Saturday, August 14, 2010

ပိတ်ရက်များ

ကျမမွန်းသက်ပန်ရဲ့ ကျန်းမာရေးအခြေအနေတစ်ခုကြောင့် နှေးကွေးလွန်းလှတဲ့ ကျမဘလော့ဂ်ကလေးမှာ စာတွေတင်တာ ပိုနှေးမှာမို့ အားလုံးကိုအကြောင်းကြားချင်ပါတယ်။
အီးမေးလ်များနဲ့ ကျန်းမာရေးအကြောင်း သိချင်တာများ မေးလေ့ရှိတဲ့ ကျမသူငယ်ချင်းများနဲ့ စာဖတ်သူများကိုလည်း ဒီလပိုင်းတွေမှာ စာပြန်နိုင်ဖို့ မသေချာတာမို့ ဒီနေရာကနေဘဲ တောင်းပန်ချင်ပါတယ်။


သန်းခေါင်ထက် မနက်နိုင်တော့တဲ့ အချိန်
ငတ်မွတ်ခြင်းတွေနဲ့ ခရီးထွက်ခဲ့ပြီ
နွမ်းနွမ်းလျလျ လွမ်းတယ်
အဲဒီနေရာက အရင်လိုမှောင်ပိန်းနေပေမယ့်
လင်းလက်တဲ့ အမေ့မေတ္တာတွေထွန်းလင်းဆဲတဲ့
ခမ်းနားတဲ့ အဖေ့သြဇာတွေ လွှမ်းမိုးဆဲတဲ့

ကျေးဇူးတင်လျှက်
မွန်းသက်ပန် (ဆေး ၁)

ဆက်ဖတ်ရန်...

Sunday, July 18, 2010

အမှတ်တရ ဇွန်လ


တနင်္လာနေ့မို့ ဆေးရုံမှာအတော်လေး အလုပ်ရှုပ်နေတဲ့ကျမကို ကုတင်နံပတ် ၁၃ က ကင်ဆာရောဂါနဲ့ နောက်ဆုံးနေ့ကို စောင့်နေတဲ့ အဖိုးအိုက သူ့ဆီမှာ တနယ်တကျေးမှာ ကျောင်းဆရာမလေးအဖြစ် အလုပ်လုပ်နေတဲ့ သမီးတစ်ယောက်ရှိကြောင်းနဲ့ တစ်ခုသောမနက်ဖန်မှာ သူ့ဆီကို လာမှာဖြစ်ကြောင်း ကျမကို ၀ံ့ဝံ့ကြွားကြွား ပြောလာခဲ့ပါတယ်။
ပိန်လှီချုံးကျနေတဲ့ အဖိုးအိုလက်ကို ဆုပ်ကိုင်ရင်း

ကျွန်မဆီမှာလည်း ကျွန်မကို နားလည်တတ်တဲ့ အဖေတယောက်ရှိကြောင်း ပြန်ပြောရင်း ဘယ်သူမှ စောင့်မျှော်မနေတဲ့ အိမ်ကလေးဆီကို ပြန်လာဖြစ်တော့ ညဉ့်ကအတော်လေး မှောင်ခဲပါ့ပြီ။ မြူတွေဆိုင်းနေတဲ့ တောနယ်တနေရာက ကျွန်မဖုန်းကလေးကိုစစ်ကြည့်ပြန်တော့ Only emergency call ဆိုတဲ့ စာသားကလေးတွေကဘဲ ကျမအတွက်အဖော်ဖြစ်ခဲ့တယ်မဟုတ်လား။ အဲဒီနေ့က ဖေဖေ့မွေးနေ့လေ။

အကြောင်းအမျိုးမျိုးကြောင့် ပိုစ့်မတင်နိုင်ဖြစ်ခဲ့တဲ့ ဇွန်လ ၂၈ရက်နေ့ ကျွန်မဖေဖေရဲ့ မွေးနေ့လေး အမှတ်တရပါ။
မွန်းသက်ပန် (ဆေး ၁)

ဆက်ဖတ်ရန်...

Sunday, July 11, 2010

ရင်ကို ပူစေသော


ဘာရယ်တော့မဟုတ်ပါဘူး ။ တစ်ခါတစ်ခါ ကျွန်မတို့ အမှတ်မထင်မိတာလေးတွေက ကျွန်မတို့ရဲ့ ပုံမှန်လည်ပတ်နေတဲ့ တစ်နေ့တာတွေကို ပျက်ပြားစေတတ်လို့ပါ။

ရင်ပူခြင်း ရင်ခေါင်းအောင့်ခြင်း စတာတွေဟာ အစာအိမ်ယောင်ခြင်း၊
အစာအိမ်နာနဲ့ အစာမျိုပြွန်မှ ကြွက်သားများ မလုံမှုကြောင့် အက်ဆစ်များ
အပေါ်သို့ပြန်တက်လာတဲ့ ရောဂါမျိုးမှာ ခံစားတဲ့ဝေဒနာတစ်ခုပါဘဲ။
လူတိုင်းဖြစ်နိုင်တယ်လို့ မပြောလိုပေမယ့် နဂိုက အစာအိမ်ရောဂါ အခံရှိသူ တွေမှာ အစားအစာ မဆင်ချင်မိတဲ့အခါ ဖြစ်တတ်တာတွေမို့ အမှတ်တရ ရှိစေချင်ရုံသဘောမျိုးပါ။

သင့်မှာ အစာအိမ်နဲ့ပတ်သတ်ပြီး ရောဂါအခံရှိခဲ့မယ်ဆိုရင် သင့်အစာအိမ်ကို
သက်သက်သာသာ အလုပ်လုပ်ခိုင်းတာဟာ အကောင်းဆုံး နည်းလမ်းဖြစ်ပါလိမ့်မယ်။ အဲဒါတွေကတော့...
၁။ သင့်ကိုယ်သင် ကလေးလို့ သဘောထားပါ။

စားသောက်ဆိုင်အတော်များများမှာ ကလေးတွေအတွက် စီမံထားတဲ့ စားပွဲအရွယ်အစား ရှိတာမို့ သင့်အနေနဲ့အလွယ်တကူ မှာယူ စားသောက်နိုင် မှာပါ။ ကလေးစာ ဆိုပေမယ့် လူအတော်များများအတွက် လုံလောက်တဲ့ အစားအစာပါလို့ ဒေါက်တာ Agrawl က ဆိုထားပါတယ်။ တချို့သော သူတွေမှာ အစားအစာပမာဏကို လျှော့ချခြင်းအားဖြင့်
ရင်ပူစေတဲ့ ဝေဒနာမှ ကင်းဝေးနိုင်မှာဖြစ်ပါတယ်။

၂။ လောဘမကြီးပါနဲ့။

အားနာစာနဲ့နှမျောစာ ရှောင်ပါလို့ ဆိုတဲ့အတိုင်း ကြိုက်လို့၊ နှမျောလို့
စသည်ဖြင့် စားမိတဲ့အခါ သင့်ရင်ကိုပူလောင်စေမှာ အမှန်ပါဘဲ။ အစားအစာကို တစ်ကြိမ်တည်း အများအပြားစားမိတဲ့အခါ နောင်မှာ အစာအိမ်အချဉ်ဓာတ် တက်လာတတ်တာမို့ ကောင်းတဲ့အကျင့် မဟုတ်ဘူးဆိုတာ သင်သတိထားမိဖို့ပါပဲ။ မစားနိုင်တော့ နှမျောစရာမို့ ဘာလုပ်မလဲလို့ သင့်ကိုယ်သင် စောဒကတက်တဲ့အခါ ဘယ်လိုစဉ်းစားမလဲ။ သင့်ရဲ့ နောက်တစ်နပ်စာအတွက် ချန်ထားမယ်လို့ သဘောထားပြီး
အိမ်ကိုသယ်သွားလိုက်ပါလေ။ ပုပ်သိုး သွားနိုင်ပေမယ့် သင့်မှာ
ရင်ပူခြင်းကင်းဝေးနိုင်မှာအမှန်ပါ။

၃။ ရှောင်သင့်တာလေးတွေ

စားသောက်ဆိုင်ရွေးချယ်တဲ့အခါ အသင့်ပြင်ထားတဲ့ အစားအစာတွေ ချည်းမဟုတ်ဘဲ သင်ကြိုက်တဲ့အစားအစာတွေကို စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ ဆိုင်ကို သွားဖို့ အရေးကြီးပြန်ပါတယ်။ သင့်ရင်ကို ပူစေမယ့် အဓိကအစားအစာနှစ်မျိုးကတော့ ကြက်သွန်နဲ့ အချဉ်ရည်ပဲဖြစ်ပါတယ်။ ရင်ပူတဲ့ဝေဒနာမှ ကင်းဝေးစေချင်တယ်ဆိုရင်တော့ ဒါလေးတွေ ရှောင်စေချင်တာပေါ့လေ။

၎။ ပြင်ဆင်ပုံပြင်ဆင်နည်း

အဆီများများ ပါတဲ့ အစားအစာတွေကိုရှောင်နိုင်တာက သင့်ရင်ကိုပူလောင်ခြင်းမှ ကင်းဝေးစေမှာပါ။ ဒါကြောင့် French fries ၊ ကြက်ကြော်၊ ငါးကြော် စတဲ့အကြော်တွေကို လျော့စားပြီး အဆီနည်းနည်းဖြင့် စက်ဖြင့် ကင်တဲ့ အသားများကို စားသုံးခြင်းဟာ သင့်ရင်ကိုပူလောင်မှု လျော့ကျစေမှာပါ။ ဒီနေရာမှာ မီးသွေးနဲ့ကင်တဲ့အကင်တွေမှာ လူကိုဒုက္ခပေးစေတာကိုလည်း သတိထားမိစေချင်ပါတယ်။

၅။ အသီးအရွက်

စားသောက်ဆိုင်အတော်များများမှာ အသီးအရွက်သုပ်များ ရနိုင်တာမို့ အချဉ်ဓာတ်၊ အဆီ နဲ့အစပ်လွန်ကဲတဲ့ အသီးအရွက်သုပ်တွေမဖြစ်စေဖို့
သင်တစေ့တစောင်းကြည့်ပြီးတဲ့အခါ စားသုံးနို်င်မှာဖြစ်ပါတယ်။
ဒီနေရာမှာတော့ ကာလံဒေသံအလိုက် ချင့်ချိန်ဖို့ လိုတယ်လို့ ဖြည့်စွက် ပြောချင်ပါတယ်။

ဒါကြောင့် ဘာရယ်တော့မဟုတ်ပါဘူး။ ရင်ပူလောင်တဲ့ ဝေဒနာ ခံစားနေရတဲ့ သူတွေအတွက် နေ့စဉ်လုပ်နေကျ အကျင့်လေးတွေဖြစ်ပေမယ့်
မေ့လျော့မိတဲ့အခါ မခံချိမခံသာ ဖြစ်စေမဲ့ အကြောင်းခံလေးတွေမို့ပါ။


မွန်းသက်ပန် (ဆေး -၁)
လောကအလှ အွန်လိုင်း မဂ္ဂဇင်း
၂၀၁၀ ခုနှစ် ဇွန်လ ၁၃ ရက်

ဆက်ဖတ်ရန်...

Monday, June 14, 2010

ဆောင်းည ဒဏ်ရာ

၂၀၁၀ခုနှစ် ဇွန်လထုတ် စရဏမဂ္ဂဇင်းမှာ ဖော်ပြခြင်းခံရတဲ့ မွန်းသက်ပန်ရဲ့ ၀တ္ထုတို တစ်ပုဒ်ပါ။

နှင်းမှုန်ဖြူဖြူတွေနှင့် ဆောင်းမနက်ခင်းတစ်ခုကို သူမရဲ့ အိပ်မပျော်တဲ့ ညနဲ့အတူ ထိုင်စောင့် နေတော့ ကြောက်စိတ်ကလေး ကလည်း အခန်းထောင့် တနေရာမှာ သူမတို့နှင့်အတူ မခွဲမခွာ ရှိနေပေးဆဲ။ ဟုတ်ပါတယ်။ အဲဒီ ဒီဇင်ဘာရဲ့ ဆောင်းည အေးအေးတွေကို သူမကြောက်တယ်။ အထူးသဖြင့် နှစ်သစ်ကူးခါနီး တစ်ရက်အလိုလောက်က မြူးမြူးကြွကြွ ညတွေကိုပေါ့…။
သက်ပြင်းမျဉ်းမျဉ်းချကာ ပါးစပ်မှ အာငွေ့များကို မှုတ်ထုတ်လိုက်တော့ … “အဲဒီကလေးဆန်ဆန်အမူအရာ တချို့ကို သဘောကျခဲ့တာ” ဟု ဆောင်းမနက်တစ်ခုမှာ ပြောခဲ့သူတစ်ယောက်ကို သတိရမိပြန်သည်။ စူးကနဲနာကျင်လာသည့် ရင်ဝဆီသို့ လက်မနှင့် လှမ်းထောက်ထားရင်း သူမရဲ့ တစ်ခုတည်းသော ဆင်ခြေကိုသာ ရွတ်ဆိုမိပြန်သည်။
“ညီမလေးက ဘယ်တုန်းကများ လူကြီးဆန်ခဲ့လို့လဲ ကိုရယ်...။”

သူမ တမြတ်တနိုးခေါ်ခဲ့ဖူးသည့် နာမ်စားတချို့ကို သတိရမိပြန်တော့ အတိတ်ကအရိပ်တွေက သူမ မခေါ်ပဲ ရောက်လာကြပြန်သည်။ တကယ်ဆို အတိတ်အချိန်တွေထဲမှာ ကာလအတန်ကြာ စကားများ ပြတ်ဆဲခဲ့ကြတုန်းက သူမကိုယ်တိုင်ကလည်း ဘာလို့များ သူ့ကို အဆက်အသွယ်မလုပ်ဘဲ စာတွေသာတွင်တွင် ဖတ်နေခဲ့မိပါလိမ့် လို့ တွေးမိပြန်သည်။
အဲဒီအကျင့်တွေကပဲ သူမကို ဆရာဝန် တစ်ယောက်ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သလို အဲဒီအကျင့် ကလေးတွေကဘဲ အထီးကျန် မာနကြီးသူ တစ်ယောက်အဖြစ် နံမည်တွင် စေခဲ့ရော့သလား။
ကိုယ်ပိုင်လူမှုရေး ကိစ္စတွေကို မေ့ပျောက်ထားပြီး လူနာတွေကြားမှာ အချိန်အတော်များများကို နစ်မြှုပ်စေခဲ့ခြင်းဟာ လူတစ်ယောက်ကို ခဏတာမေ့လျော့စေဖို့ အကောင်းဆုံး ဆွဲဆောင်ချက်လား ဒါမှမဟုတ် စေတနာ ဆရာမလေးအဖြစ် ရပ်တည်နိုင်ဖို့ လမ်းစတွေ များလား။ အဲဒါတွေကပဲ သူမကို အထီးကျန်ကျန် ဆန်စေရောသလား။
သူမ ကိုယ်တိုင်မသိနိုင်ခဲ့တဲ့ မေးခွန်းတွေနဲ့ သူမဘ၀ နစ်မြှုပ်စေခဲ့တာ ကြာခဲ့ပြီထင်ပါရဲ့။
ဒါဆိုလည်း အဲဒီ ပြတ်တောင်းမှုတွေကို ဘာလို့များ သူမ ထိန်းမထားခဲ့မိပါလိမ့်။ ခံပြင်းချက်တစ်ချို့နှင့် သူမကိုယ်သူမ အပြစ်တင်မိပြန်တော့ ခပ်ဖျော့ဖျော့ တိုးထွက်လာတဲ့ သူမနှလုံးသားမှ အသံတစ်ချို့က လွဲလို့ တခြားမရှိခဲ့ဖြစ်ပါ။
“ချစ်လို့ပေါ့ … ရှင်ရယ်။ ”
ပြတ်တောက်ခြင်းတွေနောက်မှ သတိတရ ဖုန်းဆက်ခြင်းက သူမကို မှားယွင်းမှုတစ်ခု ပေးစေတယ်ဆိုတာ သူမ ဘာလို့များ မသိခဲ့ပါလိမ့်…။
“+13x0x0x0x0x….”
ဖုန်းနံပါတ်ကလေး တစ်ခုကို နှုတ်ကရွတ်မိတော့ သူမနှင့် သူစကားပြောဖြစ်ခဲ့ကြတဲ့ အဖြစ်တွေ က မနေ့တနေ့ကလိုလို။ အလုပ် ကိစ္စကလွဲလို့ အပြင်ဖုန်းတွေ သိပ်ဆက်လေ့ ဆက်ထမရှိတဲ့ သူမအဖို့ ကိုယ်ရေးကိုယ်တာနဲ့ ဆိုင်တဲ့ ဖုန်းနံပတ်တစ်ခုကို သတိတရရှိဖြစ်နေတာ သိပ်တော့ မထူးဆန်းခဲ့ဘူးဆိုပေမယ့် သူမအိမ်ကို ဖုန်းဆက်ပြီးတိုင်း အဲဒီဖုန်းနံပတ်ကလေးကိုပါ နှိပ်ချင်ခဲ့တဲ့ ဆန္ဒတွေအကြောင်း သူမရဲ့ တိုးတိုးဖော် သူငယ်ချင်းမ ကိုရင်ဖွင့်ဖြစ်တော့ သူမကို အဖြစ်သည်းလွန်းတယ်လို့ ဆိုခံခဲ့ရဖူးတယ်မဟုတ်လား။ ထိုဆန္ဒတို့နှင့် ဆန့်ကျင်စွာ ဖုန်းခေါ်ဖို့ နှောင့်နှေးခဲ့တာ မဟုတ်ပေမယ့် ဖုန်းနံပတ်နှိပ်ပြီး ပြန်ချဖြစ်ခဲ့သည့် အကြိမ်ပေါင်းများ စွာတွေကိုတော့ သူမရဲ့ အားငယ်ခြင်း ပင်ကိုယ်စိတ်ခံ တစ်ချို့နှင့် အတူလျှို့ဝှက်ထား ချင်မိခဲ့ပါသည်။
ဆိတ်ငြိမ်တဲ့ တိတ်ဆိတ်ခြင်းတိုင်းရဲ့ နောက်ကွယ်မှာ ပြောင်းလဲမှုတွေ ရှိတယ်ဆိုတာ သူမ သိခဲ့ပေမယ့် သူမနှလုံးသားကို သူမ မပြောင်းလဲနိုင်ခဲ့ဘူးဆိုတာ မေ့နေခဲ့တဲ့အခါ သူမနှလုံးသားကို သူမကိုယ်တိုင် မှားယွင်းစွာ ကျူးလွန်ခဲ့မိတာလည်း အဲဒီ ဆောင်းရက်တွေမှာပဲ မဟုတ်လား။ တကယ်ဆို… တကယ်ချစ်ကြတယ် ဆိုတာကိုသာ စောစောက နားလည်ခဲ့မယ်ဆိုရင် သူမကိုယ်တိုင်လည်း ဆက်သွယ် သင့်သလို အခုအချိန် ဆိုလည်း သူမဘ၀လေး မိသားစုတစ်ခုအဖြစ် ပျော်နေနိုင်မှာ သေချာနိုင်ပါရဲ့။
ဒါပေမယ့် သူမကိုယ်သူမ ပြန်မတောင်းပန် ချင်ပါဘူး။
အဲဒီလိုပဲ နောင်တလည်း သူမ မရချင်ဘူး။
မှတ်မိသလောက် မညာတမ်းဝန်ခံရရင် ပထမဆုံးအကြိမ် သူ့ဆီကို ပြန်ဖုန်းဆက်ခဲ့စဉ်က သူမ နှုတ်ခမ်းသားမို့မို့တွေ တဆတ်ဆတ် တုန်နေခဲ့သလို သူမရဲ့ သွယ်လျှလျှ လက်ကလေးတွေလည်း တုန်ယင်နေခဲ့တာဘဲလေ။
အေးစက်တဲ့ လေသံတစ်ခုနဲ့ နောင်မှ ပြန်ဆက်မယ်လို့ ဆိုလာတဲ့အခါ သူမ တောင်းပန်တိုးလျှိုးဖြစ်ခဲ့ရင်း နောင်ရက်တွေမှာ ဖုန်းဆက်ဖို့ အားတုန့်အားနာမှုတစ်ခုနဲ့ ဖုန်းသံတွေပဲ ရက်ဆက်မျှော်နေခဲ့မိတာကများ သူမသိပ်ကို ခေတ်နောက်ကျနေရော့သလား၊ ဒါမှမဟုတ် အပြုသဘော ဆန်လွန်းနေရော့သလား။ ခွဲခန်းတစ်နေရာက စိတ်ဖိစီးတဲ့ ရုန်းကန်မှုတွေနဲ့ နွမ်းနွမ်းလျှလျှအိမ်ပြန်ခဲ့တဲ့ သူမဟာ ဖုန်းသံတိတ်နေသူကို သမရိုးကျ အလုပ်ရှုပ်နေသူလို့ ထင်မိခဲ့တာကရော…။
တဘက်သတ်ဆန်ဆန် အတွေးတွေ ၀င်လာပြန်တော့ သူမခေါင်းကို တွင်တွင်ခါမိပြန်သည်။ သူနှင့် ပတ်သတ်လာလျှင် သူ့အခက်အခဲများကို မသိစိတ်မှ တိတ်တဆိတ် နားထောင်ချင်ခဲ့ခြင်းကို မရပ်တန့်နိုင်တာ လက်ရှိအချိန် ထိတိုင်ပဲ ဖြစ်မည်ထင်သည်။ တကယ်မချစ်ခဲ့ဘူး ဟုဆိုသော စကားလုံးတွေကို လက်မခံနိုင်သေးသ၍ သူမကတော့ ပြန်မဆုံချင်သည့်တိုင် သူ့အား နားလည်ချင်နေမိသည်။
ဆောင်းည လေအေးက သူမရပ်နေရာ ပြတင်းနားမှ ဖြတ်တိုက်သွားပြန်တော့ ၀တ်ထားသည့် အပေါ်ခြုံ အကျီခပ်ပွပွကို ကိုယ်ရှေ့ပိုင်းသို့ ဆွဲယူလိုက်ကာ အခန်းထဲမှ မီးဖိုရှေ့ကိုပြောင်းထိုင်ရင်း အလင်းရောင်လာမည့် တောင်စောင်းတနေရာကို ငေးကြည့်နေဖြစ်လိုက်သည်။
စားပွဲပေါ်က သူမဟန်းဖုန်း အနက်ကလေးကို မြင်လိုက်မိတော့ အတိတ်ကာလမှ ဖုန်းသံခပ်လွင်လွင်က သူမနှလုံးသားကို နာနာကျင်ကျင် ရိုက်ခတ်လာပြန်သည်။
“ကျန်းမာရေး ဂရုစိုက်နော် ညီမလေး၊ ကို… ဖြစ်စေချင်တဲ့ ဆရာဝန်ကောင်းတစ်ယောက် ဖြစ်အောင် လည်းကြိုးစား၊ ဟုတ်လား ”
ဖုန်းထဲမှ အဲဒီအသံ ခပ်သြသြရှရှတို့က သူမအချိန်တော်တော်ကြာ ငတ်မွတ်နေခဲ့သည့် သူမချစ်ခဲ့ဖူးသူ တယောက်၏ ထုံးစံအတိုင်း သူမအား ညှို့ငင်အားကောင်းစွာ ဆွဲဆောင်ခဲ့တာတော့ အမှန်။ အဲဒီအချိန်တုန်းကတော့ “ဟုတ်ကဲ့ ကို ” ဆိုသည့် စကားကလွဲလို့ သူမ ဘာမှပြန်မပြောနိုင်ခဲ့အောင် သူမနှုတ်ဆွံ့ ခဲ့ရသည်လေ။ အကယ်၍များ ပထမဦးဆုံးအကြိမ် သူပြန်ဆက်သွယ်ခဲ့တဲ့ အဲဒီညနေက သူ့ရဲ့ မင်္ဂလာပွဲအတွက် အလုပ်ရှုပ်နေခဲ့သည့် ညနေခင်းတွေထဲက တစ်ခုဆိုတာ သူမ သိခဲ့ပါလျှင် အဲဒီဖုန်းကလေးကို သူမ ကိုင်ခဲ့ပါမည်လား။
“ဟင့်အင်း ။ ”
ငြင်းဆိုချက်မဟုတ်တဲ့ မသိခြင်းတွေက သူမခေါင်းတစ်ခုလုံးကို မူးဝေစေတော့ သူမမျက်နှာငုံ့ဟာ ခပ်အုပ်အုပ် ငိုရှိုက်လိုက်မိသည်။ ကလေးတစ်ယောက်လို ငိုချင်နေမိတဲ့ သူမကို ဆရာဝန်မကြီးဖြစ်နေပေမယ့် ကလေးဆန်ချင်တုန်းလို့ သူ ဆိုချင်ဦးမှာလား ။
ဒါဆိုလည်း ညီမလေးက ဘယ်တုန်းကများ လူကြီးဆန်ခဲ့လို့လဲ ... လို့ သူမပြောခဲ့ဖူးသော စကားများကိုသာ ထပ်ခါတလဲလဲ ရွတ်ချင်ခဲ့ပါသည်။ တကယ်တမ်းသာ သူမ ကလေးဆန်တယ်ဆိုရင် တစိမ်းတွေရဲ့ အလည်မှာ သူမကို ဘာလို့များ စိတ်ချလက်ချ အဆွေးတွေ တပြုံတမနှင့် သူထားရက်ခဲ့ပါလိမ့်။
……………………………………………………………
မမ…
အခန်းဝဆီမှ ခေါ်သံနှင့်အတူ သူနာပြုဆရာမလေး အေမီရောက်လာတာမို့ ဟန်ကိုယ့်ကာ နားစွင့်ရင်း။။။
မမ…
ခွဲခန်းအသင့်ဖြစ်ပါပြီ။ မေ့ဆေးဆရာဝန်က မမ ကို အကြောင်းကြားခိုင်းပါတယ်ရှင်။
“အော်… အေး ။ စလို့ရပြီ် ပြောပေးပါ အေမီရယ်။ ”
သူမမျက်ရည်စတို့ ကို ခပ်သွက်သွက်သိမ်းကာ လက်ဆေးခန်းဆီသို့ ဦးတည်ရင်း စိတ်အစဉ်တို့ကို ပြန်လည် စုစည်းနေလိုက်သည်။ ဆောင်းည တို့ကို သူမကြုံရလေတိုင်း မကျက်နိုင်သည့် ဒဏ်ရာတွေကို သူမဘယ်လိုများကုရမလဲ ဆိုတာ သူမ မသိနိုင်သေးသ၍ တော့ သူမရဲ့ ဆောင်းည ဒဏ်ရာတွေက ရင်းနေဦးမှာပဲ မဟုတ်လား ။
“ဟင်း…”
ဆွေးမြေ့စရာ အတိတ်တွေကို ခွဲခန်းဝမှာ ချိတ်ထားခဲ့ရင်း သူမ ခွဲခန်းကလေးဆီသို့ ခြေလှမ်းသွက်သွက် ဖြင့်ဝင်ခဲ့လိုက်တော့ စောစောက ငိုရှိုက်နေသူလို့ မထင်ရလောက်အောင် သူမက ခွဲစိတ်ဆရာဝန်တစ်ယောက်၏ မာန်အပြည့်နှင့်။
စွန့်လွှတ်ခံရခြင်းရဲ့ နောက်ဆက်တွဲအဖြစ် သူမပိုင်ဆိုင်ခဲ့ရတာတွေ ထဲမှာ ဒါဏ်ရာတွေ ဗရပွနဲ့ လှပနေနိုင်ခဲ့သည့် သူမရဲ့ နှလုံးသားလေးနဲ့အတူ သူမ လူနာတွေအတွက် မေတ္တာတွေ ပေးဖို့ အချိန် ပိုနိုင်ခဲ့သည်ဟု ဆိုလာခဲ့ပါလျှင် အဲဒီဖြစ်တည်မှုအတွက် သူမကို ဒါဏ်ရာပေးခဲ့သူကိုသာ တိတ်တဆိတ် ကျေးဇူးတင်ချင်မိပါသည်။
မွန်းသက်ပန် (ဆေး ၁)




ဆက်ဖတ်ရန်...

ဖေဖေက သူမကို နေတစ်စင်းဖြစ်စေချင်ခဲ့ပေမယ့် သူမကတော့ ဖေဖေ့ကြောင့်လင်းတဲ့ လတစ်စင်းပဲ ဖြစ်ချင်ခဲ့တယ်။

 

© 2007 IngridGrey By Arephyz