျိုးပေးနိုင်တယ် ဆိုတာကို သတိချပ်သင့်ပါတယ်။ (Arsenic, cadmium, lead and mercury) တွေကိုတော့ ကျွန်တော်တို့ ခန္ဓာမှာ ပုံမှန်အားဖြင့် တွေ့ရလေ့မရှိပါဘူး။ ရှိလာပြီဆိုရင်လည်း အဆိပ်အတောက် ဖြစ်ဖို့ဆိုတာ သေချာပါတယ်။ အဲဒီလိုပုံမှန်မဟုတ်တဲ့ သတ္ထုတွေ ခန္ဓာကိုယ်မှာ ရှိနေခြင်းက ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အခြား သတ္ထုဒြပ်တွေကို အစာအိမ်နဲ့ အူလမ်းကြောင်းက တဆင့် စုပ်ယူရာမှာပါ နှောင့်နှေးစေသလို ကျွန်တော်တို့ ခန္ဓာအတွက် အကျိုးဖြစ် သတ္ထုတွေကပေးတဲ့ ကောင်းမွန်တဲ့ ဇီဝဖြစ်စဉ်မှာလည်း ၀င်ရောက်နှောင့်ယှက်တာကို တွေ့ရတတ်ပါတယ်။ အဲ့ဒီအတွက် ကလေးတွေမှာ အထူးသဖြင့် ဖွံ.ဖြိုး ကြီးထွားမှု့ကို ဆိုးရွားစွာ ထိခိုက်စေတာ တွေ့ရပါတယ်။ ဖွံ့ဖြိုးမှုဆိုရာမှာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဆိုပြီး နှစ်ပိုင်းခွဲပြီး ပြောဖို့ လိုပါတယ်။ ဒီသတ္ထုဒြပ်တွေထဲက တစ်ချို့သော သတ္တုတွေဟာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။ ဥပမာ ပြောရရင် ခဲ(lead) ဆိုရင် ခဏတာ ကိုယ်ခန္ဓာအတွက် တကယ် လိုအပ်တဲ့ ဒြပ်သတ္ထုတွေကို ကုန်ခမ်းစေတယ်။ ဇင့်ဓာတ် ကုန်ခမ်းခြင်း (zinc depletion)လိုမျိုးပေါ့။ အဲဒါ့အပြင် ခဲတွေဟာ ဦးနှောက်နဲ့ အာရုံကြော အဖွဲ့အစည်းမှာ အလုပ်လုပ်တဲ့ အင်ဇိုင်းဓာတ်တွေကိုပါ တားဆီိးပါတယ်။ ဒါတွေဟာ ကလေးတွေမှာ ဥာဏ်ရည်နိမ့်ကျမှုတွေ ဖြစ်လာစေတဲ့ အကြောင်းပါပဲ။ ဒါ့အပြင် ကလေးတွေကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေပါ ဆက်စပ်နေတာကို ရှာဖွေ တွေ့ရှိထားပါတယ်။ အင်္ဂလန်နိုင်ငံ တက္ကသိုလ် တစ်ခုက ဓာတုဗေဒ ပညာရှင် Professor Neil Ward ကတော့ အချို့သော သတ္ထုဓာတ်တွေဟာ အနည်းငယ်မျှသော ပမာဏနဲ့တောင် အပြုအမူပိုင်းဆိုင်ရာမှာ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေတယ်လို့ဆိုပါတယ်။ ပုံမှန်အားဖြင့် ဆိုရင်တော့ သွေးထဲမှာ ခဲပမာဏဟာ 6ug/dlထက် မများရပါဘူး။ အဲဒီ ပမာဏထက် ကျော်တဲ့သူတွေမှာ ပမာဏ များသည်နှင့်အမျှ မူးဝေခြင်းလောက်ကနေ မေ့မျောခြင်း(coma)လိုမျိုးတွေ အထိဖြစ်နိုင်ပြီး အသက်ကိုတောင် ဆုံးရှုံးနိုင်ပါတယ်။

ဘာကြောင့် ခဲဆိပ်သင့် ရပါသလဲ။

ဖလူအိုရိုက်ဒ် Fluoride ပါတဲ့ ရေဟာ ခဲဆိပ်သင့်ခြင်းရဲ့ အဓိက အကြောင်းအရာပါပဲ။ ခဲတွေဟာ ခန္ဓာကိုယ်ထဲမှာ ဇင့်ရဲ့ နေရာကို ယူဖို့ ကြိုးစားနေတဲ့ သတ္ထုတစ်ခုဖြစ်တာမို့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ခဲရဲ့ပမာဏ 6ug/dl ထက်ပိုလာတာနဲ့ ဇင့်ရဲ့ လုပ်ငန်းစဉ်ကို နှောင့်ယှက်ဖို့ လုံလောက်တဲ့ အခြေအနေရောက်နေပြီ ဖြစ်ပါတယ်။ ဇင့်တွေဟာ ဦးနှောက် ဆဲလ်တွေ ဖွံ့ ဖြိုးမှု့မှာ ပါဝင်သူတွေဖြစ်တဲ့ အတွက် ဇင့် များကို ဖယ်ထုတ်လိုက်ခြင်းဟာ ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ ဖြိုးမှုတွေကို နှေးကွေးလာစေပါတယ်။ ထူးခြားချက် တစ်ခုကတော့ vitamin C နဲ့ D ပမာဏ နည်းတဲ့ ကလေး တွေမှာတော့ ခဲတွေ ပိုမိုပြီး စုဝေးနိုင်တာကို တွေ့ရတာပါဘဲ။

ဘယ်လိုကာကွယ်ကြမလဲ။

ရေကလာတဲ့ ခဲတွေကိုတော့ ရေကို သန့်စင်တဲ့ စနစ်တစ်ခုထားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ကလေးရှိတဲ့ အိမ်တွေအတွက် လိုက်နာသင့် တဲ့ အကျင့်ကောင်း တစ်ခု ပါပဲ။ အခြားအခြေခံ ကျန်းမာရေး အသိလေးတွေကလည်း အထောက်အကူ ပြုနိုင်ပါတယ်။ ဥပမာ ဆိုရရတော့…
(၁) အစာ မစားခင်လက်ကို စင်ကြယ်အောင်ဆေးခြင်း။
(၂) မသန့် ရှင်းတဲ့ နေရာတွေမှာ စားသောက်ခြင်းကို ရှောင်ကြဉ်ခြင်း။
(၃) လုပ်ငန်းခွင်မှာ သီးသန့် အ၀တ်အစား ကို အသုံးပြုခြင်း။
(၄) လုပ်ငန်းခွင်သုံး အ၀တ်အစားများကို သီးသန့် လျှော်ဖွပ်ခြင်း တို့ဖြစ်ပါတယ်။

ခဲနှင့် ထိတွေ့နိုင်သော လုပ်ငန်းခွင်များ (ဥပမာ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဆေးသုတ်သမားများ၊ စတီးလ် အလုပ်သမားများ)မှာ အလုပ်လုပ်သူများဆိုရင် လုပ်ငန်းခွင် အပြီးတွင် သေချာစွာ ရေချိုး သန့်စင်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် လေ၀င်လေထွက်ကောင်းမွန်တဲ့ နေရာများမှာ နေထိုင်ခြင်းကလည်း ခဲဆိပ်သင့်ခြင်းကို ကာကွယ်ရာမှာ အထောက်အကူ ပြုတာကို တွေ့ရပါတယ်။ အမှန်တကယ်တော့ ခဲကို ထိတွေ့နိုင်တဲ့ နေရာတွေက အများကြီးပါပဲ။ အကောင်းဆုံးကတော့ အပြင်ထွက်တော့မယ်ဆိုရင် လက်အိတ်ခြေအိတ်များ မျက်နှာအကာများ သုံးခြင်းတွေပါပဲ။ ဒါပေမယ့်လည်း တကယ့် လက်တွေ့မှာတော့ လက်အိတ်တွေ ခြေအိတ်တွေရယ် မျက်နှာ အကာအကွယ်တွေနဲ့ တချိန်လုံးနေဖို့ဆိုတာက နဲနဲတော့ ခဲယဉ်းပါတယ်။ ခဲတွေကလည်း နေရာမျိုး ၀င်လာနိုင်တာဆိုတော့ …အင်း ခဲတွေ ကျွန်တော်တို့ဆီကို ၀င်လာမှာကတော့ သေချာနေပြီ။ ဆိုတော့ကာ နောက်တဆင့် အနေနဲ့ …

ခဲဆိပ်တွေကို ဘယ်လို စွန့်ထုတ်ကြမလဲ။

အဆိပ်များကို ဖြေဖျောက်ခြင်းကို အဓိက လုပ်ဆောင်တာကတော့ အသည်းပါဘဲ။ သို့ပေမယ့် တစ်ကိုယ်လုံးမှာရှိတဲ့ ဆဲလ် အားလုံး ဟာ အဆိပ်များ အညစ်အကြေးများကို စွန့်ထုတ်နိုင်ကြပါတယ်။ တကယ်ဆိုရင် သူတို့ ကိုယ်တိုင်လည်း အသက်ရှင်မှု လုပ်ငန်းစဉ်များကို လုပ်ဆောင်ရာမှ စွန့်ပစ်ပစ္စည်းများ (waste products)ကို ထုတ်လုပ်ပါတယ်။ ဒါကြောင့် ဆဲလ်တိုင်းဟာ စွန့်ပစ်တဲ့ လုပ်ငန်းကို လုပ်ဆောင်နိုင်ကြပါတယ်။ သို့သော် အားလုံး သိတဲ့အတိုင်းပဲ ဆဲလ်လေးတွေဟာ အစာ အာဟာရကောင်းစွာရမှသာ သူတို့ရဲ့ လုပ်ငန်းတွေကို ကောင်းစွာ လုပ်ဆောင်နိုင်ကြပါတယ်။ ဒါကြောင့် ကောင်းမွန်မျှတတဲ့ အစားအစာတွေကို စားသောက်ခြင်းဟာလည်း ခဲဆိပ်တွေကို စွန့်ထုတ်ပစ်နိုင်မယ့် နည်းလမ်း တစ်သွယ်ဆိုရင် မမှားပါဘူး။

ခဲဆိပ်သင့်ရင် ဘာတွေခံစားရမလဲ။
၁။ ဗိုက်နာမယ်။
၂။ ကြွက်သားတွေ အားနည်းမယ်။
၃။ မောပန်းမယ်။
၎။ ၀မ်းချုပ်မယ်။
၅။ ခေါင်းကိုက်မယ်။
၆။ ခဲဆိပ်ကို ဆိုးဝါးစွာ သင့်သောသူတွေ ဆိုရင်တော့ အာရုံကြောနဲ့ ဆိုင်တဲ့ ဝေဒနာတွေပါ ခံစားရနိုင်တယ်။
နောက်ဆုံးမှာ အသက်ကို အန္တရာယ် ပြုနိုင်တယ်လို့ဆိုရပါမယ်။

ကုသခြင်း ။

ခဲ ကို ဖယ်ထုတ်နိုင်တဲ့ ဆေးလေးတွေရှိပါတယ်။
၁. Calcium disodium (EDTA)
၂. Succimer (DMSA) စတာတွေပဲဖြစ်ပါတယ်။ ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုလို့ ထိရောက်တာကြောင့် ခဲဆိပ်မတက်အောင် ကာကွယ်တာဟာ သင့်တော်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

အကိုးအကား
၁.http://www.healthscout.com/ency/68/287/main.html#CausesandRiskFactorsofLeadPoisoning
၂. http://articles.mercola.com/sites/articles/archive/2009/04/14/How-Metals-in-Food-Affect-Your-Childs-Behavior.aspx
၃. Lecture notes from Master of Medical physiology course, Mahidol University, BKK, Thailand

ဆက်ဖတ်ရန်...

ဖေဖေက သူမကို နေတစ်စင်းဖြစ်စေချင်ခဲ့ပေမယ့် သူမကတော့ ဖေဖေ့ကြောင့်လင်းတဲ့ လတစ်စင်းပဲ ဖြစ်ချင်ခဲ့တယ်။

 

© 2007 IngridGrey By Arephyz